သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေး မြန်မာအစိုးရက တရုတ်ကို ပြတ်သားတဲ့အဖြေပေးသင့်ဟု အကဲခတ်တွေသုံးသပ်


မြစ်ဆုံ။
မြစ်ဆုံ။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာ အစိုးရအနေနဲ့ ပြတ်သားတဲ့ အဖြေတခု ပေးသင့်ပြီလို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းအတွက် အခက်အခဲတွေကို ကျော် လွှားပြီး မြန်မာအစိုးရနဲ့ဆက်ပြီး ဆွေးနွေးမယ်လို့ ပြောဆိုထားတာပါ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံ တကာ မျက်နှာစာမှာ မြန်မာအစိုးရဘက်ကနေပြီး တရုတ်အစိုးရရဲ့ ကာကွယ်ပြောဆိုပေးမှုတွေအတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ပြန်လည် ငဲ့ကွက်ဖို့ သတိပေးတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေတာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်ကတင်ပြပေးပါမယ်။

မြစ်ဆုံစီမံကိန်းလို ရေအားလျှပ်စစ်စီမံကိန်းကြီးတွေဟာ မြန်မာပြည်ရဲ့ ကာလရှည်ကြာ စွမ်းအင်လိုအပ်မှု ကိုဖြေရှင်းဖို့ ဦစားပေး မဟာဗျူဟာမဟုတ်ဘူးလို့ မြန်မာစွမ်းအင် ဝန်ကြီးက ပြောခဲ့ပြီးပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံဘက်က မြစ် ဆုံ စီမံကိန်းအတွက် မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြား ထားတာပါ။

ဒါဟာ မြန်မာအစိုးရကို အကျပ်ကိုင်တဲ့ သဘောလို့တော့ မဆိုနိုင်ပေမဲ့ ကာလကြာရှည် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ တရုတ်နိုင်ငံဘက်ကို ပြတ်သားတဲ့ အဖြေတခု ပေး ဖို့ အချိန်သင့်ပြီလို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

"ဒီမြစ်ဆုံနဲ့ပတ်သက်လို့ သူ့အနေနဲ့က အဖြေစောင့်နေတာကြာပြီလေ။ မြန်မာပြည် ကလည်း တခြားကိစ္စတွေက များနေတယ်လေ။ ဒီကိစ္စကို မြန်မာပြည်ကလည်း အဖြေက ဆက်ပြီးတော့ မပေးဘူး အဲ့လိုအဖြစ်မခံတော့ ဒါ မြန်မာပြည်ဘက်က အားနည်းချက် တခုပေါ့လေ ဆိုတော့ ဒီအချိန်မှာ ဒါကို သဘောတူညီချက်တခုယူပြီးတော့ ဆောင်ရွက် ပါမယ်ဆိုတဲ့ Cooperate လုပ်ချင်ပါတယ်ဆိုတဲ့ ကမ်းလှမ်းချက်လို့ပဲ သတ်မှတ်လို့ရပါတယ်။ ကျနော့်အနေနဲ့တော့ အကျပ်ကိုင်တယ်လို့တော့ မမြင်ပါဘူး။ "

ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာရော၊ နိုင်ငံတကာ မျက်နှာစာမှာ ပါ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ ကာကွယ် ရပ်တည်ပေးခဲ့ တာတွေအတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ပြန်လည်ငဲ့ကွက်ဖို့ သတိပေးတာလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ခင်ဇော်ဝင်းက အခုလိုပြောပါတယ်။

" ဘာပဲပြောပြောလေ Resolution ပဲခေါ်ခေါ် တရုတ်နဲ့ ရုရှားရဲ့ အင်အားက ပါနေတာပဲ တိုက်ရိုက်မဟုတ်သည့်တိုင်အောင် သွယ်ဝိုက်ပြီးတော့ အကျိုးဆောင်ပေးခဲ့တယ် ဆိုတဲ့ အဲ့ဒီ့မတ်ဆေ့လည်းဖြစ်နိုင်တာပဲ။"

မြန်မာပြည်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးကရော၊ နိုင်ငံတကာကပါ စိတ် ရှည်သည်းခံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအဖွဲ့အကြီးအကဲ Wu Haitao က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပန်ကြားခဲ့တာပါ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ တည်ငြိမ်တဲ့ဘက်ကို ဦးတည်လာပြီဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က မြစ်ဆုံစီမံကိန်းကိစ္စဆက် ဆွေးနွေးဖို့ ပြောတာဟာ မြန်မာအစိုးရကို ပုံမှန် သတိပေးနေကျပုံစံဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အဖြေတခု ရလိုတဲ့ သဘောဖြစ်တယ်လို့ မြန်မာအရေး လေ့လာသူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ ပြောပါတယ်။

" ကျနော်နားလည်သလောက်က ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က ဘာအဖြေမှ မပေးသေးဘူး။ စီမံကိန်း ယာယီရပ်ဆိုင်းလိုက်တဲ့အချိန်ကစပြီးတော့ အစိုးရဆီမှာ ပုံမှန်ပေါ့နော် ဘယ်လိုများ ဒီကိစ္စကို စီမံဆောင်ရွက်ထားလဲ ဘယ်လိုများ ဆုံးဖြတ်ချက်ရှိထားလဲဆိုတာ ပုံမှန်မေးနေကျ ပုံမှန်သတင်းထုတ်ပြန်နေကျပဲ။ မြန်မာအစိုးရရဲ့ အဖြေမရသေးတော့ သူတို့က ရပ်ရမလား ဒီဥစ္စာကို ပုံစံပဲပြောင်းရမလား။ သို့မဟုတ် တခြားသောဖွံ့ဖြိုးရေးစီမံကိန်းတွေကို လုပ်မလား ဒါမှမဟုတ် ငွေကြေး ရှင်းလင်းတာပဲ လုပ်မလားဆိုတာ မသိသေးတဲ့အခါကျတော့ မြန်မာအစိုးရနဲ့ ဆက်ပြီးတော့မှ ညှိနှိုင်းပြီးတော့ လုပ်ဖို့ရှိတယ်ဆိုတာ အခါအားလျော်စွာ ပြောတယ်လို့ပဲ ယူဆပါတယ်။"

NLD အစိုးရတက်လာခဲ့ပြီးနောက် ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလ ျှပ်စစ် စီမံကိန်း လေ့လာစိစစ် သုံးသပ် ရေး ကော်မရှင်ကို ၂၀၁၆ သြဂုတ်လမှာ ဖွဲ့စည်းပေးခဲ့ပြီး အဲ့ဒီကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာ ကို ၂၀၁၆ နိုဝင်ဘာလမှာ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်ခဲ့ခြင်းမရှိသလို အပြီးသတ် အစီရင်ခံစာ ဘယ်တော့ ထုတ်ပြန်မလဲဆိုတာလည်း သေချာမသိရသေးပါဘူး။

သမ္မတဦးသိန်းစိန်လက်ထက်က ယာယီရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို လူထုက အပြီးအပိုင် ရပ်ဆိုင်းစေလိုပေမယ့် ဒါဟာ တရုတ်နဲ့ မြန်မာ အစိုးရကြား ဘယ်လောက် အပေးအယူ လုပ်နိုင်မလဲအပေါ် မူတည်မယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) အဖွဲ့က ကိုဆားဂျီးက ပြောပါတယ်။

"တရုတ်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အစိုးရနဲ့ လွန်ဆွဲပွဲမှာ ဒါက အဓိကကျမှာ အကယ်လို့ မြစ်ဆုံ ရေကာတာကို တရုတ်ဘက်က ဘယ်လောက်အထိ သူတို့က အပေးအယူလုပ်နိုင်မလဲဆိုတာ တရုတ်ဘက်က ဆုံးဖြတ်ချက်အပေါ်မှာ မူတည်လိုက်မယ် ဒီအပိုင်းကတော့။"

အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ယာယီ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို အဖုအထစ်ဖြစ်စေခဲ့တာပါ။

သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပြီး တခြား အစားထိုး စီမံကိန်းတွေ လုပ်နိုင်ဖို့အရေး နှစ်ဖက်နိုင်ငံ အရာရှိတွေ ဆွေးနွေးခဲ့ကြ တယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့ ဧပြီလတုန်း ပေါ်ထွက်ခဲ့တာပါ။

တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူကတော့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ နှစ်ဘက် သဘော တူထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး ပြည့်ပြည့်စုံစုံ အတည်ပြုပြီးသား လုပ်ငန်းစဉ်ဖြစ်တာ ကြောင့် အခက်အခဲတွေကိုကျော်လွှားပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG