သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံ စီမံကိန်း လေ့လာချက် - အပိုင်း (၁)


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ် မြစ်ဆုံတဝိုက်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ရေကာတာ (၇) ခု တည်ဆောက်ဖို့ စီမံကိန်းကို ဘယ်လို ရှေ့ဆက်မလဲဆိုတာ အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး VOA မြန်မာပိုင်းကနေ အထူးအစီအစဉ်အဖြစ် အပိုင်း (၃) ပိုင်းခွဲပြီး တင်ပြမှာ ဖြစ်ပါတယ်။ အပိုင်း (၁) ရေကာတာ စီမံကိန်း တည်ရှိရာ ဒေသတဝိုက်ဟာ မြန်မာပြည်ကြီးအတွက် ဘယ်လောက် အရေးပါသလဲ။ ကန့်ကွက်သူတွေက ဘာတွေကို စိုးရိမ်နေသလဲဆိုတာကို ကိုယ်တိုင်သွားရောက်လေ့လာထားတဲ့ ကိုသားညွှန့်ဦး က တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မြစ်ဆုံဒေသဟာ ကချင်လူမျိုးတွေ၊ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို စမ်းစစ်ကြည့်ပါမယ်။

ဦး H. လှအောင် ။ ။ အရှေ့ဘက်ခြမ်းမှာရှိတဲ့ မိုင်းခန့်၊ ကုန်ရေခန့် အဲဒါဆိုရင် ဟိမဝန္တာ ရေခဲတောင်ကနေ မြစ်ဖျားခံပြီး ဆင်းလာတဲ့ရေအိပ်ချောင်း ဖြစ်တယ်။ အဲဒီလိုမျိုးပဲ မလိခဆိုတာလည်း .. ဆင်းလာပြီး တောင်ထိပ်ကနေ မြစ်ဖျားခံလာတဲ့ ရေပူချောင်းဖြစ်တယ်။ ဒီချောင်းနှစ်ခုဟာ ဒီမှာ ဆုံပြီးမှ မြစ်ဝကျွန်းပေါ် ဖြစ်လာတဲ့နေရာမှာ အပေါ်မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေအားလုံးက ဒီမှာ စုနေကြတယ်ဆိုတော့ အဲဒီလို မြစ်သားမြစ်ကြီးတွေ စုနေတဲ့ သဘာဝ ဥပမာ ရွှေတွေလည်း ပါဝင်ဖို့များတယ်။ သယံဇာတတွေက ဒီမှာရှိတယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံဒေသဟာ ကချင်ဒေသရဲ့ သယံဇာတအရေး အရင်းအမြစ် သိုမှီရာဖြစ်တဲ့အကြောင်း ကချင်ပြည်နယ်အစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H. လှအောင် ပြောသွားတာပါ။ ၂၀၀၆ ခုနှစ်က တရုတ်နိုင်ငံပိုင် China Power Investment Corporation (CPI) ကုမ္ပဏီနဲ့ မြန်မာအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ မြစ်ဆုံဒေသတဝိုက်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ ရေကာတာကြီး (၇) ခု တည်ထားဖို့ ဖြစ်ပါတယ်။ ဟီမိုင်ခ ခေါ် မေခမြစ်ပေါ်မှာ ရေကာတာ (၅) ခု၊ မလိခမြစ်ပေါ်မှာ (၁) ခုနဲ့ မြစ်နှစ်ဆင်းပေါင်းစုံတဲ့ မြစ်ဆုံမှာ (၁) ခု စုစုပေါင်း (၇) ခု ဆောက်လုပ်ဖို့ ယာထားတာပါ။ မြစ်ဆုံအောက်ဘက် ရေကာတာကတော့ အကြီးဆုံး ရေကာတာ ဖြစ်ပါတယ်။ ဒီရေကာတာ (၇) ခုကနေ ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ပမာဏဟာ မီဂါဝပ် နှစ်သောင်းကျော်မယ်လို့ ခန့််မှန်းထားသလို မြန်မာနိုင်ငံဘက်က နှစ်စဉ်ဒေါ်လာ သန်း (၅၀၀) ကျော် အခွန်ငွေရရှိနိုင်မယ်လို့ သိရပါတယ်။ နှစ် (၅၀) ပြည့်လို့ မြန်မာအစိုးရကနေ ဒီရေကာတာတွေကို ပြန်လည်လက်ခံရယူချိန်မှာတောင်မှ ရေအားလျှပ်စစ်ထုတ်လုပ်မှုကနေ ဝင်ငွေဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေအုံးမယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ တနှစ်ကို မီဂါဝပ် နှစ်ထောင်နဲ့သုံးထောင်ကြား သုံးစွဲနေရတဲ့ မြန်မာနိုင်ငံအတွက်လည်း လျှပ်စစ်အတော်အတန် ဖူလုံသွားမယ်ဆိုတဲ့သဘောတော့ ရှိပါတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ စက်မှုဖွံ့ဖြိုးမှု အားနည်းပြီးတော့ လျှပ်စစ်ဓါတ်အား ကြီးမားနေတဲ့ မြန်မာနိုင်ငံအတွက်တော့ မက်လောက်စရာ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ၃.၆ ဘီလီယံ သုံးစွဲမယ့် မြစ်ဆုံရေကာတာ စီမံကိန်း သုံးစွဲမှုအပေါ်မှာ ဒီပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေ ရောက်ရှိလာတဲ့အချိန်မှာ ကချင်လူထုသာမက မြန်မာတပြည်လုံးကပါ ကန့်ကွက်ခဲ့ကြပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့် ဧရာဝတီမြစ်မကြီးဟာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မှီတင်စားသောက်နေထိုင်ကြတဲ့ မြစ်မကြီးပါ။ ဧရာဝတီမြစ်ကြီးနဲ့ မြန်မာ့သမိုင်းဟာ ထပ်တူကျနေတာမို့ ဧရာဝတီမြစ်ဖျားခံရာ မြစ်ဆုံဒေသဟာ ကချင်အတွက်သာမက မြန်မာပြည်တပြည်လုံးအတွက်ပါ အရေးပါတယ်လို့ လူထုတိုက်က စာရေးဆရာညီပုလေး က ပြောပါတယ်။

ဆရာညီပုလေး ။ ။ ကျနော်တို့က မြစ်ဆုံဆိုတာနဲ့ တပြိုင်တည်း ကချင်ဒေသကွက်ကွက် မဟုတ်ဘူးဗျ။ တပြည်လုံး ကိုယ်စားပြုပြီး ခံစားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီမြစ်က ကျနော်တို့ ဗမာတွေ၊ တိုင်းရင်းသားတွေ ဒီတိုင်းပြည်ကို အကျိုးပြုနေတာ ရာစုနှစ်တွေ များလှပြီ။ သူ့ရဲ့သမိုင်းက နှစ်တွေထောင်ချီခဲ့တဲ့ မြစ်ကြီး။ ကုန်ပစ္စည်းတွေ အများကြီး သူသယ်ပိုခဲ့တယ်။ ဒီမြစ်ကြီးကနေ သားတွေ၊ ငါးတွေ အများကြီး ပေးဆပ်ခဲ့ပြီးပြီ။ ပြီးတော့ မြစ်ကမ်းနားဘေးမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေကလည်း သန်းနဲ့ချီပြီး ရှိကြတယ်။ ဧရာဝတီမြစ်အကြောင်း ပြောတိုင်းပြောတိုင်း ဒီလိုတွေ ရှိခဲ့တဲ့ အစဉ်အလာကြီးကို ကျနော်တို့ စိတ်မဝင်စားဘဲ မနေနိုင်ဘူး။ ထည့်မစဉ်းစားဘဲ မနေနိုင်ဘူး။ နောက်ပြီးတော့ ဧရာဝတီမြစ်ကြီးသာ မရှိခဲ့ရင် ကျနော်တို့ သမိုင်းက တမျိုးဖြစ်မှာ။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံဟာ ကချင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာဖြစ်တယ်လို့လဲ ဆေးရောင်စုံအဖွဲ့ရဲ့ မြစ်ကြီးနားရုံးတာဝန်ခံ ကိုကျော်ကျော်ဦး က ပြောပါတယ်။

ကိုကျော်ကျော်ဦး ။ ။ မြစ်ဆုံဟာ အမျိုးသားယဉ်ကျေးမှုတွေကော၊ နောက် ကျနော်တို့ရဲ့ National Identity . နောက် ဗမာပြည်ထဲမှာစီး၊ ဗမာပြည်ထဲမှာ မြစ်ဖျားခံ စီးဝင်တဲ့ အမိမြန်မာပြည်။ ဒီဟာတွေအားလုံးက ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်တွေ တော်တော်ထိန်းသိမ်းထားခဲ့တာ။ မြစ်ဆုံနေရာဟာ ဘာကြောင့်လဲဆိုတော့ ကချင်အမျိုးသားတွေရဲ့ ဟိုအရင်တုန်းက Father တွေ သာသနာပြုခဲ့တဲ့နေရာ။

ကိုသားညွှန့်ဦး ။ ။ မြန်မာနိုင်ငံတလွှာ မြစ်ကြီး (၄) စင်း ရှိတဲ့အထဲ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံမြောက်ဖျားကနေ တောင်ပိုင်းပင်လယ်ပြင်အထိတကြော ဖြတ်သန်းသွားတဲ့ မြစ်မကြီးပါ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာဟာ မြေငလျင်ကြော တည်ရှိမှုနဲ့ သိပ်မလှမ်းတဲ့ အကွာအဝေးမှာ ရှိနေတော့ တကယ်လိုများ မတော်တဆ ငလျင်လှုပ်ခဲ့ရင် ရေထုထည်များစွာကို သိုလှောင်ထားမယ့် ရေကာတာ ကျိုးပေါက်မယ့် အန္တရာယ်ကိုလည်း စိုးရိမ်တွက်ဆကြပါတယ်။ ဒီထက်ပို စိုးရိမ်ချက်ကတော့ ဧရာဝတီမြစ်မထိပ်ဖျားကနေ ပိတ်ပြီးတော့ တည်ထားမယ့် ရေကာတာကို တရုတ်ကုမ္ပဏီတွေ ထိန်းချုပ်လုပ်ကိုင်မယ်ဆိုတဲ့ အနေအထားပါ။ ထိုင်းနိုင်ငံ ချူလာလောင်းကွန်တက္ကသိုလ်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သုတေသနပြုခဲ့သူ မခွန်ဂျာအောင် ကတော့ မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ထိပါးစေတယ်လို့ ထင်ပါတယ်။

မခွန်ဂျာအောင် ။ ။ ဒီမြစ်ဆုံကို လုပ်လိုက်ပြီဆိုရင်၊ ခွင့်ပေးလိုက်မယ်ဆိုရင် ဒီနေရာက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်လို့ ကျမက အဲဒီလို မြင်တယ်။ ဘာလို့လဲဆိုတော့ မြစ်ရိုးအပေါ်ပိုင်းဘက်ကို Dam လုပ်တဲ့ ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို အုပ်ချုပ်ပိုင်ခွင့် ပေးလိုက်ခြင်းအားဖြင့် ဒီမြစ်ရိုးတလျှောက်လုံးရဲ့ရေ အထိန်းအချုပ်က သူတို့ရဲ့ လက်ထဲကို ရောက်သွားပြီ။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်ရေး ဆောင်ရွက်မယ့် မြန်မာ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်ကုမ္ပဏီ လီမီတက်ရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်တော့ မြစ်ဆုံဒေသ ရေကာတာစီမံကိန်းတွေ မစခင်ကတည်းက ပတ်ဝန်းကျင် နဲ့ ဒေသခံတွေအပေါ်မှာ ထိခိုက်မှု ရှိနိုင်ချေတွေနဲ့ ပတ်သက်ပြီး လေ့လာစူးစမ်း သုတေသနပြုချက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဘူမိဗေဒနဲ့ ဇလဗေဒ ပညာရှင်တွေနဲ့ မြစ်ဝှမ်းစီမံခန့်ခွဲမှု သုံးသပ်တာတွေ၊ ဂေဟစနစ် ပတ်ဝန်းကျင် သက်ရောက်နိုင်ချေကို သုံးသပ်တာတွေ၊ ရေလှောင်ကန်ဒေသအတွင်း ပြန်လည်နေရာချထားမှုတွေအပေါ် သုံးသပ်တာ၊ ငလျင်ဒဏ် ကာကွယ်ရေး အခြေအနေ သုံးသပ်ချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တမန်လုခြုံမှုအတွက် မြေပြင်အနေအထား၊ ဘူမိအခြေအနေ၊ ရေဘေး နဲ့ ငလျင်တို့အပေါ် တိုင်းတာတွက်ချက်ပြီးတော့ ဘေးကင်းလုံခြုံရေး အစီအမံတွေ ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြစ်ဆုံရေကာတာကြောင့် မြစ်ကြီးနားမြို့အနေနဲ့ (၅) နှစ်တခါ ကြုံနေရတဲ့ ရေဘေးကိုပါ အကာအကွယ်ပေးနိုင်တယ်ဆိုပြီးတော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကုမ္ပဏီဘက်က ဆိုပါတယ်။ ဒါပေမဲ့လဲ မြစ်ဆုံရေကာတာ တည်ဆောက်ရေး ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေဘက်ကတော့ ကုမ္ပဏီဘက်ကပေးတဲ့ အာမခံချက်တွေအပေါ် မယုံကြည်ကြပါဘူး။ ဒီအထဲမှာ ကိုကျော်ကျော်ဦးလည်း ပါဝင်ပါတယ်။

ကိုကျော်ကျော်ဦး ။ ။ တရုတ်က အမြဲတမ်း လုပ်ခဲ့တဲ့နေရာမှာတော့ ပြီစလွယ် လုပ်ခဲ့သွားတာပဲ ရှိတယ်။ အဲဒါတွေက သူတို့ ကြည့်ခဲ့မယ်ဆိုရင် ဟိုဘက်မှာဆိုရင် တရုတ်ပြည်ထဲမှာ တည်ထားတဲ့ ရေအားလျှပ်စစ်တွေတောင်မှ အကုန်လုံး ခမ်းခြောက်ပြီးတော့ မြစ်တွေ၊ သဘာဝပတ်ဝန်းကျင် တော်တော်ပျက်စီးပြီးတော့ သားငါးတွေတောင်မှ မနေနိုင်လောက်တဲ့အဆင့် ဖြစ်ကုန်တာ ဒါ သာဓကတွေ အများကြီး ရှိပါတယ်။ နောက်ပြီးတော့ ဒီမှာဆိုလဲ သူတို့ အဲဒါလုပ်လိုက်တာနဲ့ တပြိုင်ထဲ တံတားတွေ ဘာတွေ ဆောက်တာတောင်မှ သောင်ထွန်းတာတွေနဲ့ ကမ်းပါးပြိုတာတွေ တော်တော်များများ ဧရာဝတီမှာ ရင်ဆိုင်လိုက်တယ်ဆိုတော့ ဒါကြီးလုပ်ပြီသွားရင် အခက်အခဲတွေနဲ့ တော်တော်ရင်ဆိုင်ရမယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းကနေ ထွက်လာမယ့် လျှပ်စစ်စွမ်းအားဟာ မြန်မာနိုင်ငံအတွက် တစုံတရာ ဖူလုံစေရုံမကဘဲ တရုတ်အပါအဝင် အိမ်နီးချင်း ပြင်ပနိုင်ငံတွေကိုပါ တင်ပို့နိုင်တာကြောင့်မို့ ဒီကနေ နှစ်စဉ်ဒေါ်လာ သန်းနဲ့ချီတဲ့ အခွန်ငွေတွေ ရရှိမှာ ဖြစ်ပါတယ်။ တခြားတဘက်မှာတော့ ဒေသအတွင်း အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးကိုပါ အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ အစိုးရဘက်က ပြောခဲ့တာပါ။ မြစ်ဆုံရေကာတာ စီမံကိန်းကနေ မြန်မာနိုင်ငံအတွက် ဝင်ငွေတွေ၊ တခြားဒေသတွင်း ဖွံ့ဖြိုးရေးအခြေအနေတွေပါ ဖြစ်လာမယ်ဆိုတာကို ဒေသခံအချိုု့နဲ့ စီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားသူတွေဘက်က နားလည်လက်ခံပါတယ်။ ဒါပေမဲ့လို့ ဒီလိုရလာမယ့် အကျိုးအမြတ်ထက် ဆုံးရှုံးသွားမယ် အခြေအနေတွေကို သူတို့ ပိုပြီးတော့ အလေးပေးကြတာကို တွေ့ရပါတယ်။ ကိုညီပုလေးကလည်း ဖွံ့ဖြိုးရေးထက် သဘာဝတရားကို ပိုလိုလားပါတယ်။

စာရေးဆရာညီပုလေး ။ ။ ဒေသဖွံ့ဖြိုးရေးကို ဒီအပြင်နည်းနဲ့ ရှာလို့ရတယ်။ မြစ်မှာဆည်ဆောက်မှ ဒေသဖွံ့ဖြိုးမယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ သန်း (၅၀) ကျော် ပြည်သူတွေ စိတ်ချမ်းသာလက်ချမ်းသာနေပြီး ဒီအပြင် အရည်အချင်းတွေ ရှိပါသေးတယ်။ ဒီအပြင် သယံဇာတတွေ ရှိပါသေးတယ်။ ကျနော် တခါတလေ ဟောပြောပွဲမှာ ထည့်ပြောတယ်။ ကျနော်တို့ တိုင်းပြည်က ဘာမှမလုပ်နဲ့ အရိုင်းအတိုင်းကို ပြစားလို့ရတဲ့ တိုင်းပြည်။ အရိုင်းအတိုင်းကို လှတယ် ဘာမှမပြင်နဲ့။ အခုက လျှောက်လျှောက်ပြင်လို့သာ၊ လျှောက်လျှာက်ပိတ်တာ၊ ဆောက်တာတွေလုပ်လို့သာ ပြဿနာတွေ များလာတာ။ ကျနော်တို့ တိုင်းပြည်က အလွန်လှတဲ့ တိုင်းပြည်ပါ။

ကိုသားညွှန့်ဦး ။ ။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း ဒီ စီမံကိန်းက အကျိုးထက် အဆိုးပိုများတယ်လို့ ပိုမြင်ပါတယ်။

ဒေါက်တာတူးဂျာ ။ ။ အကျိုးရှိမှု၊ အကျိုးမရှိမှု နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အကျိုးမရှိမှုကများတယ်။ အကျိုးရှိလားဆိုတော့ အကျိုးရှိတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ်မီးက အရေးကြီးတယ်။ အားလုံးလည်း သိတာပဲ။ အခုပြောမယ်ဆိုလို့ရှိရင် မြစ်ဆုံစီမံကိန်းကထွက်တဲ့ လျှပ်စစ်မီး မဆိုသလောက်ကို ကျနော်တို့ မြန်မာနိုင်ငံကို ခွဲပေးမယ်။ ဒါပေမဲ့ ရတော့ရမှာ ကချင်ပြည်နယ်က ကောင်းကောင်းဖူလုံတယ်။ အောက်ပြည်အောက်ရွာအတွက်လည်း ပါနိုင်တာပေါ့။ ဒါပေမဲ့ ဒီထက်ပိုပြီး အရေးကြီးတာက လူအသက်အတွက် စိုးရိမ်စရာရှိတယ်။ အသက်အန္တရာယ် ကြီးမားလွန်အားကြီးတယ်။ ဒါကြောင့် မီးမရရင် နေပါစေ၊ လူတော့ အသေမခံဘူး။

ကိုသားညွန့်ဦး ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်မှုအရှိန် ကြီးလာတာနဲ့အမျှ ၂၀၁၁ ခုနှစ်မှာတော့ သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီ စီမံကိန်းကို ယာယီရပ်စဲထားလိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာပဲ ရပ်စဲခဲ့တာကြောင့် အခု အစိုးရအသစ်အနေနဲ့ မြစ်ဆုံစီမံကိန်းကို ဘယ်လို သဘောထားမလဲ။ ဘယ်လို ကိုင်တွယ်မလဲဆိုတာက မေးခွန်းဖြစ်လာပါတယ်။ ဒီ စီမံကိန်းအပေါ်မှာ ကန့်ကွက်မှုတွေကတော့ အခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါ။

ဧရာဝတီမြစ်ထိပ်ဖျားမှာ ရေကာတာ တည်ဆောက်လိုက်ခြင်းအားဖြင့် မြစ်ရိုးတလျှောက် ငါးဖမ်းလုပ်ငန်း၊ နုန်းတင်မြေနုလွင်ပြင်တွေမှာ ယာစိုက်ပျိုးသူတွေ၊ မြစ်ရိုးတလျှောက် မြစ်ကမ်းပါးတွေမှာ မှီပြီးတော့ စိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် ထိခိုက်သွားစေလိမ့်မယ်လို့ ရေကာတာစီမံကိန်း ဆန့်ကျင်သူတွေက ပြောပါတယ်။ ဧရာဝတီမြစ်ကို မှီတင်နေတဲ့ လူသန်းပေါင်းများစွာကို ထိခိုက်စေပြီးတော့ ဇီဝစနစ်ပျက်ဆီးမယ်။ နောက် ဧရာဝတီမြစ်တလျှောက်နေတဲ့ ရှားပါးမျိုးတုန်းတော့မယ့် ဧရာဝတီလပိုင်းကြီးများ အပြီးတိုင် ပျောက်သွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သမားတွေကလည်း ပြောနေပါတယ်။

သဘာဝတရားကို နောက်မျိုးဆက်သစ်အတွက်လည်း ထားခဲ့စေချင်တယ်လို့ ပြည်နယ်ဝန်ကြီး ဦး H. လှအောင် က ပြောပါတယ်။

ဦး H. လှအောင် ။ ။ ကျနော်တို့တောင် ပါတာပေါ့။ ကျနော်တို့က အသက် (၇၀) ဆိုတော့ ကျနော်လည်း ပါမှာပေါ့။ ကျနော်တို့က မြစ်ကြီး ဒီလိုဖြစ်နေတာကို ကိုယ့်နိုင်ငံကို ကိုယ်ရောင်းစားတာ သာမန်အဆင့် မဟုတ်တော့ဘူး။ နောင်လာနောင်သားတွေအတွက် မချန်ထားရက်ဘူးလားဆိုတဲ့ဟာမျိုး မေးခွန်းမေးလာလို့ရှိရင် ကျနော်တို့က အရင်ထက် ကျနော်က လုံးဝခုခံပေးမှာ၊ ကျနော့်သဘောထားကတော့ လုံးဝမကြိုက်ဘူး။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံက ကချင်ပြည်နယ်သားတွေအတွက်သာမက ဧရာဝတီမြစ်ကြောအောက်က ပြည်သူတွေအားလုံးအတွက်ပါ သက်ရောက်မှု ရှိလိမ့်မယ်လို့ ဒေါက်တာတူးဂျာ က ပြောပါတယ်။

ဒေါက်တာတူးဂျာ ။ ။ ဒါကြောင့်မို့ ကချင်ပြည်နယ်သားတွေအတွက်သာမကဘူး အောက်ပြည်အောက်ရွာက ပြည်သူတွေအသက်ပါဆိုပြီး ကေအိုင်အို က ထည့်တွက်ပြီး ကန့်ကွက်တာပါ။ အဓိကအကျဆုံးက အသက်ဘေးအန္တရာယ် လုံခြုံမှု လုံးဝမရှိဘူးဆိုတာကို တွက်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရေကာတာကို တည်ဆောက်လိုက်ပြီး ရေကို ထိန်းနိုင်မယ်လို့ သူတို့ ထင်တယ်။ ငလျင်လည်း 8 scale အထိ ခန့်မှန်းထားတာ အာမခံချက်ပေးမယ်။ ဒီထက် ပိုလာလို့ရှိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ သဘာဝဘေးရန်၊ လူကလုပ်တဲ့ ဘေးရန်တွေကြောင့် ဒါတွေက တခုခု ဖြစ်လာလို့ရှိရင် မြစ်တဘက်တချက်မှာရှိတဲ့ ပြည်သူတွေအားလုံး မျောပါသွားရုံရှိတယ်။

ကိုသားညွှန့်ဦး ။ ။ မြစ်ဆုံရေကာတာ စီမံကိန်းဆိုလို့ရှိရင် ဒေသအတွင်းမှာ အတင်းပြောင်းရွှေ့ အပါအဝင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ရုံတင်မကပါဘူး၊ မြစ်ဆုံဟာ ဇီဝမျိုးတွေ တည်ရှိရာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ဆုံဒေသဟာ ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျားတည်ရာ မြစ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ သဘာဝပတ်ဝန်းကျင် ကိစ္စမှာရော မြန်မာနိုင်ငံရဲ့ သမိုင်းယဉ်ကျေးမှုအရ အရေးပါတဲ့နေရာ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ သမိုင်းပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

XS
SM
MD
LG