သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းပြန်စဖို့ တရုတ်လိုလား


 မြစ်ဆုံ စီမံကိန်း
မြစ်ဆုံ စီမံကိန်း

မြစ်ဆုံစီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်တဲ့အတွက် ပြန်လည်စတင်ဖို့ တရုတ် ကုမ္ပဏီ ဘက်က တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ တရုတ် နိုင်ငံအနေနဲ့ အခုလို တောင်းဆိုမှုမျိုးဟာ မသင့်လျော်ဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက ဝေဖန် ပါတယ်။ လက်ရှိ NLD အစိုးရက ဖွဲ့စည်းပေးထားတဲ့ မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင်ကတော့ စီမံကိန်းနဲ့ ပတ်သက်လို့ လေ့လာမှုတွေလုပ်ပြီး အစိုးရကို တင်ပြထားပြီးဖြစ်ပေမယ့် အခု ချိန်အထိ အစိုးရဘက်က အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ကာလကြာရှည်ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူလူထု လက်ခံနိုင်မယ့် စီမံ ကိန်း တခုအနေနဲ့ ပြန်လည် စတင်လိုတယ်လို့ တရုတ်ကုမ္ပဏီ ဘက်က ဇန်နဝါရီ ၃၀ရက်နေ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

ကချင်ပြည်နယ်အပါအဝင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ မြစ် ဆုံ စီမံကိန်း ပြန်လည်စတင်ဖို့ တရုတ်ဘက်ကပြောတာဟာ လုံးဝ မသင့်လျော်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အဲ့ဒီကိစ္စကတော့ ဗူးလေးရာ ဗရုံဆင့်တဲ့ သဘောလို့ ယူဆရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ သိတဲ့ အတိုင်းပဲလေ။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့မသွားနိုင်တာတွေ၊ စီးပွား ရေးအရ ကြောင့်ကြနေရတဲ့ ကိစ္စတွေ အနေအထားတွေ အမျိုးမျိုးအောက်မှာ တရုတ်ပြည်က ပြဿနာ တခုတင်ပြလာတဲ့အခါကျတော့ မြွေပူရာကင်းမောက်ဆိုတဲ့ ကိစ္စမျိုးလို့ ကျွန်တော်တို့ဘက်က ခံစားရပါ တယ်”

ဒါပေမယ့် တဖက်မှာလည်း မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်ကို ပြတ် သားတဲ့ အဖြေတခုပေးသင့်ပြီလို့ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

“ အခုလို မပြတ်မသားဖြစ်နေတဲ့အတွက် ဒီဟာကို တာဝန်ယူရတဲ့ တရုတ်ပြည်၊ တရုတ်ကုမ္ပဏီအနေနဲ့ နစ်နာမှုလေးရှိတာပေါ့။ အဲ့တော့ ကျွန်တော်တို့ လျော်နိုင်ရင် လျော်မယ်၊ မလျော်နိုင်ရင် ဘယ်လို ဖြေရှင်းမယ်ဆိုတာ တော့ ဒီနေ့ဒီချိန်ခါမှာ ပြောသင့်ပြီလို့ ထင်ပါတယ်။”

မြစ်ဆုံစီမံကိန်း ပြန်လည် စတင်လိုကြောင်း တရုတ်ဘက်က ပြောတာဟာ ပထမဆုံးကြိမ် မဟုတ်ဘဲ မြန်မာအစိုးရကို မြစ်ဆုံစီမံကိန်းကိစ္စ ဆက်လက်ဆွေးနွေးဖို့ ပုံမှန် သတိပေးနေကျလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီး သိပ်မကြာခင်မှာ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းပေးပြီး ကော်မရှင်ရဲ့ပထမဆုံးအကြိမ် အစီရင်ခံစာကို ၂၀၁၆နိုဝင်ဘာမှာ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တာပါ။ ကော်မရှင်ရဲ့ အပြီးသတ် ခံစာကိုတော့ ဘယ်တော့ ထုတ်ပြန်မလဲဆိုတာ မသိရသေးပါဘူး။

မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင်မှာ ပါဝင်တဲ့ ပညာရှင်တွေအနေနဲ့ လေ့လာစိစစ်မှုအပိုင်း အားလုံးပြီးလို့ အစိုးရထံ တင်ပြပြီးပေမယ့် အစိုးရဘက်က အကြောင်းပြန်လာတာ မရှိသေးဘူးလို့ မြစ်ဆုံ စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်အေးက အခုလို ပြောပါ တယ်။

“ ကျွန်တော်တို့ ဒီဖက်က ပညာရှင်တွေပိုင်းကတော့ စူးစမ်းလေ့လာမှုတွေ လုပ်ပြီးပြီ၊ တင်ပြစရာ ရှိတာ တွေ တင်ပြပြီးပြီ၊ ကိုယ်တတ်နိုင်သလောက် သိသလောက် ဉာဏ်မီသလောက် အကြံကောင်း ဉာဏ်ကောင်းတွေ ပေးပြီးပြီ၊ တင်ပြပြီးပြီ။ လူကြီးတွေက စဉ်းစားနေကြတယ် ထင်ပါတယ်။ အဲ့အဆင့်မှာပဲ လုပ်ငန်းက ခဏလေး နားနေတဲ့ သဘောဖြစ်သွားတာပေါ့။”

ကချင်ပြည်နယ်အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွားကို ရှေ့ရှုပြီး မြစ်ဆုံ စီမံ ကိန်း ပြန်စဖို့ ပြောလာတဲ့ တရုတ်နိုင်ငံဘက်ကိုရော၊ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ မြန်မာအစိုးရကိုပါ စိတ်ပျက်မိတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် (KDNG) အဖွဲ့က ကိုဆားဂျီးက ပြောပါတယ်။

“ ဒီလောက်ထိ ဆိုးဆိုးရွားရွား နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကိုယ့်အမျိုးသား စီးပွားအတွက် တရုတ်အတွက်ပဲ ထည့်စဉ်းစားတာဟာ အိမ်နီးချင်းကောင်း ပီသတဲ့ အပိုင်းတော့ မဟုတ်ဘူး။ တော်တော့်ကို အခြေအနေက လွန်တာထက် ကျွံတဲ့သဘောမှာရှိတယ်၊ ဒီကိစ္စတွေက။ ဘာပဲဖြစ်ဖြစ် ဒါက သူများနိုင်ငံဖြစ်တဲ့အခါကျ ကျွန်တော်တို့လည်း အပြစ်တင်ရှုံ့ချလို့လည်း အခက်အခဲ တွေ့ရတယ်။ ကျွန်တော်တို့ ပိုပြီးမှ ပိုဆိုးတာက ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရက နှုတ်ဆိတ်နေတော့ တော်တော်ကို အခြေအနေ ဆိုးလှတယ်။”

အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဖုအထစ် ဖြစ်စေခဲ့တာပါ။

တရုတ် နိုင်ငံခြား ရေးဌာန ဘက်ကတော့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ နှစ်ဘက် သဘောတူထားတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး ပြည့်ပြည့်စုံစုံ အတည်ပြုပြီးသား လုပ်ငန်းစဉ် ဖြစ်တာကြောင့် အခက်အခဲတွေကို ကျော်လွှားပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG