သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းစစ်ပြေးဒုက္ခသည်များကယ်ထုတ်ရေး ဆန္ဒပြတောင်းဆို


မြစ်ကြီးနားမြို့တွင် စီတန်းလှည့်လည်ဆန္ဒ (Hkun Awng Nlam)
မြစ်ကြီးနားမြို့တွင် စီတန်းလှည့်လည်ဆန္ဒ (Hkun Awng Nlam)

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်ပယင်းမှော်ဒေသမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေနဲ့ မှော်တွင်းလုပ်သားတွေကယ်ထုတ်နိုင်ဖို့အတွက် ကချင်ဒေသခံတွေကနေ ဒီကနေ့မြစ်ကြီးနားမြို့မှာစီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။ ဒီဆန္ဒဖေါ်ထုတ်ပွဲကို အစိုး ရအနေနဲ့တားဆီးမှုမရှိပေမဲ့ ကြွေးကျော်သံတွေကိုတော့ စီစစ်ဖြတ်တောက်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် တွေကပြော ပါတယ်။ လက်ရှိတနိုင်းမှော်ဒေသအတွင်း ပိတ်မိနေသူ(၈၀၀)ခန့်ကျန်နေသေးတယ်လို့လဲ ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေး ပို့ထားပါတယ်။

တိုက်ပွဲဖြစ်ပွါးရာဒေသအတွင်းပိတ်မိနေတဲ့ စစ်ဘေးသင့်ပြည်သူတွေကိုကယ်ထုတ်နိုင်ဖို့ရည်ရွယ်ပြီးတော့ ဒီကနေ့ မနက် ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့မှာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါ်နန်ပူကပြောပါတယ်။

"အဓိကအကြောင်းအရင်းကတော့ တနိုင်းဒေသမှာလေ အပြစ်မဲ့တဲ့ပြည်သူက(၃)ဦးသေဆုံးတယ်။ (၅)ဦးပြင်းထန်စွာ ဒဏ် ရာရတယ်။ ဘယ်နှစ်ဦးဆက်ပြီးသေဆုံးလဲဆိုတာကျွန်မတို့မသိဘူး။ လူတွေရှိနေတဲ့ရွာမှာပေါ့နော် လက်နက်ကြီးတွေ ကျ တယ်။ လေယာဉ်နဲ့လက်နက်ကြီးတွေပစ်တယ်ပေါ့နော်။ ပြီးတော့ပိတ်မိနေတယ်။ အခု(၁၀၀၀)ကျော်ကျန်သေးတယ် ပိတ်မိ နေတာ။ တရက်ကိုနဲနဲနဲ့စစ်ပြီးမှလွှတ်တယ်လို့ကြားတယ်။ ဒီလိုပြည်သူတွေပိတ်မိနေတာကို အမြန်ဆုံးလွှတ်ဖို့ရန် အတွက်ကျွန်မတို့က နည်းအမျိုးမျိုးနဲ့ကြိုးစားပါတယ်။ ဝန်ကြီးချုပ်နဲ့တွေ့ဖို့အတွက်ကြိုးစားတယ်။ ဒါပေမဲ့အကြောင်း မထူးဘူး။ ကျွန်မတို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တွေ့ဖို့ကြိုးစားတယ်။ သူကလုံးဝအတွေ့မခံဘူး။ ရက်တွေက ကြာနေ တယ်ဆိုတော့ လူအင်အားနဲ့ပေါ့နော်ဆန္ဒပြဖို့အတွက်ကို သပိတ်မှောက်ဖို့အတွက်ကို ကျွန်မတို့စီစဉ်ရခြင်းဖြစ်တယ်ပေါ့ နော်။ အခုလမ်းလျှောက်နေတယ်။ လူကတော့(၅၀၀၀)ကျော်မယ်လို့ ကျွန်မတို့ခန့်မှန်းတယ်ရှင့်။"

ဒီကနေ့မနက်မှာပြုလုပ်ခဲ့တဲ့ စီတန်းလှည့်လည်ဆန္ဒဖေါ်ထုတ်ပွဲကို မြစ်ကြီးနားဒေသခံ(၅၀၀၀)ခန့်ကနေ စီတာပူမနော ကွင်းကနေစတင်ပြီး မြစ်ကြီးနားမြို့အတွင်းကို လှည့်လည်ခဲ့တာပါ။

ဒီဆန္ဒဖေါ်ထုတ်ပွဲမှာအာဏာပိုင်တွေအနေနဲ့ တားဆီးပိတ်ပင်တာမရှိပေမဲ့ ကြွေးကျော်သံတွေကိုတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ စီစစ်ဖြတ်တောက်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် ဒေါ်နန်ပူကပြောပါတယ်။

"တင်တဲ့အခါမှာကျွန်တို့ရဲ့ကြွေးကြော်သံပေါ့နော်။ သတ်မှတ်ပေးတယ်ရှင့်။ လေယာဉ်နဲ့ဗုံးကြဲခြင်းဆိုတာကိုမထည့်ခိုင်း ဘူး။ ပြည်သူကိုရက်စက်စွာသတ်ဖြတ်ခြင်းကိုလဲမထည့်ခိုင်းဘူးပေါ့နော်။ လူသားဒိုင်းပြုလုပ်ခြင်းဆိုတဲ့ဟာတွေက အဲတာ ဖျက်ပေးပါဆိုပြီးတော့ ရဲစခမ်းကအဲဒီလိုပြောတယ်။ ကျွန်မတို့ပါမစ်တင်တဲ့အခါမှာ။ တိုက်ပွဲကြောင့်ပိတ်မိပြည်သူများ ဘေးကင်းစွာနေရပ်ပြန်နိုင်ရေးဆိုပြီးအဲတာရတယ်။ သုံးချက်ဘဲရတယ်။"

တနိုင်းမြို့နယ် ပယင်းမှော်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်KIAတို့အကြား ဇန္နာ ဝါရီလကုန်ပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့မှော်လုပ်သား(၄၀၀၀)ကျော်ဟာ မှော်ဒေသ အတွင်းတိုက်ပွဲအစောပိုင်းကာလတွေမှာပိတ်မိနေတာပါ။

တနိုင်းမှော်ဒေသမှာပိတ်မိနေတဲ့ သူတွေကို မြန်မာ့တပ်မတော်ကနေစီစစ်ပြီးမှနေရပ်ပြန်ခွင့်ပြုနေတာကြောင့် လက်ရှိ ပိတ်မိနေသူ(၈၀၀)ခန့်ရှိနေသေးတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာကဆိုပါတယ်။

"အခုသူတို့က စမတ်ကနေပြီးတော့မှ ပေါက်ဝ ပေါက်ဝကနေပြီးမှတနိုင်းကို ထွက်မဲ့လမ်းမှာတပ်ကနေပြီးတော့မှ တနေ့ ကို နှစ်ရာ သုံးရာ လေးရာ အဲဒီမှာသူတို့စစ်ဆေးပြီးမှ သူတို့လွှတ်နေတာ။ လူပေါင်း(၄၀၀၀)ကျော်လောက်။ အခုသိရ သလောက်နောက်ဆုံးအခြေက (၈၀၀)လောက်ဘဲကျန်တော့တယ်လို့သိရတယ်ဗျ။"

တနိုင်းမှော်အတွင်းပိတ်မိနေတဲ့သူတွေဟာ အစားအသောက်နဲ့ကျန်းမာရေးဆိုင်ရာတွေမှာ အခက်ခဲရှိနေတယ်လို့ ဦးလမိုင်ဂွမ်ဂျာကဆိုပါတယ်။

မြန်မာ့တပ်မတော်ကနေ ကချင်လွတ်လပ်ရေးတပ်မတော်အခြေပြုရာ တနိုင်းမြို့နယ်ရွှေမှော်တွင်းဒေသဘက်ကို နယ် မြေရှင်းလင်းရေးလုပ်ဆောင်ရင်း နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးနေခဲ့သလို တိုက်ပွဲအတွင်း ဒေသခံတွေမှော်လုပ်သားတွေ ထိခိုက်သေဆုံးမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။

မှော်ဒေသအတွင်းကထွက်လာတဲ့ လုပ်သား(၃၀၀၀)ကျော်ဟာ နေရပ်ရင်းကိုပြန်သွားကြတယ်လို့ တနိုင်းစစ်ရှောင် စခမ်း တာဝန်ခံဦးဘရမ်ရှောင်ကပြောပါတယ်။

အလားတူကချင်ပြည်နယ် မန်စီမြို့နယ်ထဲက မိုင်းခေါင်ဒုက္ခသည်စခမ်းမှာလဲ တပ်မတော်ကနေ ဒုက္ခသည်စခမ်းနေ ရွာသား(၂)ဦးကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်က ပြောပါတယ်။

"သူတို့ကျွဲတွေသွားကျောင်းကြတယ်ဗျ။ အဲစစ်ကြောင်းဝင်ပြီးတော့ခေါ်သွားကြတာပေါ့။ ဟုတ် မြန်မာစစ်တပ်က။ ဘယ်တပ် နဲ့ပါသွားတယ်ဆိုတာမသိနိုင်ဘူးဖြစ်နေတယ်။"

ဇန်နဝါရီ ၃၁ ရက်မှာ မိုင်ခေါင်စစ်ရှောင် ဒုက္ခသည် စခန်း ၂ခုဖြစ်တဲ့ ကေဘီစီနဲ့ အာစီ စခန်း ၂ ခုက အသက် ၆၀ ကျော် အရွယ် ဦးဖေါ်ဂန့်ရော်နဲ့ အသက် ၃၀ အရွယ် ကိုနော်ဆန်းတို့နှစ်ဦးကို ရှေ့တန်းရောက် အစိုးရတပ်တခုက ဖမ်းဆီး သွားတာ ၅ ရက်ကြာသွားပြီ ဖြစ်ပေမဲ့ ဒီကနေ့အထိသတင်းအစအနမရရှိသေးသလို ကာယကံရှင်မိသားစုတွေကလဲ စိုးရိမ်နေကြတယ်လို့ဦးပီတာဘောက်နော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မနှစ်က မေ ၂၅ ရက်မှာ ခမရ ၃၁၉ ရှေ့တန်း စစ်ကြောင်းကနေ မိုင်ခေါင်ရွာစစ်ပြေးဒုက္ခသည်စခမ်းက ရွာ သား(၃)ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

မိုင်းခေါင်ဒုက္ခသည်စခမ်းကရွာသား(၃)ဦးကိုသတ်ဖြတ်မှုနဲ့ မြန်မာ့တပ်မတော်ကတပ်ရင်းမှူးအပါအဝင် အရာရှိစစ် သည် (၆)ဦးကို စစ်ခုံရုံးကနေ အလုပ်ကြမ်းနှင့် ထောင်ဒါဏ် ၁၀ နှစ်စီနဲ့ တပ်မတော် မှာရာသက်ပန်ထုတ်ပယ်တဲ့ အပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းမှာ NCAအပစ်ရပ်လက်မှတ်မထိုးနိုင်သေးတဲ့ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေနဲ့ မြန်မာ အစိုးရစစ်တပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၁၁ကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် သိန်းချီတဲ့ ဒေသခံ ကချင် ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။

XS
SM
MD
LG