ရခိုင်မှာ အာရက္ခတပ်တော်ကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တိုက်ရေးခိုက်ရေး နဲ့ အောင်စိတ်ဆိုတာမျိုး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က လုံးဝထိန်းချုပ်လိုက်တဲ့အပြင်၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်တို့ကိုပါ လက်ရဖမ်းဆီးခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ စစ်ကောင်စီ တပ်မှူး၊ တပ်သားတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ၊ အာရက္ခတပ်တော်ဘက်က စစ်ရေးမှာ ဘာကြောင့် အားသာနေသလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့ တာ၀န်ခံ CDM ဗိုလ်မှူးနောင်ရိုး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်မှူးနောင်ရိုး ။ ။ စစ်တပ်ရဲ့ သမိုင်းတလျှောက်၊ တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုလောက်ကို အချိန်တိုအတွင်းမှာ ဆုံးရှုံးလာတာ။ ဒီလို တိုင်းစစ်ဌာနချုပ်တွေဆိုတာ စစ်တပ်မှာဆိုရင် စစ်ဒေသတခုလုံးကို စစ်ဧရိယာတခုလုံးကို စီမံကွပ်ကဲရတဲ့ အကြီးဆုံး စစ်ဌာနချုပ်တွေ ဖြစ်ပါတယ်။ စစ်တပ်ထဲမှာဆိုရင်တော့ command တပ်ရင်း၊ ပြီးရင် တပ်စစ်ဌာနချုပ်၊ တပ်မတော်အကြီးအကဲ၊ တပ်ရင်းမှူး၊ တိုင်းမှူး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် - ဒီနယ်ပယ်သုံးလွှာက စစ်တပ်တခုလုံးမှာ စီမံရေး၊ တရားစီရင်ရေးကို ကိုင်ထားတဲ့ အာဏာရှိတဲ့ အရေးပါတဲ့ အရေးကြီးဆုံး အဆင့်အလွှာ ၃ ခု။ ဒီလို အရေးကြီးတဲ့ စစ်နယ်ဝန်းတခု ဆုံးရှုံးရတယ်ဆိုတာ စစ်တပ်အတွက်ကို စစ်တပ်ရဲ့ စစ်ရေးဗျူဟာ အားနည်းနေမှု အနေအထားလို့ ပြောလို့ရပါတယ်။
မေး ။ ။ တဘက်မှာကြတော့ စစ်ကောင်စီက အခုအချိန်ထိ သူတို့မှာ လေတပ် ရှိသေးတယ်။ လေကြောင်းကနေလည်း ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်နေတာတွေလည်း ရှိတယ်။ ဆိုတော့ ဒီလေကြောင်း တိုက်ခိုက်မှုတွေ ရှိနေရဲ့သားနဲ့ အခု ရခိုင်မှာဆိုရင် စစ်ကောင်စီဘက်က သူတို့ရဲ့ တကယ့်အခြေစိုက်စခန်းတွေ ဆုံးရှုံးလက်လွှတ်လိုက်ရတာ ဘာကြောင့်လဲရှင့်။
ဖြေ ။ ။ တကယ်တော့ စစ်ကောင်စီတပ်မှာ အမ ပြောသွားသလိုပဲ လေတပ်ဆိုလည်း အင်မတန်မှ အားကြီးတဲ့အနေအထား ရှိတယ်။ လက်နက်ကြီး အမြှောက် ဟာဝင်ဇာ ဒုံးတွေ၊ ရေတပ်သင်္ဘောတွေ အများအပြား ပိုင်ဆိုင်ထားတဲ့ လက်နက်အင်အား တောင့်တင်းတဲ့ စစ်တပ်တခုဆိုတာကို လက်ခံပါတယ်။ သို့သော် တကယ့်အရေးပါတဲ့ မြေပြင် စစ်ဆင်ရေးတွေမှာ အဓိကတိုက်ပွဲဝင်ရတဲ့ ခြေလျှင်စစ်သည်တွေ၊ အောက်ခြေတပ်တွေ တပ်အများစုတွေမှာတော့ စိတ်ဓါတ်ခံယူချက်တွေက ပိုပြီးတော့ ချိ့နဲ့ပျက်ဆီးနေတာကို သူတို့ လုံးဝမကုစားနိုင်ဘူး။ နပခ အမ်းမှာရှိတဲ့ လက်နက်ချတဲ့ စစ်သည်တွေ၊ အလင်းဝင်သူတွေမှာ အောင်စိတ်လုံးဝ ပျောက်နေတယ်။ တိုက်လိုခိုက်လိုစိတ် အောင်စိတ် မရှိတဲ့၊ လူရုပ်မပီတဲ့ စစ်သားတွေကို မြင်ရတယ်။ ဒီလို တိုက်လိုခိုက်လိုစိတ် မရှိတဲ့ စစ်သားတွေက လက်နက်မချဘဲ အထဲမှာ အသေခံနေလဲဆိုရင် သူတို့က အကြောက်တရားတွေနဲ့ အချိန်အကြာကြီး ရှင်သန်ရပ်တည်နေခဲ့ရတဲ့ အနေအထားကြောင့်။ အနီးမှာရှိတဲ့ တပ်မှူးတွေကြောင့်၊ အထက်အရာရှိတွေက အတင်းအကျပ် ဖိအားပေးပြီး အသေခံပြီး တိုက်ခိုင်းနေတာကြောင့် သူတို့ရုန်းထွက်ဖို့ခက်လို့၊ ဒီအကြောက်တရားပေါ်မှာ မလွန်ဆန်နိုင်လို့ သူတို့တွေ လက်နက်ကိုင်ပြီးတော့ အထဲမှာ ခုခံနေရတယ်။ တကယ်တော့ သူတို့မှာ တိုက်ပွဲဝင်စိတ် will to fight အဲဒီလိုစိတ်တွေ မရှိဘူး။ အောင်စိတ်တွေ ပျောက်ဆုံးနေပါပြီ။
မေး ။ ။ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ နောက်တခါ စစ်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ တကယ့်ကို တပ်မှာ တာဝန်ရှိတဲ့သူတွေကို လက်ရဖမ်းဆီးထားတဲ့ ပုံတွေ၊ ဒါတွေကို ထုတ်ပြန်တဲ့အခါကြတော့ အဲဒီလိုမျိုး အနောက်ပိုင်းတိုင်းဌာနချုပ်က အဓိကတာဝန်ရှိသူတွေကို လက်ရဖမ်းဆီးလိုက်တဲ့ အခြေအနေက စစ်တပ်ကို ဘယ်လိုရိုက်ခတ်မှုတွေ ရှိပါမလဲ။
ဖြေ ။ ။ ဒီလိုမျိုးမြေပြင်မှာ တပ်မှူးကြီးတွေ အကုန်လုံးတောင် လက်ရဖမ်းဆီးခံရတယ်။ စစ်သုံးပန်အနေနဲ့ ဖမ်းဆီးခံရတဲ့အတွက် စစ်ကောင်စီတပ်တွင်းမှာတော့ နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တခုလို့ ပြောလို့ရနိုင်ပါတယ်။ အရှေ့မှာတော့ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်မဟာ၊ တပ်ရင်းတွေ အလွယ်တကူ ဆုံးရှုံးလာခဲ့တယ်။ လက်လွှတ်လာရတဲ့အခါမှာ စစ်တပ်ထဲမှာ စစ်ရေးပိုင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ကြီးကြီးမားမား ဖြစ်စေခဲ့တယ်။ အဲဒီအပြင်ကို အခုလိုမျိုး မြေပြင်တပ်မှူးတွေပါ - အခုဆိုရင် ရခိုင်မှာ ကျောက်တော်ကျတယ်၊ စခမှူး အဖမ်းခံရတယ်။ ပလက်ဝ အသိမ်းခံရတယ်။ ပလက်ဝ စစ်ရေးမှူး ဗိုလ်ချုပ်ဇော်မြင့်ဆွေ ကျဆုံးသွားတယ်။ တပ်မ ၁၁ တပ်မမှူး အသေဖမ်းဆီးခံရတယ်။ အခုဆိုရင် နခခ (၅) ဗိုလ်မှူးချုပ်သူရိန်ထွန်း အရှင်ဖမ်းဆီးခံရတယ်။ အခု နပခကျတယ်။ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီး ဗိုလ်မှူးချုပ်တို့ အရှင်ဖမ်းဆီးခံရတယ်။ ဒီလိုမျိုး တပ်ရင်းကျတယ်၊ တပ်ရင်းမှူးတွေ အဖမ်းခံရတယ်။ တပ်မတွေကျတယ် တပ်မမှူးတွေ အဖမ်းခံရတယ်။ တိုင်းတွေကျတယ် တိုင်းမှူး အကြီးဆုံးတွေ အဖမ်းခံရတယ်။ ဒီလိုမျိုး စစ်မြေပြင် တပ်မှူးအဆင့်တွေကိုတောင် နောက်ဆုံးအခြေအနေမှာ ကယ်ထုတ်နိုင်ခြင်း မရှိဘဲနဲ့ တော်လှန်ရေးအင်အားစုတွေမှာ အရှင် စစ်သုံးပန်အဖြစ် ဖမ်းဆီးခံရတယ်ဆိုတော့ ဒီအခြေအနေက စစ်တပ်ရဲ့ မြေပြင်တပ်မှူးတွေကြားမှာ အရာရှိတွေကြားမှာတော့ ကြီးမားတဲ့ ခြိမ်းခြောက်မှု တုန်လှုပ်မှုတွေ ဖြစ်စေတယ်လို့ ပြောလို့ရတယ်။
အဲဒီတော့ ဒီအချိန်မှာ ဘာကိုမြင်လာလဲဆိုတော့ စစ်ခေါင်းဆောင်ဟာ အောက်ခြေအရာရှိစစ်သည်တွေကို အသေပဲခံခိုင်းနေတာ။ လုံလောက်တဲ့ အကူအညီ ပံ့ပိုးမှုလည်း မရှိဘူး။ နောက်ဆုံးအခြေအနေကြတော့လည်း သူ့ရဲဘော်တွေကို ကယ်ထုတ်နိုင်စွမ်းလည်း မရှိဘူး။ ကယ်ထုတ်လိုစိတ်လည်း မရှိဘူး။ တဘက်မှာကြတော့ အောက်ခြေမှာတော့ နောက်ဆုံးအချိန်ထိ ရိက္ခာပြတ်၊ ရေပြတ်နဲ့ သူ့အတွက် အသေခံနေရပေမဲ့ ဒီစစ်ပွဲတွေကို စစ်အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တဲ့ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်ကတော့ နေပြည်တော်မှာ သာသာယာယာပဲ ပွဲတွေတက်လိုက်၊ အခမ်းအနားတွေ လုပ်လိုက်နေနေတာကို မြင်ရတယ်။ ဒီလိုမျိုး အနေအထားတွေကို မြင်ရတဲ့အခါမှာလည်း တပ်အောက်ခြေ၊ တပ်မှူးကြီးတွေ၊ တပ်မမှူး၊ စခမှူးတွေမှာလည်း ဒီအခြေအနေကို မြင်ရတဲ့အခါမှာ အတော်လေးကို တပ်တွင်းမကျေနပ်မှု အနေအထားတွေ၊ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ မြင်ရတယ်။ နောက်တခုကတော့ သူတို့အလွှာတွေအထိ တုန်လှုပ်ခြောက်ခြားကြမယ်။ ရင်ဆိုင်နေရတဲ့ အဆင့်က သူတို့ရဲ့ လုံခြုံရေးအနာဂတ်ကိုပါ ခြိမ်းခြောက်လာနေပြီ၊ ရိုက်ခတ်လာနေပြီဆိုတာကို သူတို့ လက်တွေ့ခံစားနေရပြီလို့ မြင်ရပါတယ်။
မေး ။ ။ ဒီနေရာမှာ အထူးသဖြင့် မောင်းတောဘက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းက အခု ရခိုင်မှာ လူမျိုးရေးကိစ္စတွေ၊ ပဋိပက္ခတွေ ပိုပြီးတော့ ဖြစ်လာအောင် အထူးသဖြင့် စစ်မှူးထမ်းဥပဒေကို သုံးပြီးတော့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတယ်။ AA ကို ပြန်တိုက်ဖို့ အာရက္ခတပ်တော်ကို ပြန်တိုက်ဖို့ဆိုတဲ့ဟာမျိုး စွဲချက်တွေ ရှိနေတဲ့အခါကြတော့ အခု ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ဖမ်းလိုက်တဲ့အခါမှာ ရခိုင်မှာ ရှိနေတဲ့ လူမျိုးရေး၊ ဖြစ်လာမယ့် ပဋိပက္ခတွေ၊ ဒီကိစ္စတွေ ပြေလည်သွားမယ်လို့ ယူဆလို့ရပါသလားရှင့်။
ဖြေ ။ ။ ဒီလို အဓိကတာဝန်ရှိတဲ့ လူတွေကို ဖမ်းဆီးရမိရုံတခုတည်းနဲ့တော့ ပြေလည်သွားဖို့ဆိုတာတော့ ပြောလို့မရဘူး။ ဒါပေမဲ့ ဒီအတွက် တရားမျှတမှုတွေ ဖြစ်စဉ်အကြောင်းရင်းတွေကို ဖော်ထုတ်နိုင်ဖို့၊ စစ်ဆေးနိုင်ဖို့မှာတော့ အများကြီး အထောက်အကူ၊ အပံ့အပိုး ဖြစ်နိုင်မယ်လို့တော့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတောမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့အခါမှာ ဒေသခံရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်တာ၊ စစ်လေ့ကျင့်ပေးတာ၊ လက်နက်တပ်ဆင်ပေးတာ။ နောက် ဒေသခံရခိုင်လူမျိုး ကွန်မြူနတီကြားမှာ ပဋိပက္ခတွေ ဖန်တီးခဲ့တာ။ ရခိုင်ရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေ ဒီလိုမျိုး လူမျိုးရေးပဋိပက္ခ ဖြစ်စဉ်တွေမှာတော့ အဓိက တာဝန်ရှိတဲ့ လူတယောက်လို့ ကျနော်တို့ ပြောလို့ရနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်မြောက်ပိုင်းမှာ အဓိကကျတဲ့ အကြီးဆုံး စစ်ဘက်တာဝန်ရှိတယောက်ကို လက်ရဖမ်းဆီးမိထားတဲ့အခါမှာ AA အနေနဲ့ သူ့ကို စနစ်တကျ စီစစ်ဖော်ထုတ်ပြီးတော့ လိုအပ်သလို ဆောင်ရွက်လိမ့်မယ်လို့ ယူဆတယ်။ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေမှာ အဓိက စစ်တပ်အနေနဲ့ ဘယ်လိုမျိုး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာအောင် ဖော်ဆောင်ခဲ့တာတွေ ရှိလဲ။ ကျေးရွာ မီးရှို့ဖျက်ဆီးမှုတွေမှာ ဘယ်လိုမျိုး ကျူးလွန်ခဲ့တာတွေ ရှိလဲဆိုတာကို စနစ်တကျ ဖော်ထုတ်ပြီးတော့ ဖြစ်စဉ်အမှန်တွေကို အများပြည်သူလူထု သိအောင် ထုတ်ဖော်တာတွေလည်း ရှိလာနိုင်တယ်။ နောက်တချက်က နိုင်ငံတကာရာဇဝတ်မှု နယ်ပယ်တွေအထိ ထုတ်ဖော်ဖို့ လိုအပ်တယ်ဆိုလည်း ကျနော်ထင်တယ် AA က ICC တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တာတွေလည်း ရှိလာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
မေး ။ ။ အာရက္ခတပ်တော်ရဲ့ စစ်ရေးစွမ်းရည် - အဲဒီမှာ အထူးသဖြင့် မောင်းတောမှာရှိတဲ့ နခခ (၅) စခန်းကို သူတို့တိုက်တဲ့နေရာမှာ အချိန် ၆ လလောက် ကြာခဲ့တယ်။ နောက် AA ရဲ့ ထုတ်ပြန်တဲ့ ဗီဒီယိုတွေမှာ သူတို့မြေအောက်ကနေ ဖောက်ယူခဲ့တယ်။ နောက်ပြီးတော့ တခါ စစ်ကောင်စီတပ်တွေဘက်က ရထားတဲ့ လက်နက်တွေနဲ့ ပြန်ပြီးတော့ တိုက်တာတွေလည်း တွေ့ရတဲ့အခါကြတော့ AA ရဲ့ စစ်ရေးစွမ်းရည်ကို ဘယ်လိုသုံးသပ်ပါလဲရှင့်။
ဖြေ ။ ။ ဒီနေရာမှာတော့ AA ရဲ့ စစ်ရေးစွမ်းရည်နဲ့ စစ်ရေးအောင်ပွဲတွေ ကျင့်သုံးသွားတဲ့ဟာတွေကတော့ တော်တော်လေးကို တော်လှန်ရေးအင်အားစုတွေကြားမှာနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေကြားမှာ တော်တော်လေး အထူးပြောစရာ ဖြစ်ခဲ့တယ်။ အများကြီးလည်း မြင်သာခဲ့တယ်။ နောက်တချက်က အာရက္ခတပ်တော်မှာလည်း တပ်မှူး၊ တပ်သားအဆင့်ဆင့် စည်းလုံး၊ ရဲဝံ့ပြတ်သားမှု၊ တသွေးတသံအမိန့် - စစ်တပ်ပိသမှု။ နောက် စစ်နည်းဗျူဟာ ကျင့်သုံးမှန်ကန်မှု၊ ပြီးရင် ခေါင်းဆောင်မှုအဆင့်ဆင့်ရဲ့ စီမံကွပ်ကဲမှု နည်းဗျူဟာတွေက တော်တော်လေးကို အသိအမှတ်ပြု လေးစားဖွယ်ရာလို့ ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၁၀၂၇ မစခင်၊ ကျနော်ထင်တယ် ၂၀၂၃ နှောင်းပိုင်းလောက်ဖြစ်မယ် အာရက္ခတပ်တော်ဟာ ကျောက်တော်ကို သူတို့ မြို့သိမ်းတိုက်ပွဲ စဆင်နွှဲတယ်။ ဆင်နွှဲတဲ့အခါမှာ မြို့ထဲကို ဝင်စီးမိတယ်။ ရဲစခန်းတွေ ထိန်းချုပ်နိုင်တဲ့ အနေအထားတွေ ဖြစ်ခဲ့တယ်။ သို့ပေမဲ့လည်း အဲဒီလို အချိန်အတောအတွင်းမှာ စစ်ကောင်စီဘက်က ရေတပ်တွေ အင်အားတွေ ထပ်ဖြည့်ပြီးတော့ ထိုးစစ်ဆင်တဲ့အခါမှာ ကျော်တော်မြို့ကို တော်တော်လေးကို သူတို့ မထိန်းချုပ်နိုင်တဲ့အခါမှာ ကျောက်တော်မြို့မှာ ပြည်သူလူထုတွေ အတော်လေးအထိနာခဲ့တဲ့အထိ ဖြစ်ရပ်ကို သူတို့တွေ့မြင်ခဲ့ရတယ်။ အဲဒီလိုမျိုး အခြေအနေမျိုးတွေ ရင်ဆိုင်ရတဲ့အခါမှာ AA စစ်ဘက်ခေါင်းဆောင်တွေကို ချက်ချင်းပြန်သုံးသပ်တယ်။ သူတို့ ဘယ်ဟာလွဲတာလဲ။ ဘယ်လိုမှားတာလဲ။ ပြီးတော့ ဘယ်လိုစစ်နည်းဗျူဟာကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်တယ်ဆိုတာကို သူတို့ ရှေ့က အတွေ့အကြုံကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် ဒီနေ့ ရခိုင်ပြည်နယ်မှာ အခြားပြည်နယ်တွေထက် အာရက္ခတပ်တော်ရဲ့ အောင်ပွဲဟာ AA စစ်သည်တော်တွေရဲ့ ရဲဝံ့ပြတ်သားမှု၊ စစ်နည်းဗျူဟာ မှန်ကန်မှု၊ အထက်အောက် အမိန့်နာခံမှု၊ စနစ်ကျတာတွေက အဓိကကျတယ်လို့ ပြောနိုင်တယ်။ နောက်တချက်ကတော့ AA အနေနဲ့ ရခိုင်ပြည်သူ့တရပ်လုံးရဲ့ အားပေးထောက်ခံမှု အပြည့်အဝ ရရှိခြင်းကလည်း ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါတယ်လို့ ပြောလို့ရပါတယ်။
Forum