သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားနဲ့ မြောက်ဦးမှာ တိုက်ပွဲပြင်းထန်နေ


ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော်
ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော်

ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ တပ်မတော် စစ်ကြောင်းနဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိပါတယ်။ တနင်္လာနေ့က မင်းပြားမှာဖြစ်တဲ့ တိုက်ပွဲအတွင်း၂ ဘက်လုံးမှာ ထိခိုက် ကျဆုံးတာတွေရှိတယ်လို့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အတည်ပြု ပြောဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်းမှာပဲ မြောက်ဦး မင်းပြားဒေသခံ ၅ ဦး ဒဏ်ရာရခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မနေ့ညပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ် ရွှေတမာကျေးရွာနဲ့ အောင်တိုင်ရွာအကြား တိုက်ပွဲမှာ၂ ဘက်တပ်တွေ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။

“ဇွန်လ (၂) ရက်နေ့မှာ မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ အောင်တိုင်ရွာအကြားမှာ ဗမာ့တပ်မတော်ရဲ့ တပ်မ (၉၉) ကွပ်ကဲမှု အောက်က ရဲမွန်အခြေစိုက် ခမရ (၄၁၇) နဲ့ ရခိုင့်တပ်တော် ကွန်မန်ဒိုစစ်ကြောင်းတို့ နေ့လယ် (၂) နာရီကနေ ည (၉) နာရီ နီးပါးထိအောင် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ဆုတ်ခွာထွက်ပြေးတဲ့ ရန်သူခမရ (၄၁၇) စစ်ကြောင်းကို လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာမှာ MG-42 တလက် အပါအဝင် လက်နက်ငယ် (၁၀) လက်၊ ရန်သူအလောင်း (၁၀) ကျော်၊ ရန်သူ့စစ် အသုံးဆောင်ပစ္စည်း တချို့ကိုလည်း ကျနော်တို့ သိမ်းဆည်းရမိခဲ့တာ ရှိတယ်။ ခမရ (၄၁၇) ဘက်ကတော့ ထိခိုက် ကျဆုံးမှုကတော့ (၄၀) ကျော် ရှိတယ်ဗျ။ ရခိုင့် တပ်မတော်ဘက်ကလည်းပဲ စစ်သည် (၃) ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ နောက် (၄) ဦးလည်း ဒဏ်ရာရခဲ့တာ ရှိတယ်။”

တိုက်ပွဲဖြစ်ပွားမှုအတွင်း တပ်မတော်ဘက်ကနေ မြောက်ဦးဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း AA ဘက်က ပြောပါတယ်။

မနေ့ညနေပိုင်းမှာလည်း စစ်ကူပေးဖို့လာတဲ့ မြန်မာစစ်ယာဉ်တန်းကို မြောက်ဦးမြို့နယ် ရှောက်ပုံကျွန်းနဲ့ ပေါင်းတုတ်ရွာ ကားလမ်းမထက်မှာ AA ဘက်က ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“မြောက်ဦးဘက်ကနေ စစ်ကူလာတဲ့ ကားတန်းကို ရှောက်ပုံကျွန်းနဲ့ ပေါင်းတုတ်ရွာ ကားလမ်းမထက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ စစ်ကားတန်းထဲကနေပြီးတော့ (၂) စီးကို လုံးဝရှေ့ဆက် မသွားနိုင်အောင် နေပြီးတော့ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။”

မနေ့ကနေ ဒီမနက်အထိ ရွှေတမာရွာနဲ့ စပါးထားရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒီတိုက်ပွဲအတွင်း ၂ ဘက် ထိခိုက်မှုတွေ ရှိနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာတော့ မြောက်ဦးတောင်ခြမ်းထဲမှာ ဖြစ်ခဲ့တာရှိတယ်။ ကျနော်တို့ ရွှေတမာရွာနဲ့ စပါးထားရွာရဲ့ကြားထဲမှာ ဖြစ်ခဲ့တာရှိတယ်။ ရွာတွေနဲ့တော့ အလှမ်းဝေးပါတယ်။ အဲဒီမှာတော့ ၂ ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုအရေအတွက်တော့ ကျနော်လည်း မသိရဘူး။ ဒီနေ့အထိတော့ ရွှေတမာနဲ့ စပါးထားကြားထဲမှာတော့ ထိတွေ့မှုတွေ ဆက်ဖြစ်နေတုန်းပဲလို့ သိရတယ်။”

မနေ့ကဖြစ်တဲ့ တိုက်ပွဲအတွင်း လေးမြို့မြစ် တဘက်ကမ်းမှာရှိတဲ့ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာနေ အမျိုးသမီး တဦးဟာလည်း လက်နက်ကြီးထိမှန်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ထားရတယ်လို့ မြောင်းဘွေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက ပြောပါတယ်။

“စစ်တွေကို ယူသွားတယ်။ ဒဏ်ရာအခြေအနေက ကျည်ဆံ ကျောအတွင်း အရိုးကြားမှာ ဝင်သွားတာ ဖြစ်တယ်။ မြောင်းဘွေဆေးရုံမှာလည်း ကျည်ဆံတွေလည်း ကျတယ်။”

မြောက်ဦးဘက်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကျည်တွေဟာ မြောင်းဘွေ ဆေးရုံဝင်းအတွင်းရှိ လူနာဆောင်နဲ့ ဝန်ထမ်း နေအိမ်အဆောင်ဘက်ကိုလည်း ကျရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မနေ့က တိုက်ပွဲစဉ်အတွင်းရွာသား (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် ဆရာဝန်ဒေါက်တာခင်မောင်ရင်က ပြောပါတယ်။

“မနေ့က ဖြစ်တဲ့ဟာတော့ မြောင်းဘွေဆေးရုံကို ရောက်တယ် မြောင်းဘွေတိုက်နယ် ဆေးရုံကို။ အားလုံး (၅) ယောက်ပါ။ တယောက်က ကျနော်တို့ မြောက်ဦးဆေးရုံကို ရောက်တယ်။ မြောက်ဦးဆေးရုံကလည်း ဒီမနက်ကျနော်တို့ စစ်တွေကို ဆက်လွှဲလိုက်တယ်။”

ထိခိုက် ဒဏ်ရာရသူတွေကတော့ မြောင်ဘွေရွာက တဦး။ ရွှေလံကျေးရွာသား တယောက်၊ ရှမ်းတောင်ရွာက မူဆလင် သားအမိ ၂ ဦးတို့ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးက ရွှေတမာရွာသား (၅၀၀) ကျော်ဟာ ရွာဘုန်းကြီး ကျောင်းထဲမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ရွှေတမာရွာသူတဦးက ပြောပါတယ်။

“အိမ်ကတော့ (၁၇၀) နီးနီး။ လူကတော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ပြေးတယ်။ (၅၀၀) ကျော်၊ (၆၀၀) လောက်ရှိမယ်။ စားသောက်မှုကျတော့ မုန့်သည်တွေက ရောင်းတယ်။”

ဒီမနက်မှာလည်း ၂ ဘက်ပစ်ခတ်နေမှုကြောင့် စပါးထားကျေးရွာနဲ့ ဘိတ်တောင်ကျေးရွာက ရွာသား (၂၀၀) ခန့် မြစ်တဘက်ကမ်းရှိ သံရှင်သစ်ကျေးရွာဘက်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း AA လှုပ်ရှားတည်ရှိနေမှုကို လက်မခံသလို AA အနေနဲ့ ရခိုင်ပြည်နယ် အတွင်း အခြေချရေးဟာ ရည်မှန်းချက် တခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလိုညှိနှှိုင်းဖို့ခက်ခဲတဲ့ အခြေအနေတွေကြောင့် ၂ ဘက် တွေ့ဆုံဆွေးနွေးရေးမှာ ကြန့်ကြာနေသလို စစ်ရေးတင်းမာမှု ဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု စစ်ပြေးဒုက္ခသည်အဖြစ် ရပ်ရွာကနေ တိမ်းရှောင်နေရမှုတွေဟာလည်း တနေ့တခြား ပိုမို များပြားနေပါတယ်။

XS
SM
MD
LG