သုံးရလွယ်ကူစေသည့် Link များ

မြစ်ဆုံကိစ္စ ကချင်ရောက် တရုတ်သံကို ကန့်ကွက်ဆန္ဒပြ


ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။ ဓါတ်ပုံ (EPA/MYITKYINA NEWS JOURNAL)

ဘယ်အစိုးရ လက်ထက်မှာပဲ ဖြစ်ဖြစ် ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်း ပြန်စမယ့်အရေးကို ပြည်သူလူထု တရပ်လုံးက ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ပဲ တခဲနက် ဆန့်ကျင် ကန့်ကွက်သွားကြမှာဖြစ်တယ်လို့ မြစ်ဆုံစီမံကိန်း ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ တရုတ်သံအမတ်ကို ကချင် ပြည်သူလူထုနဲ့ မြစ်ဆုံအရေးလှုပ်ရှားသူတွေ မြစ်ဆုံစီမံကိန်း အလို မရှိ ကြောင်း ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်ဆန္ဒပြ ကန့်ကွက် ခဲ့ကြပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဇွန်လ ၄ရက်နေ့ စနေနေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကို ဒေသခံပြည်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက မြစ်ဆုံစီမံကိန်း ပြန်မစဖို့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင် ကန့်ကွက်ကြောင်း သံအမတ်ကြီး တည်းခိုရာ ဟိုတယ်ရှေ့မှာ လူစု လူဝေးနဲ့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမယ့် ဒီမြစ်ဆုံ စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ NLD အစိုးရကိုရော ကချင်ပြည်နယ် အစိုးရကိုရော အလေးအနက် တောင်းဆိုတယ်လို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌ ဦးလမောင်လထောင်က ပြောပါတယ်။

“NLD အစိုးရကလဲ ဒီ မြစ်ဆုံနဲ့ ပက်သက်လို့ ပြတ်ပြတ်သာသား ပြောတာကို မကြားဖူးတဲ့အခါကျတော့ သူတို့ လုပ်လာတဲ့ တစ်နေ့မှာ နည်းတစ်နည်းနည်းနဲ့ ကျွန်တော်တို့က သဘောမတူတဲ့အကြောင်း၊ ကန့်ကွက်တဲ့အကြောင်း NLD အစိုးရကိုကော၊ ကချင်ပြည်နယ်အစိုးရ ကိုကော တကယ် လုပ်လာလို့ ရှိရင်တော့ ကျွန်တော်တို့ ကချင်တွေလဲ သဘောမတူတဲ့အကြောင်း ပြတ်ပြတ်သားသား ဆန္ဒပြ ဖော်ထုတ်သွားမှာပဲ။”

ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာစီမံကိန်းကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် တုန်းကတော့ ခေတ္တရပ်ဆိုင်းခဲ့ပြီး အခုအစိုးရသစ် လက်ထက်မှာ ပြန်လည်စတင် လာမလားဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေ တာကြောင့် မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်မှာကို မလိုလားကြောင်း ဘယ်အစိုးရပဲ တက်တက် ကချင်ပြည်သူလူထုအနေနဲ့ ဆန့်ကျင် ကန့်ကွက်သွား မှာဖြစ်ကြောင်း မြစ်ဆုံအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြစ်ဆုံဆန့်ကျင်ရေး တစိုက်မတ်မတ် ဆောင်ရွက်နေသူ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ကိုစာဂျီကလည်း မြစ်ဆုံစီမံကိန်း ပြန်စတင်ဖို့ လုပ်လာတာကို ကချင်ပြည်သူတရပ်လုံးက မလိုလားဘူးလို့ အခုလို ပြောပါတယ်။

“တရုတ်သံအမတ်ကို ကျွန်တော်တို့ ပြောချင်တာက ဒီလို ပြည်သူလူထုအတွက် အကျိုးမရှိတဲ့အပြင် တော်တော်ကို ဆိုးကျိုးပြဿနာ ဖြစ်မယ့်ဟာ ပြည်သူလူထုက အသက်ပေး စတေးခံပေးရမယ်။ မလွတ်ကင်းဘူးပေါ့။ ဒါကို အားလုံး အပြီးအပိုင် ရပ်သင့်တယ်။ ရပ်ဆိုင်းထားရမှာပေါ့နော်။ ”

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး နိုင်သလို မြစ်ဆုံစီမံကိန်း တည်ဆောက်မှုကြောင့် ဒေသခံပြည်သူတွေ မိရိုးဖလာ စိုက်ပျိုးရေး လယ်ယာ ဥယျာဉ်ခြံမြေ လုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးရတာ၊ ဒေသခံတွေ နေထိုင်တဲ့ကျေးရွာတွေ ရွှေ့ပြောင်းပေးရတာ နောက်ပြီး ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် စီမံကိန်းကြီးကြောင့် သဘာဝရေ အရင်းအမြစ်တွေ ပျက်စီးဆုံးရူံးပြီး သဘာဝအန္တရာယ်တွေ ရင်ဆိုင် လာရနိုင်တာ တွေဟာ ကချင်ပြည်နယ်တွင်းက ကချင်လူထု တစ်ခုတည်း အတွက် သာမက မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ဧရာဝတီမြစ် မပျက်စီးရေးအတွက် ဒီစီမံကိန်းကို ပြန်စဖို့ မလိုလားဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူတွေဘက် ကလည်း ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို တရုတ်သံအမတ်က ကချင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့ လာရောက် တွေ့ဆုံတယ်ဆိုတဲ့ သတင်းကြားရရခြင်းမှာပဲ ကချင်ဒေသခံတွေဟာ လူမှုကွန်ရက်တွေ၊ တယ်လီဖုန်းတွေကနေတဆင့် ဆက်သွယ်လူစုပြီး ပြည်သူလူထုတရပ်လုံးနဲ့သက်ဆိုင်တဲ့ မြစ်ဆုံစီမံကိန်း ပြန် မစတင်ရေး အရေးပေါ်ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာဖြစ်လို့ သက်ဆိုင်ရာကို ကြိုတင်ခွင့်ပြုချက်တောင်းခံဖို့ အချိန်မရခဲ့ဘူး လို့ မြစ်ဆုံအရေး လှုပ်ရှားသူတွေကပြောပါတယ်။

“ ကချင်ပြည်နယ် မြစ်ကြီးနား ဟိုတယ်မှာ တရုတ်သံအမတ်ကြီးနဲ့ တချို့နိုင်ငံရေးပါတီတွေက ဒေါက်တာတူးဂျာတို့နဲ့ ဆုံတွေ့တဲ့ အစည်းအဝေးက ဂနာရီကနေ ၉နာရီမှာ ဆုံတွေ့ဖို့ ရှိတယ်လို့ ကျွန်တော်တို့ သတင်းရရှိတယ်။ အဲဒီအတွက်ကြောင့်မို့ အဲဒီအချိန်နဲ့ အဲဒီနေရာကို အချိန်ကိုက်ပြီးမှ၊ ကျွန်တော်တို့က မြစ်ဆုံရေကာတာကို မလိုလားကြောင်း၊ အပြီးအပိုင် ရပ်ဆိုင်းဖို့ နဲ့ CPI ကုမ္ပဏီက ကချင်ပြည်နယ်ကနေ လုံးဝ ထွက်ခွာသွားဖို့ရန် အတွက်နဲ့ မြစ်ဆုံ ဒေသခံတွေက မြစ်ဆုံ ရေကာတာကို လုံးဝ အလိုမရှိဆိုတဲ့ ကြွေးကျော်သံတွေနဲ့ ပိုစတာတွေ၊ Slogan တွေ လုပ်ပြီးမှ ကျွန်တော်တို့ သဘောထား ဆန္ဒကို ဖော်ထုတ်ခြင်း ဖြစ်တယ်။ ”

မြစ်ဆုံ စီမံကိန်း ဆန့်ကျင်ကန့်ကွက်သူတွေ လူစု လူဝေးနဲ့ ရောက်လာတဲ့ အတွက် ဒေသခံ အာဏာပိုင်တွေနဲ့ ရဲလုံခြုံရေးတွေ ဘက်က တရုတ်သံအမတ် တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ပေမဲ့လို့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား ပဋိပက္ခမဖြစ်ခဲ့ပဲ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။ ဒီ စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တ ရပ်ဆိုင်းခဲ့ပေမဲ့ ယတိပြတ် ရပ်ဆိုင်းဖို့ကို မြစ်ဆုံဆန့်ကျင်ရေး လှုပ်ရှားသူတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG