သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်တွေ အကူအညီရရှိရေး မြန်မာလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း


ကချင်ပြည်နယ်မှ ဒုက္ခသည်များ

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIAတို့ တိုက်ပွဲကြောင့် မြို့နယ်အသီး သီးမှာတိမ်းရှောင်လာတဲ့စစ်ရှောင်ဒုက္ခသည်တွေကို အစိုးရကနေ ထိရောက်စွာအကူညီပေးသွားဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ မနေ့ကကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ရဲ့ကွင်းဆင်းတွေ့ရှိချက်အရ စစ်ရှောင်စခန်းတွေမှာ စားသောက်နေထိုင်ရေးမှာ အခက်ခဲရှိနေသလို ကလေးတွေပညာသင်ကြားရေးမှာ ပြဿနာရှိနေတယ်လို့လဲ တာဝန်ရှိသူတွေကဆိုပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ မိုးကောင်း ကားမိုင်း ၀ိုင်းမော် မြစ်ကြီးနား တနိုင်းစတဲ့ စစ်ရှောင်စခန်းတွေကို ကိုယ်တိုင်သွားရောက်ပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့အပြီး စစ်ရှောင်တွေကို ကူညီဖို့လိုအပ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူဦးယုလွင်အောင်က ပြော ပါတယ်။

"ကျွန်တော်က ပထမရက်က မိုးကောင်းနဲ့ကားမိုင်းပေါ့။ အဲဒီမြို့နယ်က စစ်ရှောင်စခန်း (၄)ခုလောက် သွားခဲ့ပါတယ်ဗျ။ နောက်တရက်ကျတေဆာ့ မြစ်ကြီးနားနဲ့ဝိုင်းမော် မြစ်ဆုံဒေသမှာရှိတဲ့စစ်ရှောင်စခန်း (၄)ခုလောက် ကျွန်တော်သွားခဲ့ပါ တယ်ဗျ။ အားလုံးကိုခြုံပြောရရင်တော့ စစ်ရှောင်စခန်းတွေရဲ့အနေအထားဟာ စားရေးသောက်ရေးလဲ အခက်ခဲတွေ့ ပါတယ်။ အခက်ခဲတွေ သိအောင်လည်း သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒါကိုကြည့်ရှုပြီးတော့ ဒါကိုထောက်ပံ့ပေးဖို့ နောက်တခုကပြည်တွင်းပြည်ပက အလှူရှင်တွေရှိပါတယ်။ ဒီအလှူရှင်တွေက လှူချင်တယ် ဆိုရင်လဲ ဒါကိုအဆင်ပြေအောင် စီစဉ်ပြီးတော့မှ ဒီဒုက္ခသည်တွေဆီ လက်ထဲရောက်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ ဆိုပြီး ကျွန်တော်တို့မေတ္တာရပ်ခံထုတ်ပြန်ချက်တခု ထုတ်ထားပါတယ်။"

ကချင်စစ်ရှောင်စခန်းတွေမှာနေထိုင်ရေးကြပ်တည်းနေပြီး သောက်သုံးရေမသန့်ရှင်းမှု ဆောက်လုပ်ထားတဲ့ နေအိမ် အဆောက်အဦး၊ အိမ်သာတွေဟာ လူဦးရေ လုံလောက်မျှတမှုမရှိခြင်း၊ ကျန်းမာရေးပြဿနာတွေ ပညာရေးနဲ့သက်ဆိုင် တဲ့ ပြဿနာတွေ တွေ့ကြုံနေရတယ်လို့ ဦးယုလွင်အောင်ကဆိုပါတယ်။

စစ်ရှောင်မိသားစုတွေအနေနဲ့ ကလေးတွေရဲ့ပညာသင်ကြားရေးတွေ မှာအခက်ခဲတွေရှိနေတဲ့အခြေအနေကိုတော့ ဦးယုလွင်အောင်ကဆက်ပြောပါတယ်။

"ကလေးတွေရဲ့ပညာရေးနဲ့ပက်သက်လို့ကတော့ သူတို့က တောကျောင်းမှာနေလာခဲ့တဲ့ကလေးတွေဆိုတော့လေ။ ဒီမြို့ပေါ်ကကျောင်းမှာတက်တဲ့အခါမှာ စာမလိုက်နိုင်တာတို့ ဘာသာစကားအခက်ခဲဖြစ်တာတို့ အနှိမ်ခံရတာတို့ ဘာတို့ရှိပါတယ်။ နောက်တခုကကျောင်းတက်ရတာအခမဲ့ဖြစ်ပါတယ်။ သို့ပေမဲ့ကလေးတယောက် ကျောင်းတက်ဖို့ ဆိုတာ အဲတာတွေသူတို့တတွေမတတ်နိုင်တော့တဲ့အခြေအနေမှာ ရောက်နေပါတယ်။ နောက်တခုကအတန်းကြီးပေါ့ (၈)တန်း(၉)တန်း (၁၀)တန်းကျတော့ သူတို့ကရွာမှာနေတယ် ကလေးတွေကိုမြို့မှာပို့ထားပြီးတော့ ဘော်ဒါဆောင် ထား ကျောင်းတက်ခိုင်းတော့ ဒီလိုလုပ်တဲ့နေရာမှာ ဘော်ဒါခတို့ ကျူရှင်ခတို့ကျတော့ သူတို့ကရွာက ၀က်တို့ နွား တို့ရောင်း စပါးတွေရောင်း အသီးအရွက်တွေရောင်း ရတဲ့ပိုက်ဆံနဲ့သားသမီးတွေကိုထောက်ပံ့တာပါ။ အခုတော့ သူတို့ကိုယ်တိုင်တိုက်ပွဲရှောင်စခမ်းကိုရောက်တာဖြစ်တဲ့အတွက် စီးပွါးကမရှာနိုင် တောင်ယာကမစိုက်နိုင် တိရိစ္ဆာန် တွေကလဲသူတို့နဲ့တခြားစီဖြစ်ဆိုတော့ ကလေးတွေကိုထောက်ပံ့ဖို့မပေးနိုင်တော့ ကလေးကိုကျောင်းပြန်ထုတ်ရမဲ့ အနေအထားမျိုး အဲဒီလိုခက်ခက်ခဲခဲတွေ့နေရပါတယ်။"

သူတို့ရဲ့နေရပ်ရင်းတွေမှာ တပ်မတော်နဲ့KIAတိုက်ပွဲတွေဖြစ်ပွါးနေတဲ့ အခြေအနေတွေရယ် အိမ်မွေးတိရိစ္ဆာန် ဆန်စပါး ခြံလုပ်ငန်းတွေက အစစွန့်ပစ်ခဲ့ရတာကြောင့် စစ်ရှောင်တွေနေရပ်ပြန်ရေးအခက်တွေ့နေရတာပါ။

စစ်ရှောင်ဦးရေ(၁၂၀၀)ကျော်ရှိတဲ့ မိုးကောင်းမြို့နယ်၊ နမ္မတီးစစ်ရှောင်စခန်း အတွင်းအခြေအနေကိုတော့ စခန်း တာဝန်ခံဦးလဂျာကအခုလိုပြောပါတယ်။

"စစ်ရှောင်တွေကတော့ ကိုယ်ရပ်ကိုယ်အိမ်မှာနေသလိုတော့ အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒီမှာကလူအစုလိုက် နေရ တယ်ဆိုတော့ ဘားတိုက်နဲ့အဆောင်နဲ့နေရတယ်ဆိုတော့ ဖြစ်သလိုစား အစားအသောက်ကအစ နေရေး ထိုင်ရေး အကုန်လုံးပေါ့။ အဆင်ပြေတာတော့ရှိမှာမဟုတ်ဘုး။ သူတို့နေရပ်ပြန်ဖို့ကတော့ လောခောဆယ်ဆယ်တော့ မသေ ချာသေးဘူး။ မိုးတွင်းလဲဆိုတော့။ ဟိုဘက်မှာလဲ နှစ်ဖက်တပ်တွေရှိသေးတယ်ဆိုတော့ သူတို့ပြန်နိုင်ဖို့ဟာ နဲနဲတော့ ဝေးဦးမယ်ထင်တယ်။"

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ပြီးခဲ့တဲ့ ဧပြီလကစပြီး တိုက်ပွဲကြောင့် ကဆုန့် ကျေးရွာသားတွေဟာ နမ္မတီး လမ်းခွရွာရှိနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွေမှာစစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ကနေ KIAအခြေပြုရာဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တနိုင်းမြို့တွင်း ခရစ်ယာန် ဘုရားကျောင်းမှာ စစ်ရှောင်(၁၃၀၀)တိမ်းရှောင်နေရပါတယ်။

သူတို့တတွေကို အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကနေ ကုညီထောက် ပံ့မှုတွေရှိနေတယ်လို့ တနိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောပါတယ်။

"ပြီးခဲ့တဲ့ရက်တွေကတော့ ကျွန်တော်တို့ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးဆောင်ပြီးတော့ လာလာလုပ်ပေး သွား တာတော့ရှိပါတယ်။ အစုံပါဘဲ ဆန်ပါမယ်။ ဆီပါမယ်။ အ၀တ်အစားတွေပါမယ်ဗျ။ ပြည်နယ်တိုင်းဒေသကြီးက တော့ လူကယ်ပြန်ထောက်ပံ့တဲ့ပစ္စည်းတွေကို ပြည်နယ်ကလူမှုရေးဝန်ကြီးကဦးဆောင်ပြီးလာပေးတာပေါ့။ တိုက်ပွဲက တော့ အခုတော့မဖြစ်သေးဘူး။ အေးဆေူဖြစ်နေတယ်။ ဒါပေမဲ့ပြည်သူတွေကတော့ သူတို့နေရာကိုမပြန်ရဲသေးဘူး ပေါ့။ အဲဒီလိုအနေအထားဖြစ်တယ်။"

လက်ရှိစစ်ရှောင်စခန်းတွေရှိတဲ့ မိုးကောင်း ကားမိုင်း၊ ၀ိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်းစတဲ့ မြို့နယ်က စစ်ရှောင်စခန်းတွေ မှာ စုစုပေါင်းဦးရေလေးသောင်းကျော်ရှိနေပြီး ဒေသခံအကူညီပေးရေးအဖွဲ့တွေ အစိုးရပိုင်းကနေ ကူညီထောက်ပံမှု တွေပေးနေတယ်ဆိုပေမဲ့လုံလောက်မှုအားနည်းနေပါတယ်။ လက်ရှိ အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ရပ်တန့်နေတယ် ဆိုပေမဲ့ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်ရဲသေးသလို အစိုးရ တပ်မတော်အနေနဲ့သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်ဖတွေနှင့် အတူ အဲဒီကျေးရွာတွေကို သွား ရောက်ပြီး လုံခြုံမှု၊ စိတ်ချယုံကြည်မှုရရှိစေရေး ၊တောင်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်းလွတ်လပ်စွာသွားလာနေထိုင် နိုင်ရေး တို့ကို စီစဉ်ဆောင်ရွက်ပေးသင့် သလို လက်ရှိ အကောင်အထည် ဖော်နေတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမြန်ဖေါ်ဆောင်ဖို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကနေ မနေ့ကရက်စွဲနဲ့ တိုက်တွန်း ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG