မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာရေးဖို့ ၂၀၁၆ သြဂုတ်လမှာ ကော်မရှင်ဖွဲ့စည်းတာမို့ အခုဆိုရင် (၂) နှစ် ကျော်သွားပါပြီ။ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ စစ်အစိုးရနဲ့ တရုတ်တို့ ၂၀၀၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြစ်ဆုံအပြင် မေခနဲ့ မလိခမြစ်တွေမှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ မြစ်ဆုံအစီရင်ခံစာကို အခုထိ ဘာမှမထုတ်ပြန်နိုင်သေးပါဘူး။ မြစ်ဆုံကိစ္စ အချိန်ဆွဲနေရင် မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမယ့် တရုတ်ကုမ္ပဏီတွေ စိတ်ကုန်သွားနိုင်တယ်လို့ ကချင်ပြည်နယ်ကို ဒီဇင်ဘာလက သွားရောက်ခဲ့တဲ့ တရုတ်သံအမတ် ဟုန်းလျံ က သတိပေးလိုက်ပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားအတွက် မြစ်ဆုံစီမံကိန်းကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်အောင် အစွမ်းကုန်ကြိုးစားနေတယ်လို့ ဇန်နဝါရီလ (၁၂) ရက်နေ့ထုတ် တရုတ်သံရုံး Facebook မှာ မြန်မာဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်က ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်တာမျိုး၊ ကန့်ကွက်တာမျိုး၊ မလုပ်ကြကြောင်း ပြည်ပရောက်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကသာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြစ်ဆုံကို မကန့်ကွက်တဲ့ ကချင်နိုင်ငံရေးပါတီနဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း သံအမတ်ဟုန်းလျံက ချိးကျူးထားပါတယ်။
ဒါပေမဲ့ သံအမတ်ဟုန်းလျံနဲ့ တွေ့ဆုံခဲ့တဲ့ ကချင်နိုင်ငံရေးခေါင်းဆောင်တွေကတော့ မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း မပြောဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ တရုတ်သံအမတ်ရဲ့  ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ကချင်နိုင်ငံရေးပါတီ (၃) ပါတီက ကြေညာချက်ထုတ်ပြန်ပါတယ်။ တရုတ်သံအမတ်နဲ့ တွေ့ဆုံစဉ် မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း မပြောခဲ့ဘူးလို့ ကချင်ခေါင်းဆောင် Dr. Tuja က ဆိုပါတယ်။ တရုတ်သံအမတ်နဲ့ သီသန့်တွေ့ဆုံတဲ့ ကချင်နှစ်ချင်းအဖွဲ့ချုပ် Kachin Baptist Church ရဲ့  ဥက္ကဋ္ဌကလည်း မြစ်ဆုံကို ထောက်ခံကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။ အနောက်နိုင်ငံတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုသာ စိတ်ဝင်စားပြီး လက်တွေ့ကူညီမှု နည်းပါးကြောင်း ကချင်တိုးတက်ဖွံ့ဖြိုးရေးကို တရုတ်ကသာ စိတ်ရင်းအမှန်နဲ့ ကူညီနေတာလို့ ဟုန်းလျံ က ဆိုပါတယ်။
မြန်မာအသင်းအဖွဲ့နဲ့ နိုင်ငံရေးပါတီဝင်တွေကို တရုတ်ပြည်ကိုဖိတ်ခေါ်ပြီး ပြည်တွင်းမှာလည်း လက်ဆောင်ပစ္စည်း ပေးကမ်းနိုင်ရင် ပြောချင်တာ ပြောခွင့်ရှိတယ်လို့ ဟုန်းလျံ က ထင်နေပုံရပါတယ်။ NLD ပါတီကတော့ မြစ်ဆုံကိစ္စမှာ ပြည်သူနဲ့တသားတည်းရှိတယ်လို့ NLD ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် က ဇန်နဝါရီလ (၁၉) ရက်နေ့က တာချီလိတ်ခရီးစဉ်မှာ ပြောဆိုသွားပါတယ်။ NLD ပါတီဟာ ပြည်သူ့ပါတီဖြစ်တာမို့ ပြည်သူ့သဘောထားနဲ့ ဆန့်ကျင်တာမျိုးကို လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဗိုလ်သန်းရွှေအစိုးရနဲ့ တရုတ်ကုမ္ပဏီတို့အကြား ချုပ်ဆိုထားတဲ့စာချုပ်တွေကစပြီး ပြန်လည်ဆန်းစစ်နေရတာမို့ စီစစ်လေ့လာမှုမှာ ကြန့်ကြာနေရတာလို့ ဆိုပါတယ်။ တရုတ်သံအမတ် ဟုန်းလျံကတော့ ပေးနိုင်ကမ်းနိုင်ရင် ကိုယ်လိုချင်တာကို ရလိမ့်မယ်လို့ ယူဆနေပုံရပါတယ်။
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာပြီး ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တာကို တရုတ်က ကူညီနေပါတယ်။ နိုင်ငံတကာအသိုက်အဝန်းမှာ တရုတ်အစိုးရဟာ မြန်မာအစိုးရဘက်က ခိုင်မာစွာ ရပ်တည်ပေးနေတယ်လို့လည်း ဟုန်းလျံ က ဆိုပါတယ်။ NLD အစိုးရနဲ့ မြန်မာ့တပ်မတော်ကို အပြည်ပြည်ဆိုင်ရာမှာ ဝေဖန်ရှုတ်ချနေတုန်း တရုတ်က ကူညီထောက်ပံ့နိုင်ရင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တဆင့်မြှင့်ပြီး မြစ်ဆုံကို ပြန်စနိုင်လိမ့်မယ်လို့ တရုတ်ဘက်က တွက်နေပုံရပါတယ်။ လှူဒါန်းတာကို နှစ်သက်တဲ့ မြန်မာပြည်သားတွေ ကျေနပ်အောင် ငွေအားပစ္စည်းအားနဲ့ တရုတ်က ပေးကမ်းနေတာ ဖြစ်ပုံရပါတယ်။ တရုတ်-မြန်မာ စင်္ကြန်နဲ့ တရုတ်ရဲ့  ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ မြစ်ဆုံရေအား လျှပ်စစ်ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာပြည်က တရုတ်စီမံကိန်းအားလုံးဟာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့  သဘောတူညီချက်နဲ့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ အစိုးရအာဏာပိုင်တွေ ကျေနပ်ဖို့ကိုသာ တရုတ်ကုမ္ပဏီတွေ အဓိကထားကြပါတယ်။ ဒေသခံပြည်သူ့သဘောထား မပါဘဲ မြန်မာပြည်မှာ တရုတ်စီးပွားရေးလုပ်နေတာ အနှစ် (၃၀) ကျော်ပါပြီ။ အပြည်ပြည်ဆိုင်ရာ NGO အဖွဲ့တွေကလည်း သူတို့ လုပ်ချင်တာလုပ်နိုင်အောင် နေပြည်တော်ရဲ့  သဘောတူချက်ရဖို့ ကြိုးစားကြရပါတယ်။ ခါခါဘိုရာဇီ အမျိုးသားဥယျာဉ် တည်ထောင်မယ့်စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ရွာပေါင်းနှစ်ရာကျော်က ဆန္ဒပြတောင်းဆိုတာကိုကြည့်ရင် ဒေသခံပြည်သူလူထု သဘောထားကို အဓိကမထားကြတာ ထင်ရှားတယ်လို့ ဇန်နဝါရီလ (၁၁) ရက်နေ့ထုတ် China Law Blog မှာ သံတမန်ဟောင်း Robert Walsh က ရေးထားပါတယ်။
ဒါပေမဲ့ မြစ်ဆုံစီမံကိန်းဟာ တပြည်လုံးနဲ့ သက်ဆိုင်ပြီး တပြည်လုံးက ကန့်ကွက်နေတာမို့ အစိုးရအာဏာပိုင်က ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းကို ရေးဆွဲခဲ့တဲ့ စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေမှာလည်း ဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဟုန်းလျံ ပြောသွားတဲ့ စီးပွားရေးစင်္ကြန်နဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းဟာ တရုတ်အကျိုးစီးပွား မြှင့်တင်တဲ့လုပ်ငန်းတွေဖြစ်လို့ တရုတ်ကသာ ရင်းနှီးမြုပ်နှံပါလိမ့်မယ်။ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းလို့ ဒီလုပ်ငန်းတွေ အကောင်အထည်မပေါ်လဲ မြန်မာပြည်သူတွေအတွက် ဘာမှထူးခြားမှာ မဟုတ်ကြောင်းပါ။