သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေး သင့်တင့်တဲ့အဖြေရှာဖို့ တရုတ်ဝန်ကြီးချုပ် တိုက်တွန်း


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်း

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်းတို့ ဒီကနေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးတွေ့ဆုံရာမှာ ၂ နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးအဖြေရှာဖို့ တရုတ်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်က စုစည်းတင်ပြပေးထားါပတယ်။

၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ဒီကနေ့မှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခချန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ တွေ့ဆုံပြီး ၂ နိုင်ငံဆက်ဆံရေး၊ ဂဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးရာမှာ လူအများ စိတ်ဝင်စားနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း နဲ့ ပတ်သက်ပြီး တော့လည်း တရုတ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က အခုလိုပြောပါတယ်။

“မြစ်ဆုံရေကာတာ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖို့နဲ့ အဖြေတရပ်ရှာဖွေဖို့ ဝန်ကြီးချုပ်လီခချန်း က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်တင့်မျှတစွာအဖြေရှာဖို့ စုံစမ်းရေးကော်မတီတရပ် ဖွဲ့စည်းထားပြီးပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ၂ နိုင်ငံ အကျိုးရှိစေမယ့် နည်းလမ်းတခုရှာဖွေဖို့ သူ့ရဲ့ စိတ်အားထက်သန်မှုကို ထုတ်ဖေါ်ပြသသွားတယ်လို့လည်း ဒု-နိုင်ငံခြားရေးဝန်ကြီး Zhenmin က ပြောပါတယ်။ ၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံဟာ အပြန်အလှန်လေးစားမှုရှိပြီး သာတူညီမျှ အပြန်အလှန် ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ စီးပါွးရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုနဲ့ ပြည်သူတွေရဲ့ နေထိုင်မှုဘ၀ အဆင့်မြင့်မားရေး ဆောင်ရွက်နေတာမှာ တရုတ်နိုင်ငံနဲ့ အားဖြည့်ကူညီသွားမှာဖြစ်ကြောင်းလည်း တရုတ်ဝန်ကြီးချု့ပ် လီက ပြောပါတယ်။ ၂ နိုင်ငံဆက်ဆံရေး အနေအထားနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလိုပြောပါတယ်။

“ကျမတို့ကိုကြိုဆိုတာဟာ ကျမတို့ရဲ့ မိတ်ဖြစ်ဆွေဖြစ်ဆိုတာကို ဒီအတိုင်း ကျမတို့နဲ့ တရုတ်နိုင်ငံဆက်ဆံရေး ပြောင်းလဲတယ်ဆိုတာ ပိုပြီးတော့ ကောင်းမွန်တဲ့ ပိုပြီးတော့ တည်မြဲ ၊ပိုပြီးတော့ခိုင်မာဖို့အတွက် အပြောင်းအလဲတွေပဲဖြစ်မယ်လို့ ကျမတို့ ယုံကြည်မျှော်လင့်ပါတယ်။"

ဒီကနေ့မှာပဲ စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီလိုက်မှတ်ရေးထိုးရမှာ တရုတ် မြန်မာနယ်စပ်က နေ မိုင် ၂၀ အကွာမှာရှိတဲ့ ကွန်လုံမှာ မဟာဗျူဟာအရ အရေးပါတဲ့ တံတား တစ်စင်း၊ တခါ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တရုတ်နိုင်ငံအနေနဲ့ ဆေးရုံ တရုံစီဆောက်လုပ်ပေးဖို့အချက်လည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်း ကတော့ လူထုတွေရဲ့ ကန့်ကွက်တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံဘက်က ဒေါ်လာ ၃.၆ ဘီလျံ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်း ဆိုင်းငံ့ထားခဲ့ပါတယ်။ လူမှု ပတ်ဝန်းကျင် ဂေဟစနစ်အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အပေါ်ထိခိုက်ပျက်စီးစေနို်င်တာကြောင့် အခုလို ဆန္ဒ ထုတ်ဖေါ်ခဲ့တာပါ။ ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခဲ့ခြင်း မရှိတာကြောင့်လည်း လူထုအကြား မကြေနပ်မှုတွေ တိုးလာတာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက အခုလိုပြောပါတယ်။

“မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံးအားနည်းတာက မြစ်ဆုံ သဘောတူညီချက်ထဲမှာ ဘာတွေပါတယ်ဆိုတာကို ပြည်သူလူထူကို ပထမဆုံးအသိပေးဖို့လိုပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းဆုကြည်ကကတိပေးထားပြီး နောက်ဆုံးသူမဖတ်ရသေးဘူးဆိုတာပဲ နောက်ဆုံးပြောခဲ့တာကြားတယ် ဒါနဲ့ပတ်သက်ပြီးတော။့ အဲဒီစာချုပ်အထဲမှာ ဘာတွေပါတယ်ဆိုတာကို ပြည်သူလူထုကို အသိပေးရမယ်။ နောက်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် နောက်ပြီးကျတော့ ပြည်သူထူရဲ့ ဆန္ဒအတိုင်းဖြစ်အောင် ဆောင်ရွက်ရတာဟာ အစိုးရကောင်းတရပ်ရဲ့ လုပ်ငန်း တာဝန်လို့ထင်ပါတယ် နောက်သူ့အောင်မြင်မှုတွေပဲဖြစ်မှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ်အတွင်းတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်အပါအဝင် ဝန်ကြီးချုပ် လီခချန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်ကတော့ NLD ပါတီအနေနဲ့ အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးသွားရောက်တဲ့ တရုတ်နိုင်ငံခရီးစဉ်ပါ။ နောင်လမှာ သွားရောက်ဖို့ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင်မှာ တရုတ်နိုင်ငံကို အခုလိုသွားရောက်တာလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့အပြင် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ပါ ဆက်ဆံရေး ပုံမှန်ထိန်းသိမ်းဖို့ မြန်မာအစိုးရအဆက်ဆက်အနေနဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ဟောင်း Trevor Wilson က VOA ကို အခုလိုပြောပါတယ်။

“အစစအရာရာမှာ အင်အားသာလွန်တဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ဆက်ဆံရာမှာ အကြပ်အတည်းဆိုက်ရောက်တဲ့ အခြေအနေမျိုးကို မြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေနဲ့ ကြုံရတာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း သူတို့အကူအညီတွေလိုအပ်ပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ တဘက်မှာ တရုတ်နဲ့ ဆက်ဆံရသလို တဘက်မှာ အမေရိကန်နဲ့လည်း ဆက်ဆံရတာပါ။ တခြားသူတွေလိုပဲ ဒေါ်အောင်ဆန်းစုကြည်က ဒီအခြေအနေကို ကောင်းကောင်း သဘောပေါက်ပါတယ်။”

ဒီကနေ့ မနက်ပိုင်းတုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၅ ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG