သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IDP စခန်းတွေ ပိတ်သိမ်းမယ့်အစီအစဉ် ကူညီရေးအဖွဲ့တွေ လက်မခံ


ကချင် IDP စခန်းတခု
ကချင် IDP စခန်းတခု

ပြည်နယ်(၄)ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း တသိန်းခြောက်သောင်းကျော်နေထိုင်တဲ့ IDP စခန်းပေါင်း ၁၄၀ကျော်ကို နိုင်ငံတော်အစီအစဉ် နဲ့ပိတ်သိမ်းဖို့ ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အခုအချိန် တိုင်းရင်းဒေသတွေမှာ စစ်ရေးတင်းမာနေဆဲမို့ IDP ဒုက္ခသည်တွေအတွက် ဒေသတွင်း လုံခြုံရေးက စိုးရိမ်စရာအနေအထားဖြစ်နေဆဲဖြစ်ပြီး IDP တွေအတွက် ဘေးကင်းလုံခြုံမှု သူတို့ရဲ့ လူမှုဘဝတွေထဲ ပြန်လည်ဝင်ရောက်တဲ့ ဘဝအာမခံချက်ပေးနိုင်တဲ့အနေအထား အဆင်သင့်မဖြစ်သေးဘဲတော့ IDP စခန်းတွေကို ပိတ်သိမ်းပစ်ဖို့အစီစဉ်က မဖြစ်သင့်သေးဘူးလို့ IDPတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်က ဦးဆောင်ပြီးတော့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်နယ်(၄)ခုမှာရှိတဲ့ မြို့နယ် ၁၅မြို့နယ်က IDP စခန်းပေါင်း ၁၄၀ကျော်ကို ပိတ်သိမ်းနိုင်ရေး နိုင်ငံတော်အစီအစဉ်နဲ့ ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၂ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ IDP စခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားတာ ကြာမြင့်နေပြီဖြစ်တဲ့ IDP စခန်း ၁၄၀ကျော်ထဲမှာ IDP ပေါင်းက တသိန်းခြောက်သောင်းကျော် နေထိုင်နေကြတာဖြစ်ပြီး ဒီ IDP စခန်းတွေကို ပိတ်သိမ်းနိုင်ရေး နိုင်ငံတကာနဲ့ပူးပေါင်းပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်သွားဖို့ မူဝါဒတွေ အစီအစဉ်တွေ ရေးဆွဲပြီး အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောခဲ့တာပါ။

ဒါပေမဲ့ ဒီလိုမျိုး စခန်းတွေထဲ နေထိုင်နေရတဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကနေ ဘေးလွတ်ရာ တိမ်းရှောင်နေရသူ IDPတွေအနေနဲ့ စခန်းတွေပိတ်သိမ်းခဲ့လို့ ပြန်လည်နေရာချထားပေးဖို့ အစီအစဉ်တွေကရော သူတို့အတွက် တကယ်ဘေးကင်း လုံခြုံစိတ်ချရတဲ့ အနေအထားဖြစ်နေပါပြီလား- လူနေမှုဘဝတွေထဲ ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ခိုင်မာတဲ့ဘဝ အာမခံချက်တွေ ရှိနေပြီလား ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ IDP ကချင်ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကို Lum Zawng ကပြောပါတယ်။

"ဒီနိုင်ငံတော်အစိုးရအနေနဲ့ IDP စခန်းတချို့ကို ဖျက်သိမ်းဖို့လုပ်ဆောင်တာက တဖက်ကပြောမယ်ဆိုရင် ကောင်းသလိုလိုနဲ့ ဒါက တကယ့်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့အရာမဟုတ်ပါဘူး ။ ဆိုတော့ အရေးကြီးတဲ့အရာကတော့ တိုက်ပွဲတွေ ငြိမ်းချမ်းရေး ကိုဦးစားပေးမှုမဟုတ်ပဲနဲ့ IDP တွေကို Target ထားပြီးလုပ်ဆောင်နေတာ ကျနော်တို့ဒေသခံတွေက ဒါကို မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ပထမဦးဆုံးနိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကတော့ ဒေသခံပြည်သူလူထုကို ၎င်း ၊ ဒေသမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေကို အမုန်တကယ်တိုင်ပင်ပြီးမှ ဆွေးနွေးပြီးမှ ဘယ်လိုမျိုးခံစားနေရသလဲ ဘယ်လိုမျိုး ရင်ဆိုင်နေရသလဲ အမုန်တကယ်ရော ဒီလိုစစ်ရှောင်ပြည်သူတွေက မိမိဒေသမှာ တကယ်လုံခြုံပြီလား ၊ ကျနော်တို့နေရာတွေမှာ စစ်တပ်တွေမရှိတော့ဘူးလား။ ဒီဘက်မှာ ထိုးစစ်ဆင်မှုတွေကို လုံခြုံရေးခေါင်းစဉ်နဲ့ စစ်သားတွေ မလာတော့ဘူးလားဆိုတာကို ၂ ဖက်ဆွေးနွေးတိုင်ပင်ပြီးမှမလုပ်ဆောင်ပဲနဲ့ နိုင်ငံတော်အစိုးရက သူထင်သလို ကျနော်တို့ ဗဟိုအစိုးရနဲ့ ဒီလိုလုပ်ဆောင်တယ်ဆိုတာက ဒေသခံတွေအတွက်က တော်တော်လေး စိုးရိမ်စရာဖြစ်နေတာပဲနော်။"

အလားတူပဲ IDP ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းနိုင်ဖို့အတွက် IDP တွေရဲ့ သဘောဆန္ဒ သူတို့ရဲ့ စိုးရိမ်ပူပင်မှုတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်ရေး ရေရှည်ဆောင်ရွက်မှုတွေအတွက် ဒုက္ခသည်တွေရဲ့ သဘောထား IDP တွေကို ကူညီကယ်ဆယ်ပေးနေသူတွေရဲ့ အကြံပြုချက်တွေကိုလည်း အရင်ဆုံး ကွင်းဆင်းလေ့လာမေးမြန်းသင့်ပါတယ်လို့ IDP အရေးဆောင်ရွက်ပေးနေသူ ဒေါ်မေရီတွမ်ကလည်းပြောပါတယ်။

"တကယ်ပဲ အခုလက်ရှိဒုက္ခသည်စခန်းမှာရှိနေတဲ့ IDP တွေက ကိုယ့်ဒေသကိုပြန်ဖို့ဆိုရင် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့နည်းနဲ့ ပြန်ဖို ဖြစ်ဖို့လိုတယ်ပေါ့နော်။ အခုဒီလက်ရှိအခြေအနေဆိုရင် ဘယ်လိုမှ ဒီလိုအစီအစဉ်လုပ်ဖို့ကတော့ ဘယ်လိုမှ ဖြစ်နိုင်သေးတဲ့အခြေအနေမရှိသေးဘူးပေါေ့နာ်။ အကယ်၍ပြန်မယ်ဆိုရင် ကျမတို့တွေ ကာကွယ်စောင့်ရှောက်မှုပေါ့နော် Safety Protection သူတို့အတွက် ကာကွယ်စောင့်ရှောက်မှု လုံခြုံမှုက အဓိကဖြစ်တယ်။ နောက် ၂ အနေနဲ့ကျတော့ မိုင်း risk ပေါ့နော် ။ မိုင်းအန္တရာယ်ပေါ့နော် အဲဒါအရမ်းအရေးကြီးတယ်။ သူတို့ နေရပ်ပြန်မယ်ဆိုရင် ကျမတို့ လူကယ်ပြန်အနေနဲ့ ဒီလိုလုပ်မယ်ဆိုရင် Fund တွေ Volunteer တွေ IDP တွေ သူတို့ကိုယ်တိုင်ပါဝင်ပြီး တိုင်ပင်ဆွေးနွေးမှု အဆင့်ဆင့်လုပ်ပြီးမှ လုပ်ရမှာဖြစ်တယ် တဖက်သက် အစိုးရအနေနဲ့ဖျက်သိမ်းမယ်ဆိုရင် ဒါက ဘယ်လိုမှ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ချိုးဖောက်ပြီးသားဖြစ်တယ်။ လူ့အခွင့်အရေးလည်းချိုးဖောက်တယ် ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့အခြေအနေတွေ ဖြစ်တယ်။"

ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ IDP တွေ ဘယ်လိုပေါ်ပေါက်လာရသလဲ ဘာကြောင့် IDP စခန်းတွေ ဖွင့်လှစ်ခဲ့ကြရပါသလဲဆိုတဲ့ အခြေခံအကြောင်းရင်းတွေကို သိဖို့လိုပြီး ဒီ IDP ဖြစ်ပေါ်လာရတဲ့ အဓိက အကြောင်းဖြစ်တဲ့ တိုင်းရင်းဒေသတွေကို တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံးရပ်ဆိုင်းအောင် အရင်ဦးစားပေးဖြေရှင်းဖို့လိုတယ်လို့လည်း ကို Lum Zawng ကပြောပါတယ်။

"တပ်မတော်ရဲ့ ဒီလိုမျိုး ထိုးစစ်ဆင်မှုတွေ၊ တိုက်ပွဲတွေကို ဒီလိုမျိုး ချုပ်ငြိမ်းပြီးမှ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်ဆင်ရေးတွေကို ချုပ်ငြိမ်းပြီးမှ ဒီ IDP ကိစ္စကို လုပ်ဆောင်ရမယ်။ တိုက်ပွဲတွေဖြစ်မှတော့ စစ်ရှောင်တွေ ဒုက္ခသည်တွေက ဒုက္ခရောက်မှာပဲ။"

အခုဆိုရင်တော့ ကချင်ပြည်နယ် ဗန်းမော်ဒေသက IDP ဒုက္ခသည်စခန်းနဲ့ တချို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ IDPတွေရဲ့ မိသားစုကိုယ်ရေးအချက်အလက်တွေကို စတင်ကောက်ခံရယူနေပြီဖြစ်ပြီး-စခန်းပိတ်သိမ်းနိုင်ရေး ဒုက္ခသည်တွေ ပြန်လည်နေရပ်ရင်းပို့ဆောင်ရေး စတင်စီစဉ်နေပြီဖြစ်တယ်လို့ ဒုက္ခသည်ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ မဟာဗျူဟာစီမံချက်နဲ့ IDP စခန်းတွေကို ပိတ်သိမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ IDP စခန်းတွေမှာ IDP တစ်သိန်းကျော်လောက် ရှိနေတယ်လို့ အစိုးရဘက်က စာရင်းထုတ်ပြန်ထားပေမဲ့ အခုလက်တလော တိုက်ပွဲတွေကြောင့်ပါ နေရာဒေသအသီးသီးမှာ တိမ်းရှောင်နေရတဲ့ IDP ဦးရေက ဒီ့ထက်မက သိန်းချီရှိနေဆဲဖြစ်တယ်လို့လည်း IDP တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG