သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့တပ်မတော်နဲ့ NLD အစိုးရ ကြိုက်ရာ ရွေးပါလို့ဆိုရင် တရုတ်နိုင်ငံက NLD ကိုပဲ ရွေးလိမ့်မယ်လို့ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun (ယွန်းဆန်) က သုံးသပ်ပါတယ်။ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့ကာလ တရုတ်-မြန်မာဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စု Stimson သုတေသနဌာန က Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်တို့ မကြာသေးခင်က လုပ်ခဲ့တဲ့ မြစ်ဆုံကိစ္စ တရုတ်အမြင်ဆိုတဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ အဲဒီမှာ ပရိသတ်တချို့ က ကျေးဇူးတင်ကြတယ် ယွန်းဆင် ကို တရုတ်သဘောထားတွေ ပြောပြလို့ဆိုပြီးတော့ ။ ဒါပေမဲ့ ကျန်တချို့ ကလည်း ဒီအမျိုးသမီးဟာ တရုတ်ကို ကိုယ်စားပြုပြီးတော့ တရုတ်အကျိုးစီးပွားအတွက် ပြောနေတယ်ဆိုပြီးတော့ အပြင်းအထန် ဝေဖန်ကြပါတယ်။ ဘာများ ပြန်ပြောလိုပါလဲ။

Yun Sun ။ ။ ကျမလည်း ဗမာစာ သင်နေပါတယ်။ အဲဒီ Comment တွေကိုလည်း ဖတ်ရတယ်။ မြန်မာလူမျိုးတွေရဲ့  သဘောထားကို ကျမ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ပညာရှင်တယောက်အနေနဲ့ ကျမ ပြောရမှာက လောကကြီးက ကျမတို့ ဖြစ်စေချင်သလို ဖြစ်နေတာ မဟုတ်ဘူးဆိုတာပါ။ တရုတ် က မြန်မာကို လေးစားတယ်။ တရုတ်အစိုးရဟာ မြန်မာတို့ဆန္ဒအတိုင်း လိုက်လုပ်ပေးမယ်ဆိုတာမျိုး ကျမ ပြောချင်တာပေါ့။ ဒီလို ပြောလိုက်ရင် ကျမ လိမ်ပြောတာမျိုး ဖြစ်မှာပေါ့။ သုံးသပ်သူတယောက်အနေနဲ့ အရေးအကြီးဆုံးက ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်ဖို့ပါ။ တရုတ်မူဝါဒ၊ တရုတ် ရည်မှန်းချက်နဲ့ သူတို့ ဒါကို ဘယ်လို အကောင်အထည် ဖော်လိမ့်မယ်ဆိုတာကို လူတွေကို အသိပေးဖို့၊ ပြောပြဖို့ အစိုးရ မူဝါဒ ချမှတ်သူတွေကို အသိပေးဖို့က ကျမတို့ရဲ့  တာဝန်ပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အမှန်တရားဆိုတာ ခါးသီးတာပေါ့။ ဒါပေမဲ့ လူတွေက ဘာပဲပြောပြော ကျနော်တို့က ဒီကိစ္စတွေကို ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံဟာ သိပ်အရေးကြီးတဲ့ အပြောင်းအလဲ၊ သမိုင်းအချိုးတကွေ့ကို ရောက်နေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စဟာ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကိစ္စမှာ တရုတ်ရဲ့  အခန်းကဏ္ဍ ဘယ်လို ရှိမလဲလို့ ထင်ပါလဲ။

Yun Sun ။ ။ တရုတ်အတွက် အရေးကြီးဆုံးက NLD အစိုးရနဲ့ ဆက်ဆံရေး ကောင်းဖို့ပါပဲ။ ပြီးခဲ့တဲ့ (၅) နှစ်တုန်းကတော့ တရုတ်အဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေး အကောင်းဆုံး မဖြစ်ခဲ့ပါဘူး။ တရုတ်ပြည်ဖက်က အတော် မကျေမနပ် ဖြစ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ကဏ္ဍသစ် ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ စီးပွားရေး၊ စစ်ရေး ကဏ္ဍတွေမှာ ပြိုင်ဖက်တွေ အများကြီး ရှိနေတယ်ဆိုတာလဲ သူတို့ သိပါတယ်။ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားအင်အားစုတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့  အခန်းကဏ္ဍကို ပစ်ပယ်ထားလို့ မရပါဘူး။ အဲဒီ အင်အားစုတွေ တရုတ်အကူအညီ ယူရုံတင်မကပါဘူး၊ အဲဒီနေရာတွေဟာ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေးအတွက်ဖို့လည်း အလေးထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ နောက်အရေးကြီးတာ တခုက တိုင်းရင်းသားပြဿနာဟာ NLD အစိုးရအတွက် ဦးစားပေးကိစ္စတရပ် ဖြစ်နေတဲ့အတွက် ဒီအရေးမှာလည်း ငါတို့ ဝင်ပါရမယ်လို့တွက်တဲ့ တရုတ်မူဝါဒသမားတွေလည်း ရှိပါတယ်။ ဒီအရေးမှာ အကွက်လှလှ ဝင်ကစားပြီးတော့ တရုတ် အကျိုးရှိအောင် လုပ်ရမယ်လို့ တွက်တဲ့လူလည်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အရင်အစိုးရလက်ထက်တုန်းက ဆက်ဆံရေး သိပ်မကောင်းလှဘူးဆိုပေမယ့် ကျနော့်အထင် ပြောရရင်တော့ အခု NLD အစိုးရကိုလည်း အနောက်ဘက်ယိမ်းတယ်ဆိုပြီးတော့ လူတိုင်းက သတ်မှတ်နေကြတယ်။ အရင်အစိုးရလက်ထက်တုန်းက စစ်ရေး ဆက်ဆံမှု သိပ်ပြီးတော့ အဆင်ပြေခဲ့တယ် ထင်ပါတယ်။ အခု NLD အစိုးရလက်ထက်မှာကော အဲဒီလောက်အထိ အဆင်ပြေနိုင်မယ်လို့ ထင်ပါသလား။ တရုတ်အတွက် မြန်မာနိုင်ငံ ဆက်ဆံရေးဟာ။

Yun Sun ။ ။ ဒါ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း တရုတ်-မြန်မာ စစ်ဘက်ဆက်ဆံရေး နီးနီးစပ်စပ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာတွေလည်း ရှိခဲ့တာပဲ။ ကိုးကန့်ကိစ္စမှာဆို တရုတ်တွေ ကိုးကန့်ကို ထောက်ခံအားပေးတယ်ဆိုပြီး ဗမာတပ်မတော်အရာရှိတွေက စွပ်စွဲခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီကိစ္စမှာ ကြားဖြတ်ပြီးတော့ ဝင်ပြောပါရစေ။ စွပ်စွဲရုံသက်သက်ပဲလား။ တကယ်ပဲ ကိုးကန့်ဘက်က တရုတ်တွေက ဝင်မကူခဲ့ဘူးလို့ ဆိုနိုင်မလား။

Yun Sun ။ ။ ဒါက သိပ်ပြောရခက်ပါတယ်။ ဘယ်ဖက်ကမှ သက်သေအထောက်အထား၊ အခိုင်အမာ မပြနိုင်ပါဘူး။ ဒါပေမဲ့ အောက်ခြေမှာတော့ ကောလဟလ အများကြီးပါ။ ကိုးကန့်တပ်သားတွေက စစ်ဘေးသင့် အရပ်သားတွေလို ဝတ်ထားကြတာပါ။ ဆိုတော့ တရုတ်ဘက်ကို ထွက်သွားပြီးတော့ မြန်မာဘက် ပြန်ဝင်ဖို့ကလဲ သိပ်ကိုလွယ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ကိုးကန့်တပ်သားတွေ ရုပ်ဖျက်ပြီးတော့ ဝင်လိုက်ထွက်လိုက် လုပ်နေတာကို တရုတ်ဘက်က မသိကျိုးကျွံ လုပ်နေတဲ့သဘောပေါ့။

Yun Sun ။ ။ ဒီနေရာမှာ တရုတ်အဖို့ကလည်း ဘေးကြပ်နံကြပ်ပါပဲ။ နယ်စပ်ကို ပိတ်ပြစ်လိုက်မယ်ဆိုရင် ဘယ်သူမှ တရုတ်ဘက် ဝင်လို့ရမှာ မဟုတ်တော့ဘူးလေ။ စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ လူတွေကို အကူအညီပေးဖို့ ပျက်ကွယ်တယ်ဆိုပြီး နိုင်ငံတကာကလည်း ပြောလာလိမ့်မယ်။ ဆိုတော့ တရုတ်မှာက ဒီဒုက္ခသည်တွေအတွက် ကူညီရမယ့် ဝတ္တရား ရှိနေပါတယ်။ တခြားတဘက်မှာကြတော့ ရှင် ပြောသလိုပဲ ဒီလူတွေဟာ အားလုံး ဒုက္ခသည်တွေ မဟုတ်လားဆိုပြီး မြန်မာဘက်က မေးလာမှာပါ။ ဒီနေရာမှာ တရုတ်ဘက်က ပြန်ပြောတာကတော့ တရုတ်ဘက် ဝင်လာတာ လူခြောက်သောင်းကျော် ရှိတယ်။ ဒုက္ခသည်တွေကြီးပဲလား၊ သူပုန်တွေပဲလားဆိုတာ တဦးချင်းကို လိုက်မစစ်နိုင်ဘူးဆိုတာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ဘယ်နိုင်ငံမဆို ဒီလိုမျိုး ဖြစ်နေမှာပါ။

ဦးကျော်ဇံသာ ။ ။ ကိုးကန့်အပြင် UWSA ဝတပ်ဖွဲ့နောက်မှာလည်း တရုတ် ရှိတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ UWSA ကို နောက်ကနေ တရုတ်က ကြိုးကိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိပါတယ်။

Yun Sun ။ ။ လွန်ခဲ့တဲ့ လေးငါးနှစ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ UWSA က တက်တက်ကြွကြွ မရှိခဲ့ပါဘူး။ UNFC ကို ဦးဆောင်ပြီး အတက်ကြွဆုံး ရှိခဲ့တာ KIA ပါ။ ဒါပေမဲ့ UWSA ဟာ အစဉ်အလာအားဖြင့် တရုတ်နဲ့ သိပ်နီးစပ်လာခဲ့တယ်ဆိုတာ သေချာပါတယ်။ အထူးသဖြင့် တရုတ် ယူနန်ဒေသ အာဏာပိုင်တွေ၊ ဒေသအသိုင်းအဝိုင်းတွေနဲ့ လုံးဝကို နီးကပ်ပါတယ်။ ဒါကြောင့် UWSA နောက်မှာ တရုတ် ရှိနေတယ်လို့ ယူဆတာ မမှားပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အမေရိကန်နဲ့ အရှေ့ တောင်အာရှနိုင်ငံတွေ ဆက်ဆံရေးနဲ့လည်း ပတ်သက်ပါတယ်။ အမေရိကန်က ဗိယက်နမ်ကြတော့ လက်နက်အရောင်းအဝယ် ပိတ်စို့ထားတာကို ပြန်လည်ရုတ်သိမ်းလိုက်မယ်။ မြန်မာကြတော့ မရုတ်သိမ်းဘူး။ ဆိုတော့ ဒီနှစ်ခုကို တရုတ်က ဘယ်လို သုံးသပ်မယ် ထင်ပါလဲ။

Yun Sun ။ ။ ဗိယက်နမ်အပေါ် အမေရိကန် လက်နက်ရုတ်သိမ်းလိုက်တဲ့ကိစ္စ တရုတ်ဘက်ကတော့ ပထဝီဝင် နိုင်ငံရေး အလှည့်အပြောင်း ဖြစ်သွားတယ်လို့ ဖြစ်မှာပဲ။ တကယ်ဆို တရုတ် နဲ့ ဗိယက်နမ် နှစ်နိုင်ငံကြားမှာ ပါတီ-ပါတီချင်း ဆက်ဆံရေး ရှိလာခဲ့တဲ့အတွက် တရုတ်က သူတို့နဲ့ နီးကပ်တယ်လို့ တွက်လာခဲ့တာပါ။ ဒါပေမဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကြောင့် ဒီဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ပျက်ပြားသွားခဲပါပြီ။ ဆိုတော့ ဒီအခြေအနေကို အမေရိကန်က အခွင့်ကောင်းယူပြီးတော့ ဗိယက်နမ်ကို ဆွဲဆောင်သွားပြီလို့ တရုတ်ဘက်က မြင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာကြတော့ အမေရိကန်ဟာ ဒဏ်ခတ်မှုတချို့  လျှော့ပေးခဲ့ပေမယ့် လုံးဝရုတ်သိမ်းခြင်း မရှိသေးပါဘူး။ ဒီကိစ္စမှာ တရုတ်အတွက် ယူဆနိုင်တာတွေက အများကြီးပါ။ အမေရိကန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရသစ်ကို ထောက်ခံအားပေးနေတာ သေချာပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကိုကြတော့ မကြာမီ အချိန်အတွင်းမှာ အဓိပ္ပါယ်ရှိရှိ တိုးမြှင့်သွားမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ မြန်မာစစ်တပ် ဆက်ဆံရေးဟာ အကန့်အသတ်နဲ့ ရှိနေအုံးမယ်ဆိုတာ တရုတ်ဘက်က နားလည်သွားမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား စစ်ရေး ဆက်ဆံမှု အခြေအနေက အရင်အတိုင်း ရှိနေမယ်ဆိုတဲ့ သဘောလား။

Yun Sun ။ ။ ဒီကိစ္စဟာ အကြောင်းအရာ အတော်များများပေါ် မူတည်ပါတယ်။ ဥပမာ တပ်မတော်ဟာ NLD အစိုးရနဲ့ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အခြေအနေမှာ တရုတ်အစိုးရကို တပ်မတော်နဲ့ NLD ဘယ်သူကို ရွေးမလဲလို့ မေးရင် NLD အရပ်သား အစိုးရကို ရွေးမှာပါပဲ။ တရုတ်အနေနဲ့ အရပ်သားအစိုးရနဲ့ ပေါင်းရင် ပိုပြီးတော့ အမြတ်အစွန်းရနိုင်မယ်လို့ တွက်ထားမှာပါ။ တခြားတဘက်မှာကြတော့ တပ်မတော်က တခြားနိုင်ငံတွေနဲ့ ဆက်ဆံနေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာသေးခင်က ထိုင်းနိုင်ငံကို သွားပါတယ်။ ပြီးတော့ ရုရှားနဲ့လည်း လက်နက်အရောင်းအဝယ် သဘောတူစာချုပ် လုပ်ကြပါတယ်။ ဆိုတော့ တပ်မတော်ဟာ တရုတ်နဲ့သာမက ဒေသတွင်းနဲ့ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံနေတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရုရှားဆီက တပ်မတော် လက်နက် ဝယ်တဲ့ကိစ္စဟာ တရုတ်အတွက် စိုးရိမ်စရာ တစုံတရာ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောပေါ့။

Yun Sun ။ ။ နိုင်ငံရေးအရ စိုးရိမ်စရာ မဟုတ်ဘူးလို့ ထင်ပါတယ်။ တရုတ်က မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အမေရိကန်ကိုသာ ပြိုင်ဘက်လို့ မြင်နေတာပါ။ ရုရှားကို မဟုတ်ပါဘူး။ ဒါကြောင့် ဒီတပ်မတော်အနေနဲ့ ရုရှားဆီက လက်နက်တွေ ပိုဝယ်လာရင် တရုတ်အတွက် စီးပွားရေးအတွက်သာ စဉ်းစားပါလိမ့်မယ်။ နိုင်ငံရေးပြဿနာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ခပ်ကြောင်ကြောင် မေးခွန်းလို့ ခေါ်မလား။ ကျနော် မေးခွန်းတခု ဆက်မေးချင်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာကို တံခါးဖွင့်ထားတယ်။ နောက်ပြီး အမေရိကန်နဲ့ သိပ်ရင်းနှီးနေတယ်။ ငြိမ်းချမ်းတိုးတက်နေတယ်။ ဒီလို အခြေအနေမျိုးကို တရုတ်က ပိုကြိုက်မလား။ သို့တည်မဟုတ် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့လည်း မတည့်ဘူး။ နိုင်ငံတကာကလည်း ဝိုင်းပယ်ခြင်း ခံနေရတယ်။ ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး မရှိဘူး ဖြစ်နေတဲ့ အခြေအနေတွေ။ ဒီလို အခြေအနေနှစ်ခုမှာ ဘယ်အခြေအနေကို တရုတ်က လိုလားမယ် ထင်ပါသလဲ။

Yun Sun ။ ။ ဒီမေးခွန်းမျိုး တရုတ်ကို မေးဖူးပါတယ်။ တကယ်တော့ တရုတ်တို့ စဉ်းစားရမှာက သူတို့အတွက် ရွေးချယ်နိုင်စရာတွေက ဘာလဲ။ မြန်မာနိုင်ငံကို သူတို့ စိတ်တိုင်းကျ အနေအထား ဖြစ်အောင်လို့ တရုတ်တို့ လုပ်နိုင်သလား။ အဖြေက မလုပ်နိုင်ဘူး ဆိုတာပါပဲ။ တိုင်းရင်းသားလူမျိုးစု တချို့ ကလွဲပြီးတော့ မြန်မာပြည်တွင်းရေးကို ချယ်လှယ်နိုင်ခြင်း မရှိသလောက် နည်းပါတယ်။ တရုတ်ဟာ စစ်တပ်နဲ့ အဆက်အသွယ် ရှိပေမယ့် NLD အစိုးရကို ဖြုတ်ချ အာဏာသိမ်းဖို့ ထောက်ခံမှာ မဟုတ်ပါဘူး။ NLD ရဲ့  အရှိန်အဝါကလည်း လူထုထောက်ခံမှုနဲ့ ကြီးမားလှပါတယ်။ NLD နဲ့ သင့်တင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် တရုတ်တို့ လုပ်ရမှာက အခြေအနေကို နားလည်သဘောပေါက်ဖို့ပါ။ မိမိတို့ရဲ့  လိုအပ်ချက်က ဘာလဲ။ ရှင်းရှင်းလင်းလင်း စဉ်းစားပါ။ ပြီးတော့ ဒီရည်မှန်းချက် ပေါက်မြောက်နိုင်မယ့် မူဝါဒ ချမှတ်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက တောင်တရုတ်ပင်လယ်ကိစ္စမှာ မြန်မာနိုင်ငံကို ဘယ်လို ရပ်တည်စေချင်သလဲ။ တရုတ် ရပ်တည်စေချင်တဲ့အတိုင်း မြန်မာနိုင်ငံ ရပ်တည်နိုင်မယ် ထင်ပါလား။

Yun Sun ။ ။ ပထမတချက်က မြန်မာဟာ တောင်တရုတ်ပင်လယ် နယ်မြေ အငြင်းပွားမှုမှာ မပါဝင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အာဆီယံမှာ သြဇာအာဏာကြီးတဲ့ နိုင်ငံတခုပေါ့။

Yun Sun ။ ။ အာဆီယံမှာ သြဇာကြီးတဲ့ နိုင်ငံပါ။ အာဆီယံမှာလည်း ဒီအငြင်းပွားမှုမှာ ပါတဲ့နိုင်ငံတွေနဲ့ မပါတဲ့နိုင်ငံတွေကြားမှာလည်း သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ရှိနေပါတယ်။ အငြင်းပွားရာမှာ ပါတဲ့လူတွေက တရုတ်ကို စုပေါင်းရင်ဆိုင်ချင်ကြတယ်။ ဒီအထဲ မပါတဲ့နိုင်ငံတွေက ဒီအဆိုကို လက်မခံချင်ကြဘူး။ ဆိုတော့ မြန်မာတင်မကပါဘူး။ လားအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့လည်း အလားတူပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီ တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုမှာ တက်တက်ကြွကြွ မပါဘဲ နေမယ်ဆိုလဲ နေလို့ရတဲ့ အခြေအနေရှိတယ်လို့ ကျမက ယူဆပါတယ်။

XS
SM
MD
LG