သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင်စစ် နှစ်ပတ်လည် ဆုတောင်းပွဲ တားဆီးခံရ


ကချင်စစ်ပွဲ (၇)နှစ်ပြည့်ဆုတောင်းခြင်းအခမ်းအနားမြင်ကွင်း။ (ဓာတ်ပုံ- Kachin Youth Movement FB)

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရေးအပါအဝင် အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အဖြစ်ကို နိုင်ငံတကာက ဝေဖန်နေချိန်မှာပဲ ကချင်စစ်ပွဲ (၇)နှစ်ပြည့်ဆုတောင်းခြင်းအခမ်းအနားတွေကို အာဏာပိုင်တွေဘက်က ဒီကနေ့ထပ်ပြီး တားမြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားက မနောကွင်းက အခမ်းအနားမှာ အာဏာပိုင်တွေဘက်က ဖိအားပေးတားမြစ်ခဲ့သလို ရန်ကုန်မှာလည်း ကျင်းပခွင့်မပြုခဲ့ပါဘူး။ ကချင်ပြည်နယ်တွင်း တကျော့ပြန် စစ်ပွဲတွေ ဖြစ်ပွားလာတာ ၇နှစ်ကြာမြင့်လာပြီဖြစ်ပေမဲ့ အခုချိန်အထိ စစ်မီး မငြိမ်းနိုင်သေးတဲ့အတွက် ကချင် စစ်ပြေးဒုက္ခသည်တွေမှာ အခုအချိန်အထိ နေရပ်ရင်း မပြန်နိုင်ကြ သေးသလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဒီကနေ့ အထိ မကုစားနိုင်သေးဘူးလို့ ကချင် ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံတပ်ဖွဲ့ KIA နဲ့မြန်မာအစိုးရတပ်တို့ကြား ၂၀၁၂ ဇွန်လ (၉) ရက်နေ့ကစပြီး တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာ ဒီနေ့ ဇွန်လ (၉) ရက်နေ့ဆိုရင် ၇ နှစ်တိုင်လာပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ စစ်မီးက မငြိမ်းနိုင်သေးဘဲနဲ့ ကချင်ပြည်သူ တသိန်းကျော်လောက် နေရပ်ရင်းတွေကိုစွန့်ခွာပြီး စစ်ဘေးကတိမ်းရှောင်ခဲ့ကြရတာ အခုချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကချင်စစ်ပွဲ (၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းမှာ စစ်ရှောင်ပြည်သူတွေရဲ့ ဆုတောင်းခြင်း အစီအစဉ်ကျင်းပခဲ့ပြီး ကချင်ပြည်သူထောင်ချီတက်ရောက်ခဲ့ပါတယ်။

ဒီကနေ့မနောကွင်းမှာပြုလုပ်တဲ့ ကချင်စစ် (၇) နှစ်ပြည့် ဆုတောင်းခြင်းအခမ်းအနားမှာ ကချင်စစ်ပြေးဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ် အပျက်တွေကို စစ်ပြေး ဒုက္ခသည်တွေက ဖော်ကျုးတင်ဆက်တဲ့အစီအစဉ်လုပ်ချိန်မှာပဲ အာဏာပိုင်တွေဘက်က အင်အားသုံး တားမြစ်ခဲ့တယ်လို့ ကချင်စစ် (၇) နှစ်ပြည့်အခမ်းနားမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကချင်လူငယ်အဖွဲ့က ကို Lum Zawng က ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

“ပြည်သူတွေကနေ ငြိမ်းချမ်းစွာစုဝေးပြီးမှ နိုင်ငံသားတယောက်အနေနဲ့ မူလအခြေခံ အခွင့် အရေးဖြစ်တဲ့ လွတ်လပ်စွာစုရုံးပြီးမှ လွတ်လပ်စွာလုပ်ဆောင်ဖို့ ကျနော်တို့ ကချင်လူထု အလွှာပေါင်းစုံပါဝင်ပြီးမှ မြစ်ကြီးနားမြို့မှာ လူ ခန့်မှန်းခြေ ၃ ထောင် အထက်လောက် ရှိမယ်လို့ ခန့်မှန်းတယ်။ လူထုနဲ့ စုပေါင်းခြင်း ceremony ပေါ့နော်၊ အခမ်းအနားလုပ်ဆောင်မှုကို ကျနော်တို့လုပ်ဆောင်ခဲ့တာပါ။ အဲဒီနေရာမှာ တားဆီးမှုတွေ လုပ်တယ်ဆိုတော့ အထူးသဖြင့် ကျနော်တို့ လူငယ်တွေ- သရုပ်ပြ ပြဇာတ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ ပညာပေးပြဇာတ်၊ တကယ် ရွာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို သရုပ်ပြ ပြဇာတ် ပညာပေးလုပ်ဆောင်တဲ့ဟာကို ကျနော်တို့ အကြိမ်ကြိမ်တားဆီး ခြိမ်းခြောက်ခံ ရတာပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ သူတို့က လုံးဝ ခွင့်ပြုမှုမရှိဘူး၊ လုံးဝ မလုပ်ဆောင်ဖို့ အတွက် ဖိအားတွေပေးတယ်။ ဆိုတော့ ဘာအကြောင်းနဲ့ ခွင့်မပြုသလဲဆိုတာက တိကျ ခိုင်မာတဲ့အကြောင်းပြချက်က မပေးဘူး။ ဆိုတော့ သရုပ်ပြတဲ့ ပြဇာတ်တောင်မှ အခုလောက် အထိဆိုတော့- သရုပ်ပြတဲ့ပြဇာတ်အဆင့်တောင် မပြနိုင်တဲ့ငြိမ်းချမ်းရေးက ဘာလဲ-ပေါ့နော်။ ကျနော်တို့ လူထုရှေ့မှာ ရဲအင်အား အယောက် ၁၀၀ ကျော်လောက်၊ ကချင်ပြည်နယ် ရဲမှူးကြီးကိုယ်တိုင်ရောက်ရှိပြီးမှ ရဲအင်အားအလွှာအဆင့်ဆင့် ခရိုင်၊ မြို့နယ် အားလုံးလာပြီးမှ လာပြီးမှ ခြိမ်းခြောက်ပြီးမှ ဖိအားပေးတာပေါ့နော်၊ ဒါကို ချက်ခြင်းရပ်ဖို့အတွက်။ ဒီလို ပြောလာတယ်။ ဒီ အခမ်းအနား လုပ်ဆောင်နေတဲ့အချိန်မှာ တပ်မတော်ရဲ့တင့်ကားနှစ်စီး၊ စစ်ကားသုံးစီးလောက်နဲ့ ကျနော်တို့မြစ်ကြီးနားမြို့ကို ပတ်ပြတယ်ပေါ့နော်။ မနောကွင်းဘေးနားမှာလည်း သူတို့က အချက်ပြတာပေါ့နော်။ အဲလိုမျိုး လုပ်ဆောင်တဲ့လက္ခဏာက မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှုက တော်တော်လေး ကျဆင်းလာနေတယ်လို့ သုံးသပ်ပါတယ်။”

အလားတူ ရန်ကုန်မြို့မှာကျင်းပပြုလုပ်မယ့် ကချင်စစ်ပွဲ(၇)နှစ်ပြည့် စစ်မှန်တရားမျှတသည့် ငြိမ်းချမ်းရေးဆီ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ဘေးသင့်ပိတ်မိ ပြည်သူတွေရဲ့ ရင်ဖွင့်သံ အခမ်းအနား ပြုလုပ်ကျင်းပခွင့်ကိုလည်း အာဏာပိုင်တွေဘက်က ခွင့်မပြုဘဲ တားဆီးပိတ်ပင်ခဲ့ တာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ပြောင်းလဲချိန်တန်ပြီ အစိုးရဟာ ပြည်သူနဲ့အတူဆိုတဲ့ ဆောင်ပုဒ်လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် ဒီလိုမျိုး ငြိမ်းချမ်းရေးကိုသွေဖီတဲ့ လမ်းကြောင်းကိုလျှောက်လှမ်းနေတာကတော့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူကို Lum Zawng က သုံးသပ်ပါတယ်။

“ကချင်ပြည်နယ်မှာစစ်ဖြစ်တာ အခုဆိုရင် ၇ နှစ်လောက် အထိ ရောက်သွားပြီ။ အိုးအိမ်တွေသော်လည်းကောင်း၊ တိရိစ္ဆာန်တွေသော်လည်းကောင်း စွန့်ပစ်ပြီးမှ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတာ အခု ရှစ်နှစ်၊ ဆယ်နှစ်ဘက်ကို မျက်နှာမူနေပြီပေါ့နော်၊ နိုင်ငံတော်အစိုးရအနေနဲ့ အခု မြန်မာပြည်ကို ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်တယ်ပေါ့နော်၊ ပြီးရင် တဘက်မှာ၊ ကချင်ပြည်နယ်မှာသော်လည်းကောင်း၊ ရှမ်းပြည်နယ်မှာသော်လည်းကောင်း ကျနော်တို့က စစ်ဖြစ်ပွားနေတဲ့အချိန်အခါလည်း ဖြစ်တာပေါ့နော။ ..ဆိုတော့ ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ အများကြီးဖြစ်စေချင်တယ်။ လုပ်ဆောင်ချင်တယ်။ ..ဆိုတော့ ကျနော်တို့က စားပွဲပေါ်မှာတောင် မပြောနဲ့အုံး။ လူထုရဲ့ဆန္ဒပါဝင်မှုဆိုတာ၊ ငြိမ်းချမ်းရေးဆိုတာ လူထုရဲ့ဆန္ဒ ပါဝင်မှု မရှိနိုင်တဲ့ ဒီ ငြိမ်းချမ်းရေးဟာ ဘယ်သူ့ရဲ့ ငြိမ်းချမ်းရေးလဲ၊ ပြည်သူရဲ့ငြိမ်းချမ်းရေးလား၊ ဒါမှမဟုတ် ဘယ်သူ့ရဲ့ငြိမ်းချမ်းရေးလဲဆိုတာ ကျနော်တို့ ပြည်သူတွေက ကချင်ပြည်သူတွေကနေ မေးခွန်းထုတ်ရမယ့်အရာတွေ ဖြစ်လာတာပေါ့နော်။”

ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့ပေါင်း (၉) ဖွဲ့ စုဖွဲ့ထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ Joint Strategy Team (JST) ကလည်း စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ ဒီကနေ့ ကချင်စစ်ပွဲ (၇) နှစ်ပြည့်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး IDP စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေ ရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရောက်အောင် ဆောင်ရွက်ပေးဖို့ လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးဖို့စတဲ့ အရေးပေါ်တောင်းဆိုချက်တွေကို တောင်းဆိုထားပါတယ်။ နှစ်ရှည် ထွက်ပြေး တိမ်းရှောင်နေကြရဆဲ စစ်ပြေးဒုက္ခသည်တွေအပါအဝင် လတ်တလော စစ်ရေး တင်းမာမှုတွေကြောင့် ကချင်ပြည်နယ် တနိုင်း၊ အောင်လော့ဒ် ၊ မိုင်ဂျာယန်၊ ကေအိုင်အို ဌာနချုပ် အနီး လိုင်ဇာနားက ဒေသခံစစ်ပြေးဒုက္ခသည်တွေ ထောင်ချီ ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့ကြား အပြင်းအထန် ဖြစ်ပွားနေဆဲ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများ ရှိ စစ်ဘေးရှောင်စခန်း ၁၆၇ ခုမှာ စစ်ဘေးရှောင်ပြည်သူပေါင်း ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်တယ်လို့လည်း ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့က ထုတ်ပြန်ပါတယ်။ အစိုးရဘက်ကတော့ ပြည်နယ် (၄) ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း တသိန်းခြောက်သောင်းကျော် နေထိုင်တဲ့ IDP စခန်းပေါင်း ၁၄၀ ကျော်ကို နိုင်ငံတော် အစီအစဉ် နဲ့ပိတ်သိမ်းဖို့ ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောဆိုထားပေမဲ့လို့ နယ်မြေမအေးချမ်းနိုင်သေးတဲ့ အတွက် ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး ကူညီပေးနေသူတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ကချင်စစ် နှစ်ပတ်လည် ဆုတောင်းပွဲ တားဆီးခံရ
please wait

No media source currently available

0:00 0:05:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG