သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မြဲဖို့ ဒေါ်စုမျှော်လင့်


၅ ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ ဒီကနေ့တွေ့ဆုံပြီး ၂ နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က လတ်တလော ဘာမှ ပြောဆိုဆွေးနွေးစရာရှိဦးမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ မနက်ဖြန်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ တရုတ်ဝန်ကြီးချုပ် လီခချန်းက Great Hall of the People , North Hall မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခချန်းရဲ့ ဖိတ်ကြားချက်နဲ့ အခုလိုသွားရောက်တာပါ။ ညနေ ၆ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် လီခချန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂ နိုင်ငံအကျုးိတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးမှာ ၂ နိုင်ငံဆက်ဆံရေး အနေအထားနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ကျမတို့ကိုကြိုဆိုတာဟာ ကျမတို့ရဲ့ မိတ်ဖြစ်ဆွေဖြစ်ဆိုတာ ဒီအတိုင်း ကျမတို့နဲ့ တရုတ်နိုင်ငံဆက်ဆံရေး ပြောင်းလဲတယ်ဆိုတာ ပိုပြီးတော့ ကောင်းမွန်တဲ့ ပိုပြီးတော့ တည်မြဲ ၊ပိုပြီးတော့ခိုင်မာဖို့အတွက် အပြောင်းအလဲတွေပဲဖြစ်မယ်လို့ ကျမတို့ ယုံကြည်မျှော်လင့်ပါတယ်။"

ဒီကနေ့မှာပဲ စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းတုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်အတွင်း ၂ နိုင်ငံကြား အကြိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပေမယ့် မြစ်ဆုံမှာ ရေကာတာတည်ဆောက်ဖို့ကိစ္စနဲ့ ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံဘက်က လတ်တလောမှာ ဘာမှ ပြောဆိုစရာ မရှိသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါ်အေးအေးစိုးက အခုလိုပြောပါတယ်။

“မြစ်ဆုံကိစ္စမှန်းတာကတော့ တရုတ်ကတော့ ဒီကိစ္စကိုပြောကောင်းပြောမယ်သူက အခွင့်အခါတိုင်းလည်းပြောနေတာကို အခုတလော ပြန်လည်သုံးသပ်လုပ်ကိုင်ဖို့ဆိုတာ။ ဒါပေမယ့် အမတို့အနေနဲ့ကတော့ ဘာမှထွေထွေထူးထူးဆွေးနွေးစရာမရှိဘူးလို့ သဘောထားတယ် ။ ဘာလို့လဲဆိုတော့ အမတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး အမတို့မှာ တလောကပဲ ကော်မတီထောင်လိုက်တိုယ်လေ။ အဲဒီကော်မတီ က သူလုပ်စရာရှိတာတွေ ဆက်ပြီးတော့လုပ်မှာဆိုတာ ဟိုဘက်မှာ ထွေထွေထူးထူးတရုတ်နဲ့ ဘာမှဆွေးနွေးဖို့မရှိဘူးလေ။”

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် လူထုတွေရဲ့ကန့်ကွက်တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံဘက်က ဒေါ်လာ ၃.၆ ဘီလျံ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်း ဆိုင်းငံ့ထားခဲ့ပါတယ်။ လူမှု ပတ်ဝန်းကျင် ဂေဟစနစ်အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အပေါ်ထိခိုက်ပျက်စီးစေနို်င်တာကြောင့် အခုလို ဆန္ဒ ထုတ်ဖေါ်ခဲ့တာပါ။ ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီအချိန်က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခဲ့ခြင်း မရှိတာကြောင့်လည်း လူထုအကြား မကြေနပ်မှုတွေ တိုးလာတာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့တော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက် သင့်မသင့် လေ့လာစုံစမ်းမယ့် ကော်မရှင် တရပ်ကို ဖွဲ့စည်းပေးထားခဲ့ပြီးပါပြီ။ အရှေ့တောင်အာရှမှာ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက အခုလိုပြောပါတယ်။

“မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံးအားနည်းတာက မြစ်ဆုံ သဘောတူညီချက်ထဲမှာ ဘာတွေပါတယ်ဆိုတာကို ပြည်သူလူထူကို ပထမဆုံးအသိပေးဖို့လိုပါတယ်။ အဲဒါ ဒေါ်အောင်ဆန်းဆုကြည်ကကတိပေးထားပြီး နောက်ဆုံးသူမဖတ်ရသေးဘူးဆိုတာပဲ နောက်ဆုံးပြောခဲ့တာကြားတယ် ဒါနဲ့ပတ်သက်ပြီးတော။့ အဲဒီစာချုပ်အထဲမှာ ဘာတွေပါတယ်ဆိုတာကို ပြည်သူလူထုကို အသိပေးရမယ်။ နောက်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် နောက်ပြီးကျတော့ ပြည်သူထူရဲ့ ဆန္ဒနဲ့ ဆောင်ရွက်ရတာဟာ အစိုးရကောင်းတရပ်ရဲ့ လုပ်ငန်း တာဝန်လို့ထင်ပါတယ် နောက်သူ့အောင်မြင်မှုတွေပဲဖြစ်မှာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ်အတွင်းတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်အပါအဝင် ဝန်ကြီးချုပ် လီခချန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်ကတော့ NLD ပါတီအနေနဲ့ အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးသွားရောက်တဲ့ တရုတ်နိုင်ငံခရီးစဉ်ပါ။ နောက်လမှာ သွားရောက်ဖို့ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင်မှာ တရုတ်နိုင်ငံကို အခုလိုသွားရောက်တာလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့အပြင် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ပါ ဆက်ဆံရေး ပုံမှန်ထိန်းသိမ်းဖို့ မြန်မာအစိုးရအဆက်ဆက်အနေနဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ဟောင်း Trevor Wilson က VOA ကို အခုလိုပြောပါတယ်။

“အစစအရာရာမှာ အင်အားသာလွန်တဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ဆက်ဆံရာမှာ အကြပ်အတည်းဆိုက်ရောက်တဲ့ အခြေအနေမျိုးကို မြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေနဲ့ ကြုံရတာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း သူတို့အကူအညီတွေလိုအပ်ပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ တဘက်မှာ တရုတ်နဲ့ ဆက်ဆံရသလို တဘက်မှာ အမေရိကန်နဲ့လည်း ဆက်ဆံရတာပါ။ တခြားသူတွေလိုပဲ ဒေါ်အောင်ဆန်းစုကြည်က ဒီအခြေအနေကို ကောင်းကောင်း သဘောပေါက်ပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခချန်းတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ တွေ့ဆုံပြီး ၂ နိုင်ငံဆက်ဆံရေး၊ ဂဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။ ၅ ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG