သုံးရလွယ်ကူစေသည့် Link များ

ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေနဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတချို့ဟာ ပြင်းထန်ကြောင်း ဒေသခံတွေက ပြောပေမဲ့လည်း တာဝန်ရှိသူတွေကတော့ အထိအခိုက် အကျအဆုံးနဲ့ ပတ်သက်လို့ အသေးစိတ်တော့ မပြောပါဘူး။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခ နောက်ဆုံး အခြေအနေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ် မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝဒေသခံ တဦးက ပြောပါတယ်။

“ပလက်ဝနယ်မှာပေါ့။ ခရုချောင်းဆိုတာ ရှိတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်နေတယ်။ တော်တော်လေး ပြင်းထန်နေတယ်။ ၈ နာရီကနေ အခု ၁၂ ခွဲလောက် သူတို့က စစ်ပွဲဖြစ်နေတယ်။ AA တွေနဲ့ပေါ့လေ တပ်မတော်တွေနဲ့ အဲသူတို့နဲ့ တိုက်ပွဲ ဖြစ်နေတယ်။”

ပလက်ဝမြို့နယ် ထရွမ်းအိုင်မြောက်ပိုင် ခရုချောင်း မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ပလက်ဝမြို့နယ်ဘက် တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပြောပါတယ်။

“ပလက်ဝမြောက်ခြမ်းမှာ ဒီနေ့မနက်ဖြစ်တာ။ ပလက်ဝမြောက်ခြမ်းဆိုတာ ပလက်ဝနဲ့ ဝေးတယ်။ ထရွမ်းအိုင်မြောက်ခြမ်းမှာ တိုက်ပွဲတွေကတော့ နာရီဝက်လောက်ပဲ ကြာတယ်။”

ဒီတိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်မှုတွေကို အတည်မပြုနိုင်သေးပါဘူး။

ရခိုင့်တပ်မတော်ဘက်ကတော့ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း မသိရှိသေးဘူးလို့ ဆိုပါတယ်။

မနေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှု ရှိခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဇွန်လ ၁၃ ရက် နေ့မှာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်း အနောက်ဘက်ကမ်း မြို့မချောင်းရွာရဲ့အနီးမှာ အင်အား ၁၅၀ ခန့်ရှိတဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းကို ကျနော်တို့ ရခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းကနေပြီးတော့ ဝင်တိုက်ခိုက်ခဲ့တာ ရှိတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်။ ရန်သူဘက်ကနေပြီးတော့ မျက်မြင်ပေါ့နော်။ သေဆုံးသူက ၅ ဦးရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ ရခိုင့်တပ်မတော်ဘက်ကလည်းပဲ အသေးစား ဒဏ်ရာရသူ တယောက် ရှိပြီးတော့ စစ်သည်တော် တဦးလည်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့တာ ရှိတယ်။ ၁၃ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ် စိုင်းဒင်ချောင်းအနောက်ဘက်ကမ်း ဈီးရွာအနီးမှာ အင်အား ၁၅၀ လောက်ပါတဲ့ တပ်မတော်စစ်ကြောင်း နဲ့ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမိနစ် ၂၀ လောက်ထိတော့ တိုက်ခိုက်မှုအတွင်းမှာတော့ ရန်သူ ၁၀ ကျော် သုတ်သင်နိုင်ခဲ့တယ်ပေါ့။”

မနေ့က ဘူးသီးတောင်မြို့နယ် စိုင်းဒင်းချောင်းတိုက်ပွဲ အခြေအနေကိုတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့က စိုင်းဒင်ချောင်းဘက်မှာတော့ ညနေပိုင်းလောက်မှာ ထိတွေ့မှုဖြစ်တာ ရှိတယ်။ ဘူးသီးတောင်ရဲ့ အရှေ့ဘက်မှာ ဖြစ်တာပေါ့။ ထိတွေ့တိုက်ခိုက်မှုမှာတော့ နှစ်ဘက်လုံးထိခိုက်ဒဏ်ရာရတာ မရှိဘူး။

မနေ့ကလည်း မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရွာသား ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ တပ်မတော်ဘက်စစ်ကြောင်းကို AA ဘက်က တိုက်ခိုက်တာမို့လို့ ပစ်ခတ်မှုဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုနေသလို AA အနေနဲ့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို ငြင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဒီနှစ်ဆန်းပိုင်းကနေ မေလကုန်အထိတော့ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲကြီးငယ်အကြိမ် ၅၀၀ ကျော်ခဲ့ပြီးလို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG