သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်တွေကို နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့


ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ သုံးသောင်းနီးပါးကို နိုင်ငံသားစိစစ်ရေးကဒ် နဲ့ အိမ်ထောင်စုစာရင်း ထုတ်ပေးထားပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက ပြည်သူ့လွှတ်တော်မှာ ပြောဆိုပါတယ်။ ဒါဟာ ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်က နိုင်ငံသားစိစစ်ရေးကဒ် နဲ့ အိမ်ထောင်စုစာရင်း မရှိသူ စစ်ရှောင်တွေ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အဆိုတင် မေးမြန်းခဲ့တဲ့အပေါ် ရှင်းလင်းစဉ် ပြန်လည် ပြောဆိုတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

၂၀၁၈ခုနှစ်က ဖြစ်တဲ့စစ်ပွဲကြောင့် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က ပြည်သူ တွေဟာ မြစ်ကြီးနား ၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတွေကို တိမ်းရှောင် လာကြ ရတာဖြစ်ပါတယ်။

စစ်ရှောင်စခန်းကို ရောက်လာတဲ့ အင်ဂျန်းယန်မြို့နယ်က ပြည်သူတွေဟာ နိုင်ငံသား စိစစ်ရေးကဒ်နဲ့ အိမ်ထောင်စုစာရင်းမရှိတာကြောင့် တွေ့ကြုံရတဲ့ အခက်အခဲတွေ ကို အင်ဂျန်းယန် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က ပြည်သူ့လွှတ်တော်မှာ အခုလို တင်ပြပါတယ်။

“ ယခုအခါ နိုင်ငံသား စိစစ်ရေးကဒ်နဲ့ အိမ်ထောင်စုစာရင်းမရှိသူများသည် စစ်ရှောင်စခန်း မှ တစ်နေရာရာသို့ သွားရန် အလွန်ခက်ခဲနေကြောင်း၊ စစ်ရှောင်ရသည့် ဒုက္ခအပြင် ခရီးသွားလာရေးတွင် လည်းကောင်း၊ အထွေထွေလူမှုရေး ကိစ္စများတွင်လည်းကောင်း မည်သည့်အထောက်အထားမှ တင်ပြနိုင်ခြင်းမရှိသဖြင့် လူမှုစီးပွားရေးဘ၀တွင် များစွာ ခက်ခဲနေကြောင်း၊ နိုင်ငံသားဖြစ်ခြင်းနဲ့ တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ကာယကံရှင်များရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။”

အင်ဂျန်းယန်မြို့နယ် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ဒေသက ပြည်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်မီက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ယာယီနိုင်ငံသားကဒ်နဲ့ ယာယီ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးခဲ့ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့တဲ့နောက်မှာ ယာယီကဒ်တွေကို တရားမ၀င်ကြောင်းနဲ့ ကိုင်ဆောင်သူတွေကိုလည်းခြိမ်းခြောက်တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုပါတယ်။

ဒီလိုအခြေအနေကြောင့် စစ်ရှောင်ပြည်သူတွေအတွက် နိုင်ငံသားစိစစ်ရေးကဒ်နဲ့ အိမ်ထောင်စု စာရင်းရရှိဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာ ဦးလမာနော်အောင်က ဆက်လက်မေးမြန်းခဲ့ပါတယ်။

“ပြည်ထောင်စုမှ တိုင်းရင်းသားစစ်စစ် ဖြစ်ပါလျှက်နဲ့ ခွဲခြားကန့်သတ် ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ ပြန်လည်သုံးသပ်ပေးနိုင်ရန် နဲ့ အင်ဂျန်းယန် မြို့နယ်မှ မြစ်ကြီးနား စစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့ ပြည်သူများနဲ့ တိုင်းတပါးသား မဟုတ်သော စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည့် တိုင်းရင်းသားများ အတွက် နိုင်ငံသား စိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းကို မည်သို့ စီစဉ်ဆောင်ရွက်ပေး မည်ကို သိရှိလို၍ ပြည်သူ့လွှတ်တော် ဥက္ကဌမှ တဆင့် လေးစားစွာ မေးမြန်းအပ်ပါတယ်။”

ဒီမေးမြန်းမှုအပေါ်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ ကဖြေကြားရာမှာ

“ကချင်ပြည်နယ်အတွင်းမှာ နယ်မြေလုံခြုံရေးအရ ခေတ္တနေရပ် စွန့်ခွာရောက်ရှိနေတဲ့ စစ်ဘေးရှောင် စခန်း IDP camp များ စုစုပေါင်း ၈၉ ခုရှိပါတယ်။ အိမ်ထောင်စု ၈၁၃၁ စု။ လူဦးရေ ၄၁၀၀၉ ဦး ရှိပါတယ်။အဲဒီပြည်သူများကို စစ်ဘေးရှောင်စခန်းမှာ ရှိတဲ့ IDP camp မှာ ရှိတဲ့ ပြည်သူများကို ၀န်ကြီးဌာနအနေနဲ့ သစ္စာစီမံချက်နဲ့ နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ ဒီ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့အထိ ဆောင်ရွက်ထုတ်ပေးနိုင်မှုကတော့ စုစုပေါင်း လူဦးရေ ၂၉၃၅၁ဦး ရှိပါတယ်။ ”

အင်ဂျန်ယန်မြို့နယ်မှာ ဆောင်ရွက်ထားတဲ့အခြေအနေနဲ့ ကျန်ရှိနေသူတွေအတွက်လည်း ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ၀န်ကြီးဦးသိန်းဆွေ ကအခုလို ဆက်ပြောပါတယ်။

“ အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်နဲ့ ၀ိုင်းမော်မြို့နယ်သို့ ရောက်ရှိနေထိုင်တဲ့ ခေတ္တ နေရပ်စွန့်ခွာ သူများကို ယာယီအိမ်ထောင်စုနဲ့ လူဦးရေ စာရင်းများကိုလည်း ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့ နေရပ်လိပ်စာ မှန်ကန်ကြောင်း အတည်ပြုရရှိပြီးပါက တရားဝင် အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားထုတ်ပေးခြင်းကိုလည်းပဲ ဆက်လက် ဆောင်ရွက် သွားပေးမှာ ဖြစ်ပါတယ်။ ”

စစ်ရှောင်စခန်းမှာ ၆ လကျော် နေထိုင်တဲ့ မူလဒေသမှာ ယာယီအိမ်ထောင်စု စာရင်းရှိပြီး သူတွေကို တရားဝင် အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ထုတ်ပေးနေသလို အိမ်ထောင်စု စာရင်းမရှိသေးသူတွေ ကိုလည်း ယာယီ အိမ်ထောင်စုစာရင်းထုတ်ပေးတာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ နဲ့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ တရားဝင် အိမ်ထောင်စု လူဦးရေ စာရင်းနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကိုဆောင်ရွက်ပေးနေကြောင်းလည်း ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ၆လ အောက်နေထိုင်သူတွေနဲ့ တိုင်းရင်းသားမဟုတ်သူတွေကိုလည်း သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားကဒ် ထုတ်ပေးတာ၊ မှတ်တမ်းပြုစုထားရှိတာနဲ့ နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကဒ် NVC ထုတ်ပေးတာတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

အင်ဂျန်းယန်မြို့နယ်မှာ လူဦးရေစုစုပေါင်း ၈ထောင်ကျော်ရှိပြီး မြစ်ကြီးနားနဲ့ ၀ိုင်းမော် စစ်ရှောင် စခန်းကို ရောက်ရှိလာသူ ၃ထောင် ၄ရာနီးပါးရှိပါတယ်။ ဒီလို ရောက်ရှိ လာသူတွေ အနက်ကမှ နိုင်ငံသားစိစစ်ရေးကဒ် ၁၃၅ခု ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူရာမှာ အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာပေါင်း ၆၂ ရွာရှိတဲ့အနက် ကျေးရွာ ၈ ရွာသာ ကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG