သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ မြန်မာစစ်တပ် ကုလားတန်မြစ်ကမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ


ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA အဖွဲ့အကြား မနေ့ကညပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သလို နှစ်ဘက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော်ရော၊ AA တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း၂ ဘက်တိုက်ပွဲအတွင်း စက်လှေမောင်းရွာသား ၂ ဦးပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်း ပေးပို့ထားပါတယ်။

မေလ ၂၆ ရက် မနက်ပိုင်းက မြန်စာစစ်တပ်ကို တင်ဆောင်လာတဲ့ စက်လှေကို ကုလားတန်မြစ်ကမ်းမှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက် AA ရခိုင်လက်နက်ကိုင်တွေနဲ့ တပ်မ (၁၁) လက်အောက်ခံ ရဲမွန် အခြေစိုက် ခမရ (၂၁၄) တပ်နဲ့ တိုက်ပွဲတနေကုန် ထပ်မံဖြစ်ပွားခဲ့တာပါ။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ AA ရခိုင်တပ်မတော်တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုတော့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“မနက် (၈) နာရီ (၁၅) မိနစ်မှာ ပလက်ဝမြို့နယ် မောင်နှမရွာနဲ့ ငဒက်ရွာအကြားမှာ ဖြစ်တာ။ အဲဒီမှာ တပ်မ (၁၁) ရဲ့ လက်အောက်ခံ ခမရ (၂၁၈) ကနေပြီးတော့ ကျနော်တို့ ရခိုင့်တပ်တော် လှုပ်ရှားစစ်ကြောင်းတို့ ကုလားတန်မြစ်ထဲမှာ တိုက်ပွဲဖြစ်တာ။ စက်လှေ (၄) စင်းထဲကနေပြီးတော့ စက်လှေ (၂) စင်းကို ကျနော်တို့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီမှာ ရန်သူအလောင်းတွေကတော့ ကုလားတန်မြစ်ထဲ မျောပါသွားတာလည်း ရှိတယ်။ မနက် (၈) နာရီ (၁၅) ကနေ ည (၈) နာရီ လောက် တိုက်ပွဲစဉ် တလျှောက်လုံးမှာတော့ ရန်သူ့ဘက်ကနေပြီးတော့ အရာရှိတွေ အပါအဝင်ပေါ့နော်.. စစ်သည်(၄၀) ကျော် ကျဆုံးတာ ရှိတယ်.... သူတို့ဘက်က။ စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတာ ရှိတယ်။ ကျနော်တို့ ရခိုင့်တပ်မတော်ဘက်ကလည်း ရဲဘော် ၁ ဦး အသက်ပေးခဲ့ရတာ ရှိတယ်။ ဒဏ်ရာရတဲ့ သူတချို့လည်း ရှိခဲ့တယ်ဗျ။”

ဒီတိုက်ပွဲဟာ မေလအတွင်း ၂ ဘက် အပြင်းထန်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်သလို တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့တယ်လို့ AA ဘက်က ပြောဆိုခဲ့သလို ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပလက်ဝမြို့နယ် တိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“ပလက်ဝမှာ ကျနော်တို့ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ ရှိတယ်။ ပလက်ဝရဲ့မြောက်ခြမ်းပေါ့။ ထရွမ်းအိုင် နားလေးမှာ ကျနော်တို့ နှုံးဘူးရွာရဲ့အနီးအနားမှာ ဖြစ်တာ။ အဲဒီမှာ ကျနော်တို့ဆီက ထိခိုက်ကျဆုံးမှု အနည်းငယ် ရှိတယ်။ AA ဘက်ကတော့ ကျနော်တို့ မသိဘူးဗျ။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မြန်မာစစ်တပ်ကို စက်လှေမောင်းပေးရတဲ့ စက်လှေသမားရွာသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုတွေ ရှိနေခဲ့တယ်လို့ ဒီအခြေအနေကို သိရှိထားတဲ့ မောင်နှမရွာသားတဦးက အခုလို ပြောပါတယ်။

“သူတို့က စက်လှေကူးတဲ့အခါ သူ့ကို အကူညီတောင်းတာပေါ့။ အဲ့တာ စက်မောင်းပေးတာပေါ့။ သူတို့ကူးတဲ့ အချိန်မှာလေ တိုက်ပွဲဖြစ်ပြီးမှ အဲဒီမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတာပါ။ ဒဏ်ရာက ခြေထောက်မှာပါ။ အဲ့တာ အခုဆေးရုံမှာ ပလက်ဝဆေးရုံမှာ တင်နေပါတယ်။ AA ဘက်က ပစ်တာပေါ့။ မြန်မာစစ်တပ်က ကျတာများတာပေါ့။ (၁၀) ယောက်က ဒဏ်ရာရတယ်။ နောက်ပြီး အခု (၁၀) ယောက်က အလောင်းလည်း မရသေးဘူး။ အလောင်းလည်း မပေါ်လာသေးဘူး။ စက်လှေက မှောက်သွားလို့လေ။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာသားတွေ နေရပ်ကနေ တိမ်းရှောင်နေရမှုတွေလည်း ရှိနေပါတယ်။

လက်ရှိ ပလက်ဝမြို့နယ် မီးဇာ စဉ်ဘောင်းပျဉ် ရှင်မဒိန်ကျေးရွာအုပ်စုတွေမှာ စစ်ရှောင်ဦးရေ (၂၆၀၀) ကျော်ရှိနေတယ်လို့ စစ်ရှောင် အကူညီပေးရေးတာဝန်ခံက ပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှု အဖမ်းဆီးခံရမှုတွေလည်း ရှိနေတာပါ။

ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက ရွာသား (၃) ဦးကို မေလ၂၁ နေ့က မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး မေ ၂၅ ရက်နေ့မှာ ကျောက်တော်မြို့နယ်အခြေစိုက် စကခ(၉)တပ်ရင်းက ကျောက်တော်မြို့မ ရဲစခန်းကို လာရောက် အပ်နှံခဲ့ပါတယ်။

ဒီအထဲက ဦးကျော်လှိုင်ဆိုတဲ့ရွာသား နှိပ်စက်ဒဏ်ရာကြောင့် မနေ့က ကျောက်တော်ဆေးရုံမှာ သေဆုံးသွားသလို ကျန်တဲ့ရွာသား (၂) ဦးဖြစ်တဲ့ ဦးမဲမောင်နှင့် ဦးပြည်သိမ်းမောင်ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ကျောက်တော်ရဲစခန်းမှာ အမှုဖွင့် ချုပ်နှောင်ထားခဲ့ပါတယ်။

ဒီအခြေအနေကို ဦးပြည်သိမ်းမောင်ရဲ့ဆွေမျိုးသားချင်းတဦးက အခုလိုပြောပါတယ်။

“ကျော်လှိုင်ဆုံးသွားတာ မနေ့က ဆုံးသွားတယ်။ မနေ့က မြှုပ်လိုက်တယ်။ အစိုးရစစ်တပ်က သူတို့ကိုနှိပ်စက်လို့ သူတို့ဘာမှ အပြစ်မရှိဘူး။ ကျနော့်အဖေ ပြည်သိမ်းမောင် သူတို့က အနှိပ်စက်ခံတာ။ အခုဆေးခန်းကို ပြနေရတယ် ဒဏ်ရာတွေ။ သူက နားတွေ သိပ်မကြားရတော့ဘူး။ နောက်တော့ မျက်လုံးတလုံး ပျက်နေတယ်။ ဘာမှမြင်ရမလဲလို့ ကျနော်လည်း မသိဘူး။ ကျောက်တော်မှာ အချုပ်မှာရဲစခန်းမှာ ရှိတယ်အခု။"

မင်းသားတောင်ကျေးရွာက ရွာသား (၃) ဦးကို အမှုဖွင့်ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျောက်တော်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သား (၃၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇၀)၊ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀၀၀ ကျော် ရှိနေတယ်လို့ ရခိုင်အရေးကူညီ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG