သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အစိုးရဝန်ကြီး ၃ ဦး နုတ်ထွက်မှု ရှင်းလင်းချက်ပေးဖို့၊ ကချင် CSOs တွေတောင်းဆို


ကချင်ပြည်နယ် အစိုးရအဖွဲ့ (ဓါတ်ပုံ-Kachin State Government Office)
ကချင်ပြည်နယ် အစိုးရအဖွဲ့ (ဓါတ်ပုံ-Kachin State Government Office)

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးကို နုတ်ထွက်စာတင်ခိုင်းတာနဲ့ပတ်သက်ပြီး ပြည်သူကို ထုတ်ပြန် ပေးဖို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၃၇ ဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဆီ လိပ်မူ ပြီးတော့ ဇန်နဝါရီလ ၂၁ ရက်၊ တနင်္လာနေ့ရက်စွဲနဲ့ စာပေးပို့ထားပါတယ်။ အဲဒီဝန်ကြီးသုံးဦးထဲက တဦးကို တာဝန်ကရပ်စဲလိုက်ပြီး ကျန်နှစ်ဦးကိုတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပေးလိုက်တယ်ဆိုတဲ့ သမ္မတရဲ့ အမိန့်စာနှစ်စောင် ထွက်လာတဲ့ တရက်ထဲမှာ လူမှုအဖွဲ့တွေက ဝန်ကြီးချုပ်ဆီ စာပေးပို့တာပါ။ ဝန်ကြီး သုံးဦး ဖြစ်ရပ်နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကလည်း အမျိုးမျိုး ကွဲပြားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်အစိုးရအဖွဲ့ ဝန်ကြီးသုံးဦးကို ဝန်ကြီးချုပ်က နုတ်ထွက်ခိုင်းခဲ့အပြီး ဆက်တိုက်ဆိုသလိုပဲ သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြေညာစာနှစ်စောင်နဲ့ ဝန်ကြီးတဦးကို တာဝန်ကရပ်စဲ၊ နှစ်ဦးကို အနားယူခွင့် ပေးလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဆီကိုစာပေးပို့ထားတဲ့ အရပ်ဘက် အဖွဲ့အစည်း ၃၇ဖွဲ့ထဲက ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခေါနန်က သူတို့သဘောထားကို အခုလိုပြောပါတယ်။

"ဘာဘဲဖြစ်ဖြစ်ကိုယ့်ဝန်ကြီးချုပ် ၃ဦး တခါထဲ ထွတ်ခံရတာကျတော့ ကျမတို့တွေတော်တော်လေး စိုးရိမ်မိတယ်။ အခုက မြစ် ဆုံစီမံကိန်းကိစ္စရော ၄လအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ IDPကိစ္စတွေ လုပ်ရမှာတွေရှိနေတော့ ဒီလိုချက်ချင်းဖြစ်တာကြတော့ ကျနော်တို့တော်တော်လေးကို စိုးရိမ်မိတယ်။ ဘာကြောင့်ဆိုတာ ကျမတို့တွေ တိကျစွာမရနိုင်ဘူး။ ဦး Hလှအောင်အနေနဲ့ဆို ရင် ကျမတို့ပြည်သူတွေ အနေနဲ့ တွေ့ရတာက သူ့လုပ်ငန်းအတိုင်းလုပ်နေတာဘဲ ကျမတို့တွေတွေ့တယ်။ တိုင်ခံထားရတာ လည်းမရှိဘူး။"

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာတော့ အမြင်သဘောထား ကွဲလွဲတာတွေရှိနေပါတယ်။ဒီ ဝန်ကြီး ၃ဦး လုပ်ရည် ကိုင်ရည်နဲ့ပတ်သတ်လို့

ဖားကန့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒါရှီလာဆိုင်းအမြင်ကတော့

"ကျနော်လွှတ်တော်မှာ သက်ဆိုင်တဲ့မေးခွန်းတွေမေးလာရင် သူတို့ဖြေကြားတာမှာ မေးခွန်းတော်တော်များများကျေနပ်မှု မရှိ တာတွေ့ရတယ်။ ပြည်သူတယောက်အနေနဲ့ဆိုရင် ကျနော်က ဖားကန့်မှာနေတယ်။ ဖားကန့်မှာသဘာဝသယံဇာတတွေ ရှိတယ် ခုချိန်ထိကျောက်စိမ်းလုပ်ကွက်တွေက အရင်အတိုင်းဘဲ၊"

ဆွမ်ဘရာဘွမ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဂျေထူရော်အမြင်ကတော့

"ဆက်ဆံတာကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျမတို့တောင်တန်းဒေသကို မ ျှမ ျှတတတော့ဖြစ်စေချင်တာပေါ့လေ။ ဘာဘဲဖြစ်ဖြစ်ပညာရေးဖြစ်ဖြစ်ကျန်းမာရေးဖြစ်ဖြစ်ပေါ့လေ။ တခါတလေကျကျမတို့ တောင်တန်းဒေသ ကို သိပ်ဦးစားမပေး တော့လေ နည်းနည်း အဲံဒီမှာဖြစ်တာဘဲ အဲလောက်ဘဲရှိပါတယ်လေ'

ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို တာဝန်ကနေ ရပ်စဲကြောင်းနဲ့ တခြား အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဖြစ်တဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကို သူတို့သဘောဆန္ဒအရ ပြည်နယ်ဝန်ကြီး တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ သီးခြား အမိန့်ကြေညာချက်တွေထဲမှာ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်ဝန်ကြီး သုံးဦးကို မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ညွှန်ကြားခဲ့ သလို ခုလို ရာထူးကနေ နုတ်ထွက်ခိုင်းတာဟာ အုပ်ချုပ်ရေးအဖွဲ့ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် သမ္မတရဲ့ အမိန့်ကြော်ညာစာတွေ ထွက်လာတာပ ါ။

လက်ရှိ ပြည်နယ်ဝန်ကြီး ၃ ပါး နုတ်ထွက်ဖို့ ဝန်ကြီးချုပ်ကပြောတာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်လို့ဆိုတာနဲ့ပတ်သက်ပြီး တကယ်လုပ်ဆောင်ခိုင်းခြင်းဟုတ်မဟုတ်ကို ခုထိရှင်းရှင်းလင်း လင်းမသိရသေးပါဘူး။ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်ခိုင်းတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ လုပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို ပြောထားပါတယ်။ ဒါပေမယ့် အခုလို သမ္မတ အမိန့်ကြေညာစာတွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ့ ပါတီက စုံစမ်းစစ်ဆေးမှု လုပ်ဦးမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG