သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မင်းပြားမြို့နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၆ ဦးထက်မနည်း သေဆုံး


ရခိုင်စစ်ရေး ပဋိပက္ခကြား တိမ်းရှောင်နေရသော စစ်ရှောင် ဒုက္ခသည်များ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သား ခြောက် ဦးထက် မနည်း သေဆုံးပြီး ကိုး ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ မင်းပြားမြို့နယ်က စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေ နှစ်ရက်ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ မနေ့ညနေပိုင်းက စစ်ဘေးရှောင်ရွာသားတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့လို့ ရွာသား ခြောက်ဦး သေဆုံးပြီး ကိုး ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရွာသားတွေကို မင်းပြားဆေးရုံနဲ့ စစ်တွေ ဆေးရုံမှာ ဆေးကုသနေတာဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိနေတယ်လို့ မင်းပြားမြို့ ကျန်းရိပ်ကရုဏာ ဖေါင်ဒေးရှင်း တာဝန်ခံဦးသိန်းထွန်းက ပြောပါတယ်။

“စစ်တွေရောက်သွားတဲ့ နှစ် ယောက်လည်း အဆင်ပြေတယ်။ ဒဏ်ရာပြင်းလို့ ရောက်သွားတဲ့ သူတို့လည်းနည်းနည်း သက်သာသွားပုံရတယ်။ ဒီမှာ မင်းပြားဆေးရုံမှာ ရှိတဲ့ လူနာတွေ နေသာခိုင်စာတော့ နည်းနည်းအဆင့်ရှိသွားပြီ။ မင်းပြား ဆေးရုံမှာ ခုနစ် ဦး။

သေဆုံးသွားတဲ့ ရွာသား ခြောက် ဦး ကိုတော့ ဒီကနေ့ မင်းပြားမြို့သုသာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒေသခံရွာသားတွေက တပ်မတော်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ ပြောဆိုနေပေမဲ့ ဒီပစ်ခတ်မှုမှာ နှစ်ဘက်တပ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့က ကျနော်တို့စပါးထားဝန်းကျင်နားမှာ ထိတွေ့မှုဖြစ်တဲ့အပေါ်မှာ စပါးထားကျေးရွာထဲကနေပြီးတော့မှ AA သောင်းကျန်းသူ တွေဟာ ရွာကိုအခြေခံပြီး ပစ်တဲ့အခါမှာ သူပစ်ကိုယ်ပစ် ပစ်ပါတယ်။ ရွာသားတွေ ဒဏ်ရာရတယ်လို့လည်း ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့ ရွာကိုအခြေခံပြီး ပစ်တဲ့အတွက်ကြောင့်မို့လို့ သူပစ်ကိုယ်ပစ်တဲ့အခါမှာ ဘယ်သူကြောင့် မှန်တယ်ဆိုတာ ဘာညာဆိုတာတော့ ကျနော်တို့က ဂဃနဏ မပြောနိုင်ဘူး။”

တိုက်ပွဲဖြစ်ပွါးအပြီး မနေ့ကနဲ့ဒီကနေမနက်မှာ မင်းပြားမြို့အတွင်း စပါးထားနဲ့ ဘိတ်တောင်ကျေးရွာက စစ်ရှောင် (၃၀၀) ခန့် ရောက်ရှိနေတယ်လို့ ဦးသိန်းထွန်းက ဆက်ပြောပါတယ်။

“မင်းပြားမြို့မှာစစ်ရှောင် မနေ့ကရောက်တာ ဒီနေ့မနက်ပိုင်းရောက်တာဆိုရင် (၃၀၀)နီးပါးဖြစ်နေပြီး။ စပါးထားရယ်။ ဘိတ်တောင်ရယ်။ အဲတာပါပါတယ်။ မင်းပြားနယ်မှာလည်းရှိသေးတယ်။ စေတနာရှင်အလှူရှင်တွေကပေါင်းပြီးတော့ ကျွေး မွေးထားထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကစီမံပြီးတော့ သူတို့စားရေးသောက်ရေးကိုလည်း ဆောင်ရွက်ပေးနေတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ရွာသားတွေနဲ့ မင်းဖူးကျေးရွာကရွာသား ထောင်ကျော်ဟာလည်း မင်းပြားမြို့ရဲ့မြောက်ဘက်မိုင်(၃၀) အကွာခန့်မှာရှိတဲ့ပုလဲတောင်ရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းပြားမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးစစ်နိုင်ကပြောပါတယ်။

“ကျန်တဲ့လူတွေကလည်း မင်းဖူးဘက် ထွက်ပြေးတယ်။ မင်းဖူးမှာလည်း မင်းဖူးက လူတွေဆက်ပြီး ထွက်ပြေးပြီးတော့ ကက်သစ် ပုလဲတောင် ဘက်ရောက်သွားတယ်။ မင်းဖူးကနေဆက်ပြီး မနေရဲကြတော့ လူ (၁၀၀၀) လောက်ပေါ့။ ရှောင်လာတဲ့လူတွေနဲ့ ရွာခံလူတွေနဲ့ပေါင်း မြစ်ကိုကူး ဟိုဘက်ပြေးကြတယ်။ မြို့လည်းမလာရဲ ဒီဘက်ကို။

မနေ့က ညနေပိုင်းမှာ မြောက်ဦးမြို့နယ် ညောင်ပင်လှကျေးရွာဘက်မှာ စစ်လက်ကျန် ဗုံးပေါက်ကွဲလို့ ရွာသားတဦး သေဆုံးပြီး သုံး ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်ပင်လှရွာခံ တဦးက ပြောပါတယ်။

“မှိုဟင်း သွားခုးတာတဲ့တောင်နားမှာ။ အဲဒီမှာမိုင်းတွေ့လို့ မိုင်းတလုံး ရခဲ့တယ်။ အဲတာကို ရွာအပြင်နားမှာပဲ ဒါးနဲ့ အဲဒီမိုင်းကို ခေါက်ကြည့်တာ ကွဲသွားတယ်တဲ့။ ခေါက်ကြည့်တဲ့ သူကသေပြီပေါ့။ သူ့ရဲ့မိန်းမလည်း ဒဏ်ရာရတယ်။ မိန်းမ သုံး ယောက်က ဒဏ်ရာရတယ်။”

ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းက ဟင်းခူးရှာသွားစဉ် တောင်ခြေရင်းမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတလုံးကိုတွေ့ရှိလို့ ဒါးနဲ့ ခြစ်ခေါက်ကြည့်ရာကနေ ဗုံးသီးပေါက်ကွဲခဲ့ပြီး ဦးဝင်းနိုင်ဆိုသူကနေ သေဆုံးသွားသလို အမျိုးသမီး သုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို ညတွင်းချင်းမြောက်ဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အခုသူတို့ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာမရှိတော့ဘူးလို့ မြောက်ဦးမြို့နယ်ဆေးရုံက ဒေါက်တာခင်မောင်ရင်က ပြောပါတယ်။

“ကျနော်တို့ ဆေးရုံရောက်တာတော့ အမျိုးသမီး သုံး ယောက် ရောက်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ တယောက်ကတော့ နည်းနည်းလေး သွေးထွက်များလို့ ကျနော်တို့ မနေ့ကတော့ ကုသမှုပေးပြီးတော့ ဒီမနက်ကတော့ အခြေအနေ ပြန်တည်ငြိမ်သွားပါပြီး။ ကျန်တဲ့ နှစ် ယောက်ကတော့ လုံးဝကောင်းတယ်။ အခင်းဖြစ်တဲ့နေရာမှာ အမျိုးသား တယောက် သေတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ဆေးရုံတော့ အလောင်းကိုတော့ ယူလာတာတော့ မရှိပါဘူး။”

ဗုံးသီးကောက်ရတဲ့ နေရာဟာ လက်နက်ကိုင်အဖွဲ့တွေ အခြေပြုနေထိုင်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင် AA လက်နက်ကိုင်အဖွဲ့တို့ အကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်ပွားမှုအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ များပြားလာနေပါတယ်။

နှစ်ဘက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒီလိုအရပ်သားတွေ ထိခိုက်မှုတွေကိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ရှောင်ရှားပြီး တာဝန်ယူသင့်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်က ပြောပါတယ်။

“ဘာဘဲဖြစ်ဖြစ်။ နှစ်ဘက်တိုက်ပွဲပဲ ဆိုဆို။ ကျည်က နှစ်ဘက်ကြားမှာ ထိတာမဟုတ်ဘူး မနေ့က။ အဲဒီလိုဟာမျိုးတွေကတော့ ရှောင်ရှားသင့်တယ်ပေါ့ဗျာ။ ပစ်ခတ်တဲ့ဘက် တာဝန်ရှိတဲ့ဘက်ကနေ ဒါတွေကိုလည်း တာဝန်ယူသင့်တယ်။ ဘယ်ဘက် ကဖြစ်သလဲ စုံစမ်းစစ်ဆေးမှုတို့ပေါ့။ ဖေါ်ထုတ်အရေးယူဖို့ နောက်ဒီလိုမျိုး အပစ်မဲ့ပြည်သူတွေ မဖြစ်အောင် တာဝန်ရှိတဲ့ဘက်ကနေ တားဆီးဖို့ အရေးယူဖို့ လိုအပ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

မြန်မာ့တပ်မတော်နဲ့ ရခိုင် AA လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာနေခဲ့တာပါ။

ပြီးခဲ့တဲ့မေလဆန်းက ကျောက်တန်းရွာရွာသား ၃၀၀ နီးပါးကို စစ်တပ်က ဖမ်းထားစဉ်အတွင်း ညပိုင်း ပစ်ခတ်မှုတွေဖြစ် လို့ လူ ခြောက် ဦးသေဆုံးပြီး ရှစ် ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မေလ ၁၉ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာကြား ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ အသက် ဆယ် နှစ်အရွယ် ကျောင်းသူတဦး သေဆုံးပြီး ဆယ် နှစ်အောက် ကလေးငယ် သုံး ဦးနဲ့ လူကြီးတဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဧပြီလ ၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းတောင်တန်းတ၀ိုက်မှာ တပ်မတော်ကနေ လေကြောင်း ပစ်ခတ်မှုကြောင့် မွတ်ဆလင်ရွာသား ငါး ဦးထက် မနည်းသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားတာမျိုး မဟုတ်လည်း တပ်မတော်ဘက်က တမင်ပစ်ခတ်တာလို့ စွပ်စွဲမှုတွေ ရှိနေသလို တပ်မတော်ဘက်ကတော့ AA အဖွဲ့ကနေ ရွာအတွင်း အကာကွယ်ယူပြီး တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG