သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ် ရလဒ်ကောင်း မျှော်လင့်


၁၁ ဇွန်လ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ် အတွင်း တရုတ်သမ္မတနှင့်တွေ့ဆုံစဉ်
၁၁ ဇွန်လ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ် အတွင်း တရုတ်သမ္မတနှင့်တွေ့ဆုံစဉ်

ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံကို သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း နိုင်ငံရေးသုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာ နိုင်ငံဟာ တရုတ်နဲ့အမေရိကန် နိုင်ငံကြီးနှစ်ခုကြား အရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်လာနိုင်မယ်လို့လည်း သုံးသပ်နေကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၅ ဇွန်လတုန်းက အတိုက်အခံ NLD ပါတီဥက္ကဌအဖြစ်နဲ့ တရုတ်နိုင်ငံကို ပထမဦးဆုံး အလည် ပတ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်လက်ခံတွေ့ဆုံခဲ့တာပါ။ အခု တကြိမ်မှာတော့ နိုင်ငံ တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သြဂုတ်လ ၁၇ ရက် ကနေ ၂၀ရက် နေ့အထိ တရုတ်နိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နဲ့ရော ကျန်အဆင့်မြင့်ခေါင်းဆောင် တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရလက်ထက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်လာခဲ့တဲ့ တရုတ်နိုင်ငံဟာ၊ မြန်မာပြည်သူတွေကန့်ကွက်နေတဲ့ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးအပါအဝင်၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီတောင်စီမံကိန်း စတဲ့ အငြင်းပွားဖွယ် ကိစ္စတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် အခုလာမယ့်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား အရေးကြီးတဲ့ ရလဒ်ကောင်းတွေ ဆွေးနွေးလိမ့်မယ်လို့ သူမျှော်လင့်မိကြောင်း မြန်မာ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“ ရလဒ်ကတော့ အရေးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ကျနော်တို့မှန်းလို့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ နှစ်နိုင်ငံကြားမှာ ဟိုအထူးသဖြင့်တော့ ဒီတရုတ်နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စ…၊ အဲဒီ ရင်းနှီးမြှုပ်နှံမှုမှာလည်း ဒီ အငြင်းပွားဖွယ်လို့ ပြောရမယ့် မြစ်ဆုံ ရေကာတာရယ်၊ အယ် နောက်တခါတော့ ဘင်္ဂလားပင်လယ်အော် ကိစ္စပေါ့နော်။ ဘင်္ဂလားပင်လယ်အော်က တော်တော်လေး အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ကဏ္ဍကို ရောက်လာတယ်။ ဒီ ပင်လယ်ထွက်ပေါက်ကိစ္စ။ ဒီပင်လယ်ထွက်ပေါက်မှာ တရုတ်ကရော အိန္ဒိယ နိုင်ငံရော လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်သစ်ပယ်သစ် ချဲ့တဲ့ကိစ္စတွေ ရှိတော့ကာ၊ ကျနော်တို့နိုင်ငံက အခရာကျတဲ့နေရာမှာ ဖြစ်တော့ ဒီ ဒေါ်အောင်ဆန်းစုကြည်လို အမျှော်မြင်ရှိတဲ့ ခေါင်းဆောင် ရှိတုန်းမှာ ဆွေးနွေးလိုက်ရလို့ရှိရင်တော့ ကျနော်တို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွား ကို တစုံတရာအတိုင်းအတာ ကြီးကြီးမားမား ကာကွယ်နိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်”

မကြာခင် ဒီသြဂုတ်လကုန်ပိုင်း မြန်မာနိုင်ငံမှာ ၂၁-ရာစုပင်လုံညီလာခံကို ကျင်းပဖို့ရှိနေပါတယ်။ အဲဒီညီလာခံကို တက်လာမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့ဟာ တရုတ်မြန်မာနယ်စပ်တလျှောက် အခြေစိုက်နေကြတာမို့ ဒီလက်နက်ကိုင်တပ်တွေနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနိုင်တယ်လို့ မြင်မိကြောင်း ရှမ်းပြည် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ဟို… တရုတ်ပြည်သွားတဲ့အခါမှာ မြစ်ဆုံကိစ္စ သူ့သဘောထားတော့ ပြောရလိမ့်မယ်လို့ ထင်တယ်။ ပထမ တရုတ်သံအမတ် လာတုန်း ကတော့ မြစ်ဆုံစာချုပ်မဖတ်ရသေးဘူးလို့ သူကပြောလိုက်တာကိုး။ ဒီတခေါက်တော့ အဲဒါသူ သေချာဖတ်သွားပြီးတော့ သူ့သဘောထားတော့ ပြောရလိမ့်မယ်လို့ ထင်တယ်။ အဲဒီတော့ ဘယ်လိုစဉ်းစားမလဲ..၊ အချိန်ပေးပါဦးလို့ ပြောမလား၊ ဒါမှမဟုတ် လျှော်ကြေးပေးမယ်လို့ ပြောမလား၊ အဲဒါတော့ မပြောတတ်ဘူး။ သို့သော် ကျနော်တို့အခု ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီးစဉ်းစားမယ် ဆိုရင်တော့ ဒီလက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးရဖို့က အဓိကအားဖြင့် တရုတ်ပြည်က မပါဝင် မပတ်သက်ဖို့ မကူညီဖို့ပေါ့နော်၊ အဲဒါအရေးကြီးဆုံးပဲ။ ကျနော် ဒီနယ်စပ်မှာ နေခဲ့တဲ့တလျှောက် အတွေ့အကြုံအရ တရုတ်မထောက်ခံလို့ရှိရင် အဲဒီနားကအဖွဲ့တွေက နေလို့ကိုမရဘူး။ အဲဒီကိစ္စမှာ သူတို့ အပေးအယူ လုပ်မလားပေါ့နော်”

တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးဖို့အတွက် အမေရိကန်ဒေါ်လာ သုံးသန်းကူညီမယ်လို့ တရုတ်ရဲ့ အာရှ ရေးရာ အထူးကိုယ်စားလှယ်က ဇူလိုင်လကုန်ပိုင်းမှာ ပြောဆိုခဲ့ဖူးပါတယ်။ သြဂုတ်လ(၁၁)ရက် ကြာသာပတေးနေ့တုန်းကလည်း တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ရှောင်တာအိုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တကယ်တော့ ၁၉၅၀ အလွန်ကာလတွေတုန်းက တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးအားကောင်းခဲ့ပြီး ဝန်ကြီးချုပ်ဦးနုလက်ထက် ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းတွေမှာ မြန်မာနိုင်ငံက အရေးပါခဲ့ရတာပါ။ လက်ရှိအခြေအနေမှာလည်း အားပြိုင်နေကြတဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား မြန်မာနိုင်ငံက ကြားဝင်ပေးနိုင်မယ့်အခြေနေမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ဖန်တီးနိုင်တယ်လို့ သုံးသပ်သူကတော့ ဒေါက်တာတင့်ဆွေက ဖြစ်ပါတယ်။

“တရုတ်နိုင်ငံက ကျနော်တို့နိုင်ငံအတွက် အင်မတန်မှအရေးကြီးတဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စဖြစ်တယ်။ ကျနော်တို့ မျှော်လင့်ဖြစ်စေချင်တာကတော့ပေါ့နော် အခုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံပြီးရင်လဲ အမေရိကားကိုလည်းသွားဦးမယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်က အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကြား မှာလည်း ကြားဝင်နိုင်တဲ့ ခေါင်းဆောင် ၁ ယောက်ဖြစ်သင့်တယ်လို့ ကျနော်ယူဆတဲ့အတွက် တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့ တာဝန်ရှိသူတယောက်အနေနဲ့ ဒီခရီးစဉ်ကနေ အစပျိုးမယ်လို့ ယူဆပါတယ်ခင်ဗျ။”

တရုတ်နိုင်ငံခရီးစဉ်အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အိုဘားမားရဲ့ဖိတ်ကြားချက်အရ လာမယ့် စက်တင်ဘာလလောက်မှာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ဖို့လည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG