သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ကျောက်တော်ပစ်ခတ်မှု ၁၀နှစ်အရွယ်ကျောင်းသူတဦး သေဆုံး


ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှ ၃တန်း ကျောင်းသူမလေး မအသိန်းချေ အလောင်း ကျောက်တော် ရင်ခွဲရုံကို ရောက်ရှိ။ (သတင်းဓါတ်ပုံ-ကျော်လှမြင့်(ကျော်တော်))
ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှ ၃တန်း ကျောင်းသူမလေး မအသိန်းချေ အလောင်း ကျောက်တော် ရင်ခွဲရုံကို ရောက်ရှိ။ (သတင်းဓါတ်ပုံ-ကျော်လှမြင့်(ကျော်တော်))

တပ်မတော်နဲ့ ရခိုင် AA တပ်ဖွဲ့တို့ စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ မနေ့က ပစ်ခတ်မှုဖြစ်တာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တဦး သေဆုံးပြီး (၁၀) နှစ်အောက်ကလေးတွေနဲ့ ရွာသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မျောက်တောင်နဲ့ မာလာရွာဘက်မှာ AA အဖွဲ့ကနေ စတင်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွါးတာ ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ဒေသခံတွေနဲ့ AA ဘက်ကတော့ တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ ပစ်ခတ်တာလို့ ပြောဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မနေ့က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အရှေ့ဘက် မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာကြား ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွါးခဲ့လို့ မျောက်တောင်ကျေးရွာက အသက် ၁၀ နှစ်အရွယ် (၃) တန်းကျောင်းသူ မအသိန်းချေ ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

မျောက်တောင်ကျေးရွာ ဘုရားမှာ သီတင်းသုံးနေတဲ့ သံဃာတော်တပါး နေမကောင်းလို့ ဆေးတွေသွားပို့ရင်း အပြန်မှာ မြန်မာစစ်တပ်ကနေ ပစ်ခတ်လို့ ကျည်ဆံထိမှန်သေဆုံးရတယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ သေဆုံးသူ မအသိန်းချေရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

“မနေ့ကဘုရားထဲကို သွားပြီးတော့ မဲတာညီမလေးကိုခေါ်သွားတယ်။ ခေါ်သွားရော အဲဒီမှာပြန်လာတာ။ သူတို့က ရန်သူကွာပုလွေမှုတ်တယ်။ ရန်သူပါရင် သူတို့အရင်ပစ်တာ။ အဲဒီမှာညီမလေးကို ထိသွားရော။ မနက်က (၆) နာရီ လောက်ဆုံးသွားတယ်။ ဗမာကျည်ကျလို့ ဆုံးသွားတာ။ ဗမာစစ်သားတွေက ပစ်လိုက်တာ။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။”

ပစ်ခတ်မှုများ ဖြစ်ပွါးပြီး မျောက်တောင်ကျေးရွာက ကျေးရွာသားတွေဟာ သာစည်ကျေးရွာဘက်ကို အများအပြား တိမ်း ရှောင် ရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မာလာကျေးရွာမှာလဲ ပစ်ခတ်မှု ဖြစ်ပွါးခဲ့လို့ (၁၀) နှစ်အောက် ကလေးငယ်(၃)ဦးနဲ့ လူကြီးတဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်ပွါးရာကို ကိုယ်တိုင်ရောက်ရှိနေတဲ့ ကျောက်တော် လူမှုကူညီပေးရေးအဖွဲ့ဝင် ကိုဇော်ဝင်းက ပြောပါတယ်။

“မာလာရွာမှာ ဒဏ်ရာရတာက (၄) ဦး။ ကျောက်တော်ဆေးရုံမှာ တဦးရယ်။ စစ်တွေဆေးရုံမှာ တဦးရယ်။ နောက် (၂) ဦး ကတော့ ဆေးရုံတက်စရာ မလိုဘူး သိရတယ်။(၄) ဦးမှာ အသက် (၇၅) နှစ်ရှိတဲ့ အဖိုးတဦးရယ်။ ကျန်တဲ့ (၃) ဦးက အသက် (၁၀)နှစ်အောက်။ ဒဏ်ရာအပြင်းဆုံးက အသက် (၃) နှစ်ရှိတဲ့ ကလေးပေါ့။”

တပ်မတော်ဘက်ကတော့ ရခိုင်လက်နက်ကိုင် အဖွဲ့ကနေ မာလာရွာ အနီးတပ်မတော်ကို တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး အရပ်သားထိခိုက်မှု အခြေအနေကို မသိရှိသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့ကဖြစ်တာတော့ မာလာနဲ့ မျောက်တောင်ကြားထဲမှာပဲ ဖြစ်တာ။ ကျနော်တို့ဆီကနေပြီးတော့မှ ယာဉ်တန်း တခုပေါ့။ အောက်ကို ပြန်ဆင်းလာတာ ရှိတယ်။ ပလက်ဝကနေပြီးတော့ ဒီဘက်ကိုပြန်ဆင်းတာပေါ့။ မာလာရွာအဝင်နားမှာ AA သောင်းကျန်းသူတွေက ရွာထဲကနေပြီးတော့မှ ပစ်တယ်။ ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ မနေ့က (၅) နာရီခွဲ ဝန်းကျင်လောက်က ဖြစ်တာဗျ။ ထိခိုက်မှုအခြေအနေကတော့ ကျနော်တို့ ဆီကတော့ ဘာမှမဖြစ်ဘူးဗျ။ ကားမှန်တော့ နည်းနည်းလေးပဲ ပျက်စီးသွားတာတော့ ရှိတယ်။ ရွာအနားမှာ တိုက်ပွဲဖြစ်တာကြောင့်မို့လို့ ထိခိုက်မှုဖြစ်နိုင်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော် မကြားမိဘူး။”

ရခိုင့်တပ်တော် AA ပြန်ကြားရေးအရာရှိ ခိုင်သုခကတော့ မနေ့က ကျောက်တော်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွါးတာမရှိဘူးလို့ ပြောပါတယ်။

“မျောက်တောင်နဲ့ မာလာရွာအကြားမှာ တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘူး။ အဲဒီမှာ မနေ့က တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးဗျ။”

မနေ့ကတော့ ဘူးသီးတောင်ပြင်ချောင်းရွာအနီး ပြင်ချောင်းဘက်မှာ ၂ ဘက် တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်ပွားတာက ကျနော်တို့ ဒီ (၁၉) ရက်နေ့မှာဆိုလို့ရှိရင် ဘူးသီးတောင်မြို့နယ် ပြင်ချောင်းရွာအနီး အဲဒီမှာ တိုက်ပွဲ ဖြစ်ပွါးတာ ရှိတယ်။ ဗမာစစ်တပ်ရဲ့ အင်အား (၁၅၀) လောက်ရှိတဲ့ စစ်ကြောင်းကို ကျနော်တို့ ရခိုင်တပ်တော် ကွန်မန်ဒိုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ရန်သူဘက်က (၅) ဦးကျဆုံးပြီး (၁၀) ဦး ဒဏ်ရာရတာ ရှိတယ်။”

တပ်မတော်ဘက်က မနေ့ကပြင်ချောင်းအနီး တိုက်ပွဲဖြစ်ပွါးမှုကို အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုခဲ့သလို တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုချက် မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း အရပ်သားတွေ ထိခိုက်မှုတွေ များပြားလာနေပါတယ်။

တပ်မတော်နှင့် ရခိုင်တပ်တော် AA တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် အရပ်သား (၃၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၇၀)၊ စစ်ဘေးရှောင်ဒုက္ခသည် ၄၀,၀၀၀ ကျော် ရှိနေတယ်လို့လည်း ရခိုင်အရေး ကူညီဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေကနေ စာရင်းပြုစုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်စဲဖို့ စစ်တွေမြို့အပါဝင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့ မြို့နယ် ၄ ခုမှာ (၄) သံဃာတော်တွေနဲ့ ရခိုင်အမျိုးသားတွေကနေ မနေ့က လူထု ဆန္ဒဖေါ်ထုတ်ပွဲ ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG