သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း လေ့လာစုံစမ်းရေး ကော်မရှင် ဖွဲ့စည်း


ဧရာဝတီမြစ်ဆုံမြင်ကွင်း။
ဧရာဝတီမြစ်ဆုံမြင်ကွင်း။

ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဆိုင်းငံ့ထားခဲ့တဲ့ ကချင်ပြည်နယ်ထဲက မြစ်ဆုံစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆက်လက် ဆောင်ရွက် သင့်မသင့် လေ့လာစုံစမ်းမယ့် ကော်မရှင်တရပ်ကို အစိုးရက ဖွဲ့စည်းလိုက်ပါပြီ။ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖို့ ရှိနေချိန်မှာပဲ၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းမယ့် ကော်မရှင်ကို ဖွဲ့စည်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းအကြီးဆုံး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့်ဆိုတဲ့ ကော်မရှင်ကို ကချင် တိုင်းရင်းသားလည်းဖြစ် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင်ပြီး အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စုဝန်ကြီးအချို့လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် ယာယီဆိုင်းငံထားတဲ့ ဒီစီမံကိန်းကို ပြန်စ မစဆိုတာဟာ အခု အစိုးရသစ်လက်ထက်မှာ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ဖြစ်လာနေတာပါ။ ဒီစီမံကိန်းကို ပြန်စဖို့ တရုတ်အစိုးရဘက်က သံတမန်ရေးအရ ဖိအားပေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သတ်လို့ ကချင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ တူးဂျာက အခုလို ပြောပါတယ်။

" ဒီလ ၁၇ရက်နေ့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်လည်း တရုတ်နိုင်ငံကို သွားဖို့ရှိတာကိုး။ ဆိုတော့ ဟိုမှာကလည်း ဒီခေါင်းစဉ်က ဆွေးနွေးချက် တခုဖြစ်ပေါ်လာနိုင်တာပေါ့။ အဲ့တာကြောင့် အချက်အလက်တွေ ရရှိဖို့ ဒါကို အရေးပေါ် စီစဉ်ဆောင်ရွက် တာလည်း ဖြစ်နိုင်တာပေါ့။ ပြောချင်တာက ဘာလဲဆိုရင် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒါကို ပြန်လုပ်ဆောင်ခွင့်တော့ မပြုသင့်ပါဘူး အစိုးရအနေနဲ့လည်း။ ဒါကတော့ တော်တော်သေချာတယ်လို့ ကျနော်တွက်တယ်။"

ဒီလေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်အနေနဲ့ ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သတ်လို့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ သဘာ၀ ပတ်ဝန်းဒကျင် ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ပြဌာန်းချက်တွေ ၊ ပြည်တွင်း ဥပဒေတွေနဲ့ အညီ ဆောင်ရွက်သင့်တဲ့ နည်းပညာတွေကို အသုံးပြုပြီး ဆောင်ရွက်ခြင်း ရှိမရှိ ဆန်းစစ်သွားမှာပါ။

ဒါ့အပြင် ဒီစီမံကိန်းတွေကြောင့် လူမှု ပတ်ဝန်းကျင် ဂေဟစနစ်အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနဲ့ ဆိုးကျိုး သက်ရောက်မှုတွေနဲ့ ဧရာဝတီ မြစ်ရဲ့ ရေသံယံဇာတတွေ ပျက်ဆီး ဆုံးရှုံး အခြေအနေကို လည်း လေ့လာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ဒီကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ပြောတာက-

" အဓိက ကော်မရှင်က ဒါကို အကောင်အထည်ဖော်မှာတော့ မဟုတ်ဘူး။ လေ့လာ စုံစမ်းရေးဆိုတဲ့ သဘောသဘာဝက အရင်တခေါက် တုန်းကလည်း အရှေ့အစိုးရပေါ့နော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ အကျပ်အတည်းဖြစ် ခဲ့တဲ့ပြသနာ ရှိတယ်။ လက်ပန်းတောင်ကြေးနီစီမံကိန်းကိစ္စပေါ့။ တဘက်က တပ်မတော်ပိုင်တဲ့ ဦးပိုင်ရယ် တရုတ်ရယ် ပေါင်းစပ်ပြီးမှ လုပ်ထားတဲ့ စီမံကိန်းကြီးပေါ့။ နောက် ပြည်သူလူထုက လက်မခံဘူး။ ပဋိပက္ခတွေ အများကြီးဖြစ် တယ်။ အဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့မှ အစီရင်ခံစာ သေချာ တင်သွင်းလိုက်ပြီးတော့မှ ဖြေရှင်း တဲ့အခါကျတော့ ပြေလည်မှုတွေ အများကြီး ရသွားစေတယ်လေ။"

မြန်မာနိုင်ငံရဲ့အကြီးမားဆုံး မြစ်လည်း ဖြစ်၊ အဓီက အသက်သွေးကြောတစ်ခုဖြစ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းတွေ လုံး၀ ရပ်တန့်သွားဖို့ ကချင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာလူထု အသိုင်းအဝိုင်း အများစုက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့လို့ အရင်အစိုးရ လက်ထက် အဆက်ဆက်က လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေဖြစ် တာကြောင့် တရုတ်အစိုးရနဲ့ လက်ရှိ အစိုးရသစ်ကြား ဘယ်လိုတွေ ညှိနှိုင်းသွားမလဲ ဆိုတာကိုလည်း စိတ်ဝင်တစား ရှိကြပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ရှေ့ လာမယ့် သတင်းပတ်အတွင်း အစိုးရ တာဝန်ရှိသူ တစ်ဦးအနေနဲ့ သွားရောက်မယ့် တရုတ်ပြည် ခရီးစဉ်အတွင်း မြစ်ဆုံ စီမံကိန်းကို ဆွေးနွေးသွားမယ် လို့ ပြောဆို ထားပါတယ်။

အစိုးရသစ်အနေနဲ့မြစ်ဆုံ စီမံကိန်းတွေ ကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင် လိမ့်မယ် လို့ မျှော်လင့်မိတဲ့အကြောင်း ဦးစည်သူအောင်မြင့်က ပြောပါတယ်။

" အဓိက က ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဟာက တိုင်းပြည်ရဲ့ တာဝန်ပေါ့ ရှေ့အစိုးရက လုပ်သွားခဲ့တယ်ဆိုပေမဲ့လည်း သူတာဝန်ယူဖြေရှင်းမယ် ဆိုတဲ့ စိတ်သဘောထားရှိတယ်။ အဲ့တာက တချက်ကောင်းတယ်။ ရှောင်လွဲ မနေဘူးပေါ့နော်။ သမ္မတဦးသိန်းစိန်တုန်းကတော့ ဒါကြီးကို ရှောင်လွဲခဲ့ တယ်။ ဖြေလည်း မဖြေရှင်းပဲနဲ့ ဒီအတိုင်းပဲ ထားတဲ့အခါကျတော့ အကျပ်အတည်း တရပ်အနေနဲ့ ကျန်ရစ်ခဲ့တာပေါ့။ အဲ့တော့ အဲ့ဒီ့ဥစ္စာကို ဒေါ်အောင်ဆန်းစုကြည် က ဖြေရှင်းမယ်။ ဖြေရှင်းတဲ့အခါကျတော့ ချက်ခြင်း ဖြေရှင်းဖို့တော့ မလိုပါဘူး။ အခုလို ကော်မရှင်တွေ ဘာတွေ သေချာဖွဲ့ပြီးတော့မှ စူးစမ်းလေ့လာပြီးတော့မှ ကော်မရှင်ရဲ့ ရလဒ်တွေကို အစိုးရအဖွဲ့က ပြန်သုံးသပ်ပြီးမှ လုပ်မယ်ဆိုရင် ဒါက ကောင်းမွန်တဲ့ရလဒ်တွေ ရလာမယ်လို့ ထင်ပါတယ်။"

ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်အနေနဲ့ မြစ်ဆုံ စီမံကိန်းတွေဟာ နိုင်ငံတော်နဲ့ လူထု အတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိနဲ့ ဆက်လက် ဆောင်ရွက်ဖို့ သင့်မသင့် ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အပေါ်မှာ အကျိုးသက်ရောက်မှု အခြေအနေကို လည်း လေ့လာ စိစစ်သွားမှာ ဖြစ်ပါတယ်။

ဒီကော်မရှင်ဟာ လေ့လာစိစစ်သုံးသပ်မှုတွေ လုပ်နေစဉ်အတွင်းမှာ တည်ဆဲ ဥပဒေတွေနဲ့အညီ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ် မေးမြန်းဆွေးနွေးဖို့၊ လိုအပ်တဲ့ နေရာဒေသများကို သွားရောက်လေ့လာ ဆန်းစစ်ဖို့နဲ့ ပြည်တွင်း ပြည်ပ ကျွမ်းကျင် သူများနဲ့ ညှိနှိုင်းဆွေးနွေးပြီး သမ္မတရုံးရဲ့ သဘောတူချက်နဲ့ ကျွမ်းကျင်မှု ဘာသာရပ်ဆိုင်ရာ လုပ်ငန်း အဖွဲ့တွေကိုလည်း ဖွဲ့စည်း တာဝန် ပေးနိုင် မှာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကိုတော့ သမ္မတ ဦးထင်ကျော်ထံကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တင်ပြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG