သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း ငှက်ပျောစိုက်ခင်းများ စစ်ဆေးကြပ်မတ်မည်


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ငှက်ပျောစိုက်ခင်းတခု
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ငှက်ပျောစိုက်ခင်းတခု

ကချင်ပြည်နယ်တွင်း တရုတ်ကုမ္ပဏီတချို့က လုပ်ဆောင်နေတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ့်အကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောပါတယ်။ တရုတ်နိုင်ငံသားတွေပိုင်တဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတချို့ဟာ မြေယာဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာနဲ့ ပိုးသတ်ဆေးတွေကြောင့် ကျန်းမာရေးထိခိုက်တာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရဘက်က ခုလိုစုံစမ်းဖို့ ဖြစ်လာခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်ထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်က တရုတ်နိုင်ငံသားတွေ ဧကသောင်းနဲ့ချီ ဝင်ရောက်စိုက်ပျိုးနေတဲ့ တစ်ရှူး ငှက်ပျော စိုက်ပျိုးခင်းတွေဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားတာ မရှိသလို မြေယာဥပဒေနဲ့လည်း မကိုက်ညီတဲ့အတွက် ဒါကိုအဖွဲ့အစည်းတစ်ခုဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ့် အကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

“သစ်တောမြေထဲမှာ ကျနော်တို့က တရားမဝင်စိုက်ပျိုးတာတွေလည်း အများကြီး ရှိနေတာကို တွေ့ရပါတယ်။ လယ်ယာမြေမှာ တစ်ရှူးငှက်ပျောစိုက်နေတာ လည်း တွေ့ရပါတယ်။ တခြားသီးနှံကျနော်တို့က စိုက်ပျိုးမယ်ဆိုရင် ဒါကို ခွင့်ပြုချက်တင်ရပါတယ်။ ငြိမ်းချမ်းရေးမရှိ၊ လုံခြုံရေးမရှိတဲ့အခါမှာ ဘယ်ဝန်ထမ်းမှလည်း ဒါကိုသွားပြီးတော့မှ ဆန်းစစ်နိုင်ခြင်း မရှိဘူးပေါ့နော်။ အဲဒီတော့ လက်ရှိအနေအထားမှာတော့ ကျနော်တို့ စိုက်ပျိုးဧရိယာ အနေနဲ့ အစိုးရမှာ တရားဝင် ပေါက်နေတာက ဧက ၆သောင်းကျော် ပဲရှိတယ်ဗျ။ သို့သော်လည်းပဲ ဧက ၆သောင်းကျော် မကရှိပါတယ်၊ ဒါကျနော်တို့ သိပါတယ် အားလုံးလည်း သိပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့ ခေါင်းဆိုင်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

အကျိုးအမြတ်များများနဲ့ လည်ပတ်နေတဲ့ ငှက်ပျောစိုက်ခင်းတွေကနေ အစိုးရဘဏ္ဍာငွေ ရအောင်လုပ်ဖို့၊ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ ဓာတ်မြေသြဇာကို အသုံးပြုဖို့၊ ငှက်ပျောစိုက်ခင်းက ထွက်လာတဲ့ ပလပ်စတစ်နဲ့ ဓာတ်တုပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်ဖို့ ထိန်းချုပ် သွားမယ်လို့ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ငှက်ပျောစိုက်ခင်းတွေဟာ ဧကသိန်းနဲ့ချီရှိနိုင်တယ်လို့ တချို့ကပြောပါတယ်။ ဒေသခံတောင်သူ တွေကလည်း တရုတ်စိုက်ပျိုးရေး လုပ်ငန်းရှင်တွေကို တရားမဝင် မြေငှားတာကနေ အကျိုးအမြတ် ရနေပါတယ်။ တရုတ်ငှက်ပျောစိုက် သူတွေက ဌာနဆိုင်ရာကို တင်ပြတာ မဟုတ်ဘဲ ဒေသခံတွေဆီကနေ လိုသလောက်မြေကို ငှားရမ်း လုပ်ကိုင်နေကြောင်း ကချင်ပြည်နယ် မိုးမောက် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။

“ဒေသခံတောင်သူတွေဆီကပဲ တစ်ဧကကို ၅သောင်းဆို ၅သောင်း ၈သောင်းဆို ၈သောင်း စသဖြင့် ဒီလိုမျိုးတွေနဲ့ နှုန်းထား အမျိုးမျိုးတွေနဲ့ ငှားပြီးစိုက်ကြတဲ့ သဘောပေါ့။ တချို့ ကုမ္ပဏီတွေ ကျတော့လည်း နာမည်ခံတာကတော့ မြန်မာပြည်က ဘယ်သူပေါ့ ။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းကို ရင်းနှီးမြှုပ်နှံတဲ့ငွေကြေး ဘာညာတွေ ကတော့ တရုတ် ကနေပဲ ၉၉ % ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင်တော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒီလိုတစ်ရှူးငှက်ပျော စိုက်မယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာတော့ ချပေးတာ တကွက်မှ တယောက်မှ မရှိဘူးဗျ။”

ဝန်ကြီး ဦးကျော်ကျော်ဝင်းရဲ့ အဆိုအရကတော့ အခု ငှက်ပျောစိုက်ခင်းနေရာတွေဟာ အစိုးရ သစ်တောပိုင် နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သခင်စစ် ကုမ္ပဏီက တစ်ရှူးငှက်ပျော စိုက်ပျိုးဖို့ပြင်နေပြီး ဒေသခံတွေကလည်း ဒါကို ကန့်ကွက် နေတဲ့ကြောင်း ဒီအကြောင်းကို မြစ်ကြီးနား သတင်းဌာနယ်က ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြမှုကြောင့်ပဲ မြစ်ကြီးဂျာနယ်က သတင်းသမားတွေကို ကုမ္ပဏီက ကိုယ်ထိ လက်ရောက် အနှောက်အယှက်ပေးတာတွေ ရှိခဲ့ပြီး အမှှုဆောင်အရာရှိချုပ် ၂ယောက်နဲ့ သတင်းရေးတဲ့ သူကိုလည်း အသရေဖျက်မှုပုဒ်မ နဲ့ တရားစွဲခဲ့တယ်လို့ မြစ်ကြီးနားဂျာနယ် အယ်ဒီတာချုပ် ဆိုင်းမိုင်က ပြောပါတယ်။

“သခင်စစ်ကုမ္ပဏီက မန်ဒေါင်ကျေးရွာမှာ ငှက်ပျောစိုက်ပျိုးဖို့ စတင်ပြီးမှ ဝင်ရောက်နေ တယ်။ လမ်းတွေဖောက်နေတယ် ဆိုတဲ့ကိစ္စကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ နဲ့ ရွာသားတွေက ကန့်ကွက်စာတင်ထားတယ်ဆိုတဲ့ သတင်းကို ကျနော်တို့က ရေးတာပါ။ ဒီကုမ္ပဏီက သူတို့က မလုပ်ပါဘူး ဆိုပြီးမှ ငြင်းတယ်ပေါ့နော်။ သူတို့ကျတော်တို့ကို ပုဒ်မ (၅၀၀) နဲ့ တရားစွဲလိုက်တယ်ပေါ့ နော်။”

လက်ရှိမှာ တစ်ရှူးငှက်ပျောတွေကို ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူမှာစိုက်ပျိုး နေပြီး ရှမ်းပြည်နယ် နေရာတချို့မှာလည်း စမ်းသပ် စိုက်ပျိုးဖို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတည်းက ကချင်ပြည်နယ် မှာ တရုတ်နိုင်ငံသားတွေ ငှက်ပျောစိုက်လာ ကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ အလုံးအရင်းနဲ့ စိုက်ပျိုးလာကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က ငှက်ပျောလာတင်တဲ့ ကုန်တင်တွဲကားကြီးတွေ ရာနဲ့ချီ ဝင်ထွက် နေတောကြောင့် လမ်းတံတားတွေ ပျက်စီးသလို၊ ပြည်နယ်ဝင်ငွေ လည်း မရတဲ့အတွက် ဒါကို အစိုးရအနေနဲ့ အလေးထား ကိုင်တွယ် သင့်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG