သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်အမြင်တွေကြောင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းဟု တရုတ်သတင်းစာ ရေးသား


ဧရာဝတီမြစ်
ဧရာဝတီမြစ်

မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာရတာဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်သတင်းစာတစောင်ရဲ့ ရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ သတိထားဖို့လိုတယ်လို့ တရုတ်- မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူ တဦးက သုံးသပ်ပါတယ်။ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဧရာဝတီ မြစ်ဆုံဒေသစီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ မြစ်ဆုံဒေသကို သွားရောက်လေ့လာ ခဲ့ပြီး မကြာခင်မှာပဲ အခုလို ရေးသားချက်မျိုး ထွက်ပေါ်လာတာပါ။ သတင်းအပြည့်အစုံ ကိုတော့ ဗွီအို အေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တွေကို မွေးထုတ်ပေးနေတဲ့ ဗဟိုပါတီကျောင်းက ထုတ် ဝေတဲ့ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ထုတ် သတင်းစာမှာ မြန်မာပြည်သူတွေကြား မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာအောင် အစွန်းရောက်တဲ့အဖွဲ့အစည်းတွေ၊ အ စွန်း ရောက်တဲ့ မီဒီယာတွေက လုပ်ဆောင်နေတာဖြစ်တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

The Study Times လို့ခေါ်တဲ့ တရုတ်နိုင်ငံက ဗဟိုပါတီကျောင်းက ပိုင်တဲ့ သတင်းစာဟာ တရုတ်အစိုး ရရဲ့ မူဝါဒတွေကို ထင်ဟပ်လေ့ရှိတာမို့ ဒီရေးသားဖော်ပြမှုနဲ့ ပတ်သက်လို့ သတိထားဖို့တော့ လိုမယ်လို့ တရုတ်- မြန်မာ ဆက်ဆံရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ဗဟိုကျောင်းလို့ခေါ်တယ် အဲဒါကတော့နည်းနည်း သြဇာကြီးတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ဗဟိုကော်မတီတွေအတွက် အထူးဖွင့်ထားတဲ့ကျောင်း ကထုတ်တာဖြစ်တော့ ယေဘုယျအားဖြင့် အစိုးရကို ပေါ်လာစီတွေအကြံပေးနေတဲ့ ဌာနတွေဘာတွေလည်းဖြစ်တယ်။ အဲဒီက အကြံပေးချက်တွေဘာတွေလည်းရှိတော့ တချို့ကတော့ ဒီလိုတောင်ပြောတယ် အဲဒီဗဟိုကျောင်းကထွက်လာတဲ့ ညွန်ကြားချက်တွေဟာ အစိုးရရဲ့ ပေါ်လစီဖြစ်ဖို့ လမ်းများတယ်လို့ တချို့ကပြောတယ်။ ဗဟိုကျောင်းဆိုတာက အစိုးရနားကို ပေါက်တဲ့ကျောင်းဖြစ်တာကို ၊ အာဘော်တွေဖြစ်တာကိုအဲဒီတော့ သတိတော့ထားသင့်တယ်လို့ ထင်ပါတယ်။”

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေး တာခံနေရသလို မြန်မာပြည်က မီဒီယာတချို့ရဲ့ အစွန်းရောက်တဲ့ ရေးသားပြောဆိုမှုတွေကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်မယ့် စီမံကိန်းတွေကို ကြီးကြီးမားမား ထိခိုက်စေတယ်လို့ လည်း တရုတ်ဗဟိုပါတီကျောင်းပိုင် သတင်းစာက ဖော်ပြထားပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဌ ဦးဝင်းမျိုးသူကတော့ ဘယ်အချက်ကို ကြည့်ပြီး အစွန်းရောက်တယ်ဆိုတာ စွပ်စွဲသလဲလို့ မေးခွန်းထုတ်ပါတယ်။

“အဲဒီတော့ တရုတ်နိုင်ငံကတော့ စွပ်စွဲတာကတော့ သူတို့ကတော့ စွပ်စွဲနေကြပဲလေ။ အဲဒီတော့ ဘယ်အချက်အလက်ပေါ်မှာမှုတည်ပြီး စွပ်စွဲတာလဲ ၊ ဘက်အချက်အလက်ကိုပြောတာလဲ၊ လူထုကမကြိုက်လို့ပြောတာကို သူတို့ကအစွန်းရောက်တယ်ဆိုတော့ အစွန်းရောက်တယ်ဆိုတာက ဘာလုပ်တာလဲ၊ အစွန်းရောက်တယ်ဆိုတာက ဘာတွေများဖြစ်တာလဲ အဲဒါတွေတော့ သိချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်- မြန်မာ နှစ်နိုင်ငံအတွက် အဆင်ပြေစေမယ့် အဖြေတခုရှာဖို့ ဆန္ဒရှိသလို လက်ရှိမှာတော့ မြစ်ဆုံ ကော်မရှင်အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်မှုတွေလုပ်နေပြီး သမ္မတထံ လာမယ့် နိုဝင်ဘာလမှာ အစီရင်ခံစာတင် သွင်းဖို့ ရှိပါတယ်။

မြစ်ဆုံ စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ခံစားမှု အပါအဝင် တရုတ်- မြန်မာနှစ်နိုင်ငံရဲ့ စဉ်းစားချက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အားလုံးလက်ခံနိုင်လောက် တဲ့ အဖြေတခု ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တကယ့်ကို သိပ္ပံနည်းကျ စဉ်းစားပြီးတော့ မြန်မာပြည်ရဲ့လိုအပ်မှုရော ၊ ပြည်သူလူထုရဲ့ ခံစားမှုရော၊ အကုန် တရုတ်ပြည်ရဲ့ နစ်နာချက်တွေရော ၊ မြန်မာပြည်ရဲ့လိုအပ်မှုရော အားလုံး ခြုံပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတခုရမယ်လို့တော့ ထင်ပါတယ်။”

မြစ်ဆုံ စီမံကိန်း ကော်မရှင်အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာတင်သွင်းတာလောက်ပဲရှိပြီး ပြတ်သားတဲ့ အဖြေတခုကို သုံးသပ်ပေးပါ့မလားဆိုတာ သံသယရှိတယ်လို့ ဦးဝင်းမျိုးသူက သူ့အမြင်ကို အခုလို ပါတယ်။

“လက်ရှိကော်မရှင်ကတော့ သူတို့မကြိုက်ရင် မကြိုက်တဲ့ သူတို့ရတဲ့အချက်အလက်ကိုပဲ သူတို့က ဒီအတိုင်းပြည်လည်ဖော်ပြပေးမယ်ဆိုတဲ့အနေအထားလောက်ပဲ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ပေးပ့ါမလားဆိုတာလည်း ဆရာ့အနေနဲ့ကတော့ သံသယရှိတယ်ပေါ့နော်။ ဟိုဘက် ဒီဘက်ပေါ့ ၂ ဖက် ဆည်ဆောက်ချင်တဲ့လူနဲ့ မဆောက်ချင်တဲ့လူတွေဟာကို စုပြီးတော့ တင်ပြပေးမယ့်သဘောပဲ လို့ နားလည်တယ်။ အဖြေတခုခုကို သုံးသပ်ပြီးတော့ ပေးပါ့မလားတော့ ဆရာ့အနေနဲ့ သံသယဝင်တယ်။”

ဧရာဝတီမြစ်ကို မှီတင်းနေထိုင်သူ တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ကန့်ကွက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီယီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁မှာ ယာယီရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ လက်ရှိ NLD သစ် လက်ထက်မှာတော့ တရုတ်အစိုးရဘက်က စီမံကိန်းကို ပြန်စတင်လိုကြောင်း ပြောဆိုထားပြီး မြန်မာပြည်သူတွေဘက်ကတော့ မြစ်ဆုံစီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းစေလိုတဲ့ ဆန္ဒရှိတာမို့ လက် ရှိမှာ ကော်မရှင်ဖွဲ့ပြီး ဆန်းစစ်လေ့လာမှုတွေ လုပ်နေတာပါ။ စီမံကိန်းကို အပြီးသတ်ရပ်ဆိုင်းလိုက်မယ် ဆိုရင်တော့ မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးလျော်ရမယ့် အခြေအနေ ရှိနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG