သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ ၆၀၀၀ ကျော် တက်ရောက်


မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ ၆၀၀၀ ကျော် တက်ရောက် (KBC KACHIN)

ဧရာဝတီမြစ်ဆုံနဲ့ မြစ်ညာရှိ ရေကာတာတည်ဆောက်တာတွေ လုံးဝရပ်ဆိုင်းဖို့အတွက် ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူ ၆၀၀၀ ကျော်လောက် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ဥပဒေနဲ့မညီဘူးဆိုပြီး ဦးဆောင်စီစဉ်သူကို ရဲတပ်ဖွဲ့က တရားစွဲထားပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်တာဟာ တရုတ်သံရုံးက မြစ်ဆုံဆည်တည်ဆောက်တာကို ဒေသခံတွေက ကန့်ကွက်တာမရှိဘူးဆိုတဲ့ ထုတ်ပြန်ချက်အပေါ် တုံပြန်တာဖြစ်သလို ပြည်သူ့တွေ သဘောမတူတဲ့အတွက် ရပ်ဆိုင်းဖို့ တောင်းဆိုတာဖြစ်ကြောင်းလည်း ဆန္ဒပြပွဲကို ဦးဆောင်သူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုကြားလိုက်ရတဲ့အသံတွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ဆုံနဲ့ မြစ်ညာရှိ ရေကာတာ တည်ဆောက်တာတွေ လုံးဝရပ်ဆိုင်းဖို့အတွက် တောင်းဆို ဆန္ဒပြနေတဲ့ အသံတွေဖြစ်ပါတယ်။

ဒီလိုတောင်းဆိုဆန္ဒပြတာနဲ့ပတ်သက်လို့ ဒီပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုဆာဂျီးက အခုလို ပြောပါတယ်။

“ တရုတ်ကုမ္ပဏီဘက်က တကျော့ပြန် ကြိုးစားလာတဲ့အပိုင်းမှာ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ ကချင်ပြည်သူလူထုတွေက ခေါင်းဆောင်တွေက ဘာမှ မကန့်ကွက်မှု မရှိဘူးဆိုတဲ့ဟာ ပေါ်လာတဲ့ အချက်မှာရော မူတည်တယ်။ ဒါ ကျနော်တို့က အမြဲတမ်း ကန့်ကွက်နေတဲ့ အကြားက ဒီလို ထွက်ပေါ်လာတဲ့အခါကျတော့ ကျနော်တို့က လူထုအားလုံးပါဝင်ပြီးမှ ကန့်ကွက်တယ်ဆိုတဲ့ဟာ ကျနော်တို့ မြစ်ဆုံကို ဘယ်တော့မှ သဘောမတူဘူးဆိုတဲ့ဟာကို ထုတ်ဖော်ခြင်းဖြစ်တယ်။ နောက်တစ်ခုက ဒီလိုမျိုးပြည်သူလူထုတွေ သဘောထားဆန္ဒမပါတော့ ပြည်သူတွေ သဘောမတူတော့ စီမံကိန်းက ဖျက်ကို ဖျက်သိမ်း ရမယ်ဆိုတဲ့ဟာ သဘောထားထုတ်ဖော်ခြင်းဖြစ်တာပေါ့။”

ဇန်န၀ါရီလ ၂၉ ရက်နေ့ကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အရွယ်အစားနဲ့ နေရာပြောင်းလဲဖို့အတွက် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေကြောင်း နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီအပေါ်မှာတော့ ကိုဆားဂျီက သူတို့ သဘောထားကို အခုလို ဆက်ပြောပါတယ်။

“အသေးပဲဖြစ်ဖြစ် ရွှေ့ပြောင်းတာဖြစ်ဖြစ် ဒီမြစ်ဆုံဒေသမှာတော့ ဧရာဝတီမြစ်မှာ ပြည်သူတွေ သဘောမတူတဲ့ စီမံကိန်းက လုံးဝကို ဖျက်သိမ်းရမယ်ဆိုတဲ့ ဆန္ဒရှိတာပေါ့။ တိုင်းသူပြည်သားတွေ အားလုံး အသက်အိုးအိမ် စတေးခံရမယ့် ဧရာဝတီမြစ်ရိုးတစ်လျောက်မှာ လူဦးရေ ၃သန်းကျော် မှီခိုနေထိုင်တဲ့ လူဦးရေ အားလုံး ဒုက္ခ ရောက်မယ့်ဟာတော့ ကျနော်တို့က အဖြစ်မခံနိုင်တဲ့အတွက်ကြောင့်မို့ ဒီဟာ လုပ်ဆောင်ခြင်းဖြစ်တယ်ပေါ့။ ”

မြစ်ကြီးနားမြို့ ဆန္ဒပြပွဲကို လူ ၆၀၀၀ ကျော်လောက် တက်ရောက်ခဲ့ကြောင်းခန့်မှန်းထားပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်ရာမှာ အသံချဲ့စက်နဲ့ ဆောင်းဘောက်တွေ အသုံးပြုတာ၊ နဖူးစည်းစာတမ်းအသုံးပြုတာနဲ့ အခန်းအနားအစီအစဉ် မကိုက်ညီတာတွေကြောင့် မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက ဆန္ဒပြပွဲဦးဆောင်သူဆီကို ကန့်ကွက်စာ ပေးပို့ထားပြီး ညနေ ၅နာရီ အခမ်းအနားပြီးဆုံးချိန်မှာတော့ အခမ်းအနားကျင်းပဖို့ လျှောက်ထားသူ ဒေါ်ဂျာခေါန်ကို တရားစွဲဆိုခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမြန်အောင်မြို့မှာတော့ မြစ်ဆုံဆည်ဖျက်သိမ်းရေးလှုပ်ရှားမှုကို ဒီလ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ဦးခင်မောင်ဝင်းက ပြောပါတယ်။

“မြန်အောင်မှာ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ campaign လုပ်ပြီးသွားပြီ။ လူထုတွေသိအောင်လည်း ကြေညာပြီးပါပြီ။ လက်မှတ်တွေလည်း ထိုးပြီးသွားပါပြီ။ အဓိက ရည်ရွယ်ချက်က မြစ်ဆုံကို အပြီးအပိုင်ဖျက်သိမ်းရေးပေါ့။ ဒီ ဧရာဝတီချစ်သူများရယ်၊ ငြိမ်းချမ်းပါစေမြန်မာပြည်ကွန်ရက်နဲ့ ပူးပေါင်းပြီးတော့ လုပ်တာပါ။ ၃ရက် ၂လ ၂၀၁၉နေ့က လူထုဆန္ဒအားလုံး ၂ထောင် နဲ့ ၅ရာ ရပါတယ် လက်မှတ် ။ ကျနော်တို့ ဒီဥစ္စာတွေကို နိုင်ငံတော် အတိုင်ပင်ခံရုံးအထိအောင် ကျနော်တို့ ပို့ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်လို့ ပြည်သူလူထုကို အသိပေးတယ်။ ပို့လည်း ပို့မှာ။ ”

သူတို့ ကွန်ရက်အနေနဲ့ မြစ်ဆုံဆည်ဖျက်သိမ်းရေးလှုပ်ရှားမှုတွေကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီးက မြို့ပေါင်း ၂၀လောက်မှာ ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး လောလောဆည်မှာ ပုသိမ်နဲ့ အင်္ဂပူမြို့တွေမှာ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို လူထုက ကန့်ကွက်ဆန္ဒပြတာကြောင့် ၂၀၁၁ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိ ၇နှစ်ကြာမြင့်လာချိန်မှာ တရုတ်နိုင်ငံဘက်က ဒီစီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးစားလာတာကြောင့် အခုလို ဆန္ဒပြတာတွေ ကန့်ကွက်တာတွေ ထပ်မံပေါ်ပေါက်လာပြီး မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့ နဲ့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ တောင်းဆိုလာကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG