သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်ကူညီရေး ကချင် CSO နဲ့ မြန်မာ့ငြိမ်းကော်မတီဆွေးနွေး


ကချင်လူသားချင်းစာနာမှု ကော်မတီ(KHCC) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးကော်မတီ (NRPC) ဆွေးနွေးပွဲ (ဓာတ်ပုံ NRPC)

ကချင်လူသားချင်းစာနာမှု ကော်မတီ(KHCC) နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးကော်မတီ (NRPC) တို့ တွေ့ဆုံပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြ ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရှိန်လျှော့ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှသာ စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်လိမ့်မယ်လို့ ကချင်အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်တဲ့ အနေနဲ့ ကချင်လူသားချင်းစာနာမှု ကော်မတီ (KHCC) နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီ (NRPC) တို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

ဒီဆွေးနွေးတာနဲ့ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ (NRPC) အဖွဲ့ဝင် ဦးထွန်းထွန်းဦးက အခုလို ပြောပြပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ (NRPC) အဖွဲ့ဝင် ဦးထွန်းထွန်းဦး (ဓာတ်ပုံ-NRPC)
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ (NRPC) အဖွဲ့ဝင် ဦးထွန်းထွန်းဦး (ဓာတ်ပုံ-NRPC)

"ဒီစစ်ဘေးရှောင် နေရပ်စွန့်ခွာရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေ ပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ကချင်ပြည်နယ် အတွင်းမှာ နေရပ်စွန့်ခွါ IDPတွေအနေနဲ့ ၄င်းတို့နေရပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချ နေထိုင်နိုင်ဖို့ IDP တွေ လတ်တလောလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူညီတွေ ပေးနိုင်ဖို့ IDP စခန်းတွေ ပိတ်သိမ်းနိုင်ဖို့ ဒီကနေ့ ဆွေးနွေးမှာဖြစ်ပါတယ်။ IDP အရေးကိစ္စဟာလည်း ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ မဖြစ်မနေ ဦးစားပေးဖြေရှင်းရမယ့် ဆောင်ရွက်ရမယ့် လုပ်ငန်းကိစ္စဖြစ်တယ်ဆိုတာ အားလုံး လည်း သိမယ်ထင်ပါတယ်။ ကျနော်တို့ KNU/KIA ခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံတဲ့နေရာမှာ ဒီယုံကြည်မှုတည်ဆောင်ဖို့အတွက် ခိုင်ခိုင်မာမာ အထောက်ကူပြုနိုင်ဖို့ IDP တွေ နေရပ်ပြန်ရေး ကိစ္စ ဆောင်ရွက်နိုင်ဖို့ NRPC က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။"

စစ်ဘေးရှောင် IDP တွေ နေရပ်ပြန်နိုင်ဖို့မှာ တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေ မှာ စစ်ရှိန်လျှော့ချပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်တယ်လို့ ကချင်လူသားချင်း စာနာမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန်က ပြောပါတယ်။

ကချင်လူသားချင်းစာနာမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန် (ဓာတ်ပုံ NRPC)
ကချင်လူသားချင်းစာနာမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန် (ဓာတ်ပုံ NRPC)

"IDP နေရပ်ပြန်ရေးကိစ္စမှာ စစ်ရေးနဲ့ ဆက်နွယ်နေတဲ့ကိစ္စကြောင့်မို့လို့ တပ်မတော်ဘက် ကလည်း တိုင်းရင်းသားအပေါ်မှာ ယုံကြည်စွာဖြင့် အမြင်ရှင်းလင်းဖို့လိုပါတယ်။ တိုင်းရင်းသား ဒေသများမှာ စစ်အရှိန် လျှော့ပြီး ပြည်သူများ ယုံကြည်မှုရှိတဲ့အထိ ယခင် တပ်စခန်းမရှိသော ကျေးရွာများတွင် တပ်စခန်းတည်ဆောက် ခြင်းကို ထိုဒေသမှ စွန့်ခွါ၍ ငြိမ်းချမ်းမှုတည်ဆောက်ရေးအတွက် လုပ်ဆောင်နိုင်ပါက IDP နေရပ်ပြန်နိုင် ရေးက အချိန်တိုအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။"

မြန်မာ့တပ်မတော်က ၄ လတာ တဘက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းကစလို့ ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် အစိုးရရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO အကြားမှာ ဆွေးနွေးတာတွေ စတင်ခဲ့တာပါ။ ဒီနှစ်အစောပိုင်းမှာတော့ ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာက စစ်ရှောင်မိသားစု၂၀ လောက်၊ လူ ဦးရေ ၁၀၀ ကျော်ဟာ နေရပ်ပြန်လာကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မိုင်းရှင်းလင်းတာ အပါအဝင် လိုအပ်တာတွေ ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း KHCC နဲ့ NRPC တာဝန်ရှိသူတွေ တွေ့ဆုံပြီး နောက်ထပ် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးခဲ့ကြပါသေးတယ်။

မြန်မာ့တပ်မတော်နဲ့ KIA တို့ဟာ ၂၀၁၁ ခုနှစ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်တာလာ အခုနဲ့ ဆို ၇ နှစ်ကျော် လာပါပြီ။ တိုက်ပွဲကြောင့် မြစ်ကြီးနား ၊ မိုးကောင်း ၊ ဗန်းမော်တို့မှာ စစ်ဘေးရှောင် စခန်းတွေဖွင့်လှစ်ထားရပြီး စစ်ဘေးရှောင် ၁ သိန်းကျော်အထိ ခိုလှုံနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG