သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ဆက်ရပ်ဆိုင်းထားဖို့ ပြည်ပ ကချင်ခေါင်းဆောင်တွေ တောင်းဆို


ကချင်ပြည်နယ်တွင်းက ဧရာဝတီမြစ် မြင်ကွင်း။
ကချင်ပြည်နယ်တွင်းက ဧရာဝတီမြစ် မြင်ကွင်း။

သမ္မတ ဦးသိန်းစိန်လက်ထက်ကစပြီး ၇ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို NLD အစိုးရအနေနဲ့ ဆက်ပြီး ရပ်ဆိုင်းထားသင့်တယ်လို့ ပြည်ပရောက် ကချင်ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ကချင်ဒေသခံ ပြည်သူတွေက ဆန့်ကျင် ကန့်ကွက်မှုမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်း ကန့်ကွက်မှုတွေ ထွက်ပေါ်လာချိန်မှာ ပြည်ပရောက် ကချင်တိုင်းရင်းသားတွေကလည်း ကန့်ကွက်လိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်ပြီးတင်ပြ ပါမယ်။

မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ပြီး ကချင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ကချင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးချက်နဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၂ နေ့ကထုတ်ပြန်တဲ့ တရုတ်သံရုံး ကြေညာချက်ထဲမှာတော့ ကချင်ဒေသခံ ပြည်သူတွေက မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း ထည့်သွင်းရေးသားခဲ့ပြီးနောက် ပြည်တွင်းမှာ ကန့်ကွက်ဝေဖန်သံတွေ ကျယ်လောင်ခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ အစပျိုးခဲ့တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လာရင် သမ္မတဦးသိန်းစိန် လက်ထက်မှာရော NLD အစိုးရ လက်ထက်မှာပါ စာချုပ်ပါ သဘောတူညီချက်တွေက ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ချပြတာမျိုး မရှိသေးဘူးလို့ မြစ်ဆုံအရေး လေ့လာသူတွေက ထောက်ပြလေ့ ရှိပါတယ်။ တကယ်လို့သာ မြစ်ဆုံစီမံကိန်း အကောင်ထည်ဖေါ်လာမယ်ဆိုရင် ကချင်ပြည်သူတွေသာမက မြန်မာတနိုင်ငံလုံး အကျိုးစီးပွားအတွက်ပါ ထိခိုက်လာမှာ ဖြစ်လို့ ရပ်နားထားဖို့လိုတယ်လို့ ကနေဒါနိုင်ငံသား ကချင်တိုင်းရင်း သားများအစည်းအရုံး အထွေထွေအတွင်းရေးမှုး ဂျွန်လာဆိုင်းက ပြောပါတယ်။

“ စာချုပ်စာတမ်းကလည်း ဘယ်လိုမျိုး စာချုပ်ဆိုတာလည်း ပြည်သူလူထုလည်း သိပုံ မပေါ်ပါဘူး။ ကျနော်တို့လည်း ဘာမှ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မသိရဘူး၊ မကြားရဘူး။ အဲဒါကို အစိုးရ အနေနဲ့ ချပြသင့်တယ်လို့ ထင်ပါတယ်။ အဲဒီ စာချုပ်ကို ဘယ်လို သဘောတူထားတယ်၊ ဘယ်လို ကတိကဝတ်ပြုထားတယ်ဆိုတဲ့ အပေါ် မူတည်ပြီး ကျနော်တို့ နည်းလမ်း ရှာရမှာပေါ့နော်။ မြစ်ဆုံ ရေအားလ ျှပ်စစ် စီမံကိန်းက အစကတည်းက မလုပ်ဆောင်သင့်တဲ့ စီမံကိန်း တခုပါ။ ဧရာဝတီမြစ်ဟာ ကချင်ပြည်နယ် ဒေသခံ ပြည်သူ ပြည်သားတွေ အတွက်သာ မကဘူး မြန်မာနိုင်ငံသား အားလုံးရဲ့ သဘာ၀ အမွေဖြစ်ရုံသာ မကဘူးပေါ့နော် မြန်မာနိုင်ငံ သမိုင်းကြောင်းနဲ့ စီးပွားရေး အတွက် အရေးပါတဲ့ အသက်သွေးကြောလည်း ဖြစ်တဲ့ အတွက်မို့ လက်ရှိ အစိုးရ အနေနဲ့ မြစ်ဆုံ စီမံကိန်းကို ပြည်သူ့ ဆန္ဒအတိုင်း ပြတ်ပြတ်သားသား ရပ်ဆိုင်းဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ ”

NLD ပါတီဟာ အတိုက်အခံဘဝမှာတုန်းက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခဲ့ပြီး၊ အခုလို အာဏာရအစိုးရ ဖြစ်လာချိန်မှာ နိုင်ငံရေးရပ်တည်ချက်သဘောထား မပြောင်းသင့်ဘူးလို့ အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ (Kachin Alliance) ဥက္ကဌ ဦးဂွန်ဆမ်က တိုက်တွန်းပါတယ်။

“ တရုတ်သံအမတ် အနေဖြင့် ကျနော်တို့ ကချင်ပြည်ကို လာပြီးမှ မြစ်ဆုံ ပြန်စဖို့ အတွက် တောင်းဆိုမှု ပုံစံနဲ့ လာချဉ်းကပ်တာက လုံး၀ မဖြစ်သင့်ဘူးလို့ ကျနော်တို့က ယူဆပါတယ်။ ဒီလို ရဲရဲဝံ့ဝံ့ သွားပြောလို့ ရတယ်ဆိုတော့ အစိုးရကနေ ပြီးတော့ ခွင့်ပြုလို့ ရတဲ့ဟာ မဟုတ်ဘူးဆိုရင်ကတော့ နဂို ကတည်းက သွားဖို့ အစီအစဉ် ရှိမှာ မဟုတ်ပါဘူး။ နောက်တခုကတော့ မြစ်ဆုံဆည် ဆောက်ဖို့ ဆိုတာက အရင်ကတည်းက လုံး၀ ကန့်ကွက်ခဲ့တဲ့ အရာ တခုပါ။ ဘာလို့ဆို နိုင်ငံ တနိုင်ငံ ဖြစ်လာပြီဆို သူ့ရဲ့ ဝိသေသတွေ ရှိပါတယ် ခင်ဗျ။ ဒီ ဝိသေသတွေကို ဖျက်စီးတယ်ဆို အဲဒီ နိုင်ငံ ရှိသေးလားလို့ ပြန်စဉ်းစားရမယ့် အခြေအနေ ရှိပါတယ်။ ကျနော်တို့ကနေ လုံး၀ ကန့်ကွက်ပါတယ်။ အစိုးရကနေ ပြီးတော့ ဒီဟာကို ကန့်ကွက်သင့်ပါတယ်။ အတိုက်အခံ အနေဖြင့် မြစ်ဆုံကို ကန့်ကွက်ခဲ့တဲ့ ပါတီအနေနဲ့ အခုလို နုတ်ဆိတ်နေတာတော့ မဖြစ်သင့်ပါဘူး။ ”

လတ်တလော အခြေအနေတွေအရ မြစ်ဆုံစီမံကိန်းကို အလောတကြီး အကောင်ထည်ဖေါ်လာမယ်ဆိုရင် ဆိုးကျိုးက ပိုများလိမ့်မယ်လို့ အမေရိကန် တက္ကဆက်ပြည်နယ်က သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က အကြံပြုပါတယ်။

“ တကယ်ဘဲ ရပ်သင့်သလား မရပ်သင့်ဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ ဆိုရင် အခြေအနေတွေက ဘယ်လို ရှိသလဲ ဆိုတာကို တိတိကျကျ သိဖို့ လိုတယ်။ အဲလို တိတိကျကျ မသိဘဲနဲ့ မြန်မြန်ဆန်ဆန် လုပ်မယ်ဆိုရင် အပျက်အစီးတွေလည်း အများကြီး ဖြစ်သွားနိုင်တာပေါ့နော်။ အဲတော့ တရုတ်ဘက်က လုပ်ထားတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆန်းစစ်မှုတွေက တကယ်ဘဲ ထိရောက်သလား ဒါမှမဟုတ် ဆိုလို့ ရှိရင် ဟန်ပြဘဲ လုပ်ထားသလား ဆိုတာကို ဗမာဘက်က ပညာရှင်တွေကလည်း ဂဃနဏ သိဖို့ လိုတယ်။ အဲဒါကြောင့်မို့လို့ ချက်ချင်း ပြန်စတယ် ဆိုတာကတော့ ဗမာပြည် အတွက်ဆိုရင် နည်းနည်းလေး အလောသုံးဆယ် ဖြစ်သွားပြီးတော့ အဆိုးဘက်ကို နည်းနည်း ရောက်သွားနိုင်ပါတယ်။ နောက်ပြီးတော့ တရုတ်ကုမ္ဗဏီတွေရဲ့ သူတို့ ရာဇဝင်ကို ထောက်ကြည့်ပြီးတော့လည်း အခု ဖြစ်မယ့် ကြီးကျယ်တဲ့ ပရောဂျက်ကြီးတွေက ဘယ်လိုလာမယ်ဆိုတာကို အနာဂတ်ကို ခန့်မှန်းသင့်တယ်။”

ဇန်နဝါရီ ၁၂ နေ့ထုတ် တရုတ်သံရုံးရဲ့ ကြေညာချက်ပါ- ကချင်ပြည်သူတွေက မြစ်ဆုံစီမံကိန်းကို မကန့်ကွက်ဘူးလို့ ကချင်ပါတီနဲ့ လူမှုအဖွဲ့အစည်းတွေက တရုတ်သံအမတ်ကြီးကို ပြောကြားခဲ့တယ်ဆိုတဲ့အချက် မဟုတ်မှန်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူတွေက နောက်ပိုင်းမှာ ပြန်ရှင်းခဲ့ပါတယ်။ ရခိုင်ဒေသ အကြပ်အတည်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပေါ်ကျလာတဲ့ နိုင်ငံတကာ ဖိအားတွေကို သံတမန်ရေးအရ အကာအကွယ် ပေးခဲ့တာမျိုး၊ တခါ အပစ်ရပ်ငြိမ်းချမ်းရေးကိစ္စမှာ ကြားဝင်ညှိနှိုင်းပေးနေရတဲ့ တရုတ်အစိုးရဟာ သူတို့လိုချင်တဲ့အချက်ကို မြန်မာအစိုးရဆီက တောင်းနေပြီလားဆိုပြီး တရုတ်အရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG