သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းမြို့ကို ဆိုက်ရောက်


ဒေါ်အောင်ဆန်းစုကြည် တရုတ်ချစ်ကြည်ရေးခရီးစဉ် စတင် (MOI)
ဒေါ်အောင်ဆန်းစုကြည် တရုတ်ချစ်ကြည်ရေးခရီးစဉ် စတင် (MOI)

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ တရုတ် ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ် အတွင်း တရုတ် သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့လည်း ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ သုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် အတွင်း အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးကြမယ်လို့ ခန့်မှန်းကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်းမှာဘဲ ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ ကူးမင်းမြို့ကို တရုတ်လေကြောင်းလိုင်းနဲ့ ထွက်ခွာသွားတာ ဖြစ်ပြီး ကူမင်းမြို့ကနေ တဆင့် အထူးလေယာဉ်နဲ့ မြို့တော် ဘေဂျင်းကို ညနေပိုင်းမှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီညပိုင်းမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသေးဘဲ ဘေဂျင်းမြို့တော်က ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာမှာ ညအိပ်ရပ်နားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တရုတ် ဝန်ကြီးချုပ် လီခချန်းရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော် ခရီးစဉ် အဖြစ် သွားရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ် အတွင်း တရုတ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။

“အဓိကတော့ ဒီခရီးစဉ်ကြီး တခုလုံး အစီအစဉ်က သွားရတဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံကြားမှာ ရှိထားပြီးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဒီထက်ခိုင်မာအောင် အဓိကသွားတာပါ။ သိတဲ့အတိုင်းပဲ အခုက အမတို့က အစိုးရသစ် အဖွဲ့အသစ်။ ဒါပေမယ့် အမတို့သွားစရာ နိုင်ငံတွေအများကြီးထဲမှာ တရုတ်ကတော့ လောလောဆယ်တော့ အမတို့ဝန်ကြီးက အရင်ဆုံးသွားလိုက်တာပါ။ နောက်တော့ ၂ နိုင်ငံ ဆက်ဆံရေးအတွက် တိုးတက်ကောင်းမွန်အောင် လုပ်မယ်ဆိုတဲ့ အတွက်ကြောင့် ဒါက ရှင်းရှင်းပြောရင် bilateral visit သက်သက်ပဲပေါ့လေ။ အစီအစဉ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့မယ်၊ တရုတ်ဝန်ကြီးချုပ်နဲ့တွေ့မယ်၊ နောက်တော့ သမ္မတကြီးနဲ့ တွေ့ပါမယ်ရှင့်။”

ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်သွားသလို ပြည်ထောင်စု ဝန်ကြီး တချို့လည်း လိုက်ပါသွားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက အခုလို ပြောပါတယ်။

“ နှစ်နိုင်ငံကြားမှာတော့ ပူးပေါင်းဆောင်ရွက်တဲ့ စာချုပ် ၂ ခုတော့ လက်မှတ်ထိုးနိုင်အောင် ကြိုးစားသွားတာပဲလေ။ အဲဒီ စာချုပ် ၂ ခုကတော့ မူလ တုန်းကတော့ ကွန်လုံတံတားနဲ့ ပတ်သက်ပြီးတော့ တည်ဆောက်ရေးလား၊ ကွန်လုံတံတားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလားမသိဘူး အဲဒီတခုရယ်၊ နောက်တခုကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံတည်ဆောင်ဖို့ ကိစ္စပါရှင့်။ အဲဒါနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ သဘောမျိုး Exchange of note ပေါ့ ထိုးမယ်ဆိုတာ စီစဉ်နေတာရှိတယ်။ ဒါပေမယ့် လောလောဆယ် ခရီးထွက်သွားတဲ့အချိန်အထိ အဆင်ပြေလား မပြေလားဆိုတာ သက်ဆိုင်ရာဌာနက ဘာမှ မပြောသွားဘူး။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ပါသွားပါတယ်။ ပြည်ထောင်စု ဝန်ကြီး။ နောက်ပြီး လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးပါသွားပါတယ်။ နောက်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါသွားပါတယ်ရှင့် ပြီးတော့ ကျမတို့ ဒုတိယဝန်ကြီး ပါပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ် အတွင်းမှာတော့ ဆိုင်းငံ့ထားရတဲ့ မြစ်ဆုံ ရေကာတာအရေးကတော့ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဧရာဝတီ မြစ်ပေါ်မှာ တည်ဆောက်မယ့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းက တရုတ် - မြန်မာ နှစ်နိုင်ငံ အတွက် သိပ်ကို အရေးပါတဲ့ စီမံကိန်းဖြစ်တယ်လို့ တရုတ် ကွန်မြူနစ်ပါတီ အာဘော် Global Times သတင်းစာက ရေးသားပြီး မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး နှစ်ဘက်တို့ မကြာခင်မှာ သဘောတူညီချက် တခုခု ရလာဖို့ တရုတ်ပြည်တွင်းမှာ မျှော်လင့်ချက်တွေ တိုးလာတယ်လို့လည်း ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် မတိုင်ခင်မှာလည်း တရုတ် မီဒီယာတွေမှာ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီး ခပ်စိပ်စိပ် ရေးသား ဖော်ပြခဲ့တာပါ။

မြန်မာ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ် မတိုင်ခင်မှာဘဲ သမ္မတ ဦးထင်ကျော်က ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အစီရင်ခံ တင်ပြဖို့ ညွှန်ကြားထားပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း Yunnan တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခ Bi Shihong ကတော့ မြစ်ဆုံ ရေကာတာ ကိစ္စ မဖြေရှင်းနိုင်ရင်တော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား အနာဂတ်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အတားအဆီး တခု ဖြစ်မယ်လို့ သုံးသပ်ပါတယ်။ အထူးသဖြင့် အခြေခံ အဆောက်အဦ စီမံကိန်းတွေနဲ့ သက်ဆိုင်နေတဲ့ တရုတ် ကုမ္ပဏီတွေဘက်က မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ ယုံကြည်ချက် လျော့သွားမယ်လို့လည်း ပါမောက္ခ Bi က ဆိုပါတယ်။ မြစ်ဆုံရေကာတာ အရေးဖြေရှင်းဖို့ မြန်မာ အစိုးရ အတွက် နည်းလမ်းသုံးသွယ် ရှိတယ်လို့လည်း ပါမောက္ခ Bi က ပြောဆိုပြီး ပထမ တချက်က စီမံကိန်းကို လျော်ကြေးပေးပြီး လုံး၀ ဖျက်သိမ်းဖို့၊ ဒုတိယ နည်းလမ်းကတော့ စီမံကိန်းကို ပြန်လုပ်ခွင့်ပြုဖို့၊ တတိယ အချက်ကတော့ စီမံကိန်းကို ဖျက်ပြီး ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို အလျော်အစား အနေနဲ့ တခြား စီမံကိန်းတွေ ချပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။တရုတ်နိုင်ငံ တောင်ပိုင်း Yunnan တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခ Bi Shihong ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်း မြစ်ဆုံ ရေကာတာ အရေး ဖြေရှင်းချက် တခုခု ထွက်လာမယ့်ပုံ မရှိဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG