သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်နဲ့ မြောက်ဦး တိုက်ပွဲတွေအတွင်း ထိခိုက်မှုတချို့ရှိ


ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇)
ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇)

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သားတဦး အပါအဝင် ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက နေရာတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ထဲက နေရာတချို့မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ အထိအခိုက် အကျအဆုံးတွေလည်း ရှိခဲ့ကြောင်း AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့တော့တိုက်ပွဲကတော့ နေရာတော်တော်များများမှာ ဖြစ်နေတာရှိတယ်။ ဒီနေ့ မနက် (၃) နာရီကစပြီးတော့ ကျောက်တော်မြို့နယ် သာစည်ရွာရဲ့ အရှေ့ဘက် (၄) ကီလိုမီတာအကွာလောက်မှာ ကျောက်တော် ပလက်ဝကားလမ်းမ အထက်မှာပေါ့နော်။ ဒီဗမာစစ်တပ်ရဲ့စစ်ကား အစီး (၃) စီးပါတဲ့ စစ်ယာဉ်တန်းကို ကျနော်တို့ ရခိုင့်တပ်တော်ကွန်မန်ဒိုတွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ သူတို့စစ်ကား (၂) စီးကို အချိန်တိုအတွင်းမှာ ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီမှာ ကျဆုံးဒဏ်ရာရတဲ့ ဥစ္စာကတော့ (၄၀) အထက်ရှိတာပေါ့နော်။ နောက်တပွဲကတော့ မြောက်ဦးမြို့နယ် ပေါက်ကွင်းပြင်နဲ့ အုတ်ဖိုကန်ရွာအကြား ရန်သူစစ်ကြောင်းတခုကို ကျနော်တို့ဘက်ကနေပြီးတော့ ချေမှုန်းတိုက်ခိုက်ခဲ့တာ ရှိတယ်။ ရန်သူဘက်ကတော့ (၁၈) ဦး ကျဆုံးတာပေါ့နော်။ ဂျက်လေယာဉ် (၁) စီးနေပြီးတော့ ၂ကြိမ်တိုင်တိုင် အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ နေရာကို ပျံဝဲခဲ့တာပေါ့။ ဒါပေမဲ့လို့ ဗုံးချခဲ့တာတော့ သူတို့မလုပ်ခဲ့ဘူးဗျ။ အခုလည်းပဲ ကျောက်တော် ပလက်ဝကားလမ်းထက်မှာ တိုက်ပွဲတွေနေရာ (၂)ခု၊ (၃)ခုလောက် ဆက်ဖြစ်နေတယ်ဗျ။”

AA အဖွဲ့က ပြောတဲ့ ထိခိုက်ကျဆုံးမှု သတင်းတွေကိုတော့ သီးခြား အတည်ပြုလို့ မရပါဘူး။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတာ့ ကျောက်တော်မြို့နယ်အတွင်း တပ်မတော် ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုရှိခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

“မနက်ပိုင်းမှာတော့ ကျောက်တော်မြောက်ပိုင်းမှာ ထိတွေ့မှုဖြစ်ပွားတာ ရှိတယ်။ ကျနော်တို့ (၂) နာရီခွဲ(၃) နာရီကျတော့ ထိတွေ့မှု ဖြစ်ပွားတာ ရှိတယ်။ မိုင်းခွဲ တိုက်ခိုက်ခံရတာပေါ့။ တပ်မတော် ယာဉ်တန်းမိုင်းခွဲ တိုက်ခိုက်ခံရတာ ရှိပါတယ်။ ယာဉ်တော့အနည်းငယ် ပျက်စီးသွားတယ်။ စစ်သည်တယောက် ဒဏ်ရာရပါတယ်။”

မနေ့ည (၈) နာရီ မြောက်ဦးမြို့နယ် တောင်ဦးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်ဦးရွာသားတထောင်နီးပါးဟာ ရွာနဲ့ တမိုင်လောက်ဝေးတဲ့ ကျောက်တော်မြို့နယ် ကျားနင်းကန်ရွာဘက်ကို စစ်ဘေးတိမ်းရှောင်လာရတယ်လို့ တောင်ဦး ရွာသား ဦးစံအေးကပြောပါတယ်။

“တိုက်ပွဲကတော့ ညနေ (၈) နာရီနီးနီးမှ စဖြစ်တာပါ။ ရခိုင်တပ်မတော်နဲ့မြန်မာ့တပ်မတော်နဲ့ဖြစ်တာလို့တော့ ပါတ်ဝန်းကျင် ကပြောသံတော့ကြားပါတယ်။ ရွာနဲ့ဆိုရင် အခုဖြစ်တာနဲ့ (၄)ဖါလုံလောက် ဝန်းကျင်မှာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာက တောင်ဦးရွာရဲ့အရှေ့ဘက် စန္နာမဏိဘုရားအရှေ့။ (၁၀) နာရီပါတ်ဝန်းကျင် အချိန်မှာတော့ ပစ်သံတွေတော့ မကြားပြီ။ မကြားပြီ ဆို ရင်တော့ကျနော်တို့က ဒီဘက်ရွာက မနက်ဖြန် ဘာဖြစ်လာမလဲမသိဆိုပြီးတော့ ချောင်းကိုကူးပြီးတော့ ကျားနင်းကန်ရွာကို ထွက်ပြေးကြတယ်။ ဦးရေဆိုရင်ကျနော်တို့ ခန့်မှန်းသလောက်ဆိုရင်တော့ လူ (၁၀၀၀) ကျော်လောက်တော့ ထင်ပါတယ်။”

ညကတောင် ဦးရွာအနားက တိုက်ပွဲဖြစ်စဉ်အတွင်း ကျားနင်းကန်ရွာဘက် လက်နက်ကျည်တွေ ကျရောက်ခဲ့သလို ဒေါ်ကြာရွှေယဉ်ဆိုတဲ့ ကျားနင်းကန် အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိလို့ ဒီမနက်မှာ စစ်တွေဆေးရုံကိုပို့ ဆောင်ခဲ့ ရတယ်လို့ ကျားနင်းကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ယဉ်က ပြောပါတယ်။

“ကျနော်တို့ ရွာမှကျတာက အများကြီးကျတယ်... လက်နက်ငယ်တွေ။ ထိတာကတယောက်ပဲ ထိတယ်။ ဒဏ်ရာ အခြေအနေကတော့ လက်နက်ငယ် တချက် ထိတယ်တဲ့။ ဘယ်ဘက်ပေါင်ထဲမှာလေ။ မနက်က ကျောက်တော်ကို သွားပို့တော့ ကျောက်တော်က ဆရာသမားတွေ ကျည်ဆံက အထဲကို ရောက်သွားလို့ ဓါတ်မှန်ရိုက်လို့ သိရတယ်လို့ ပြောတယ်။ ကျနော် ဒီ(၉) နာရီလောက်ကလေ စစ်တွေပို့ဖို့ ယူသွားတယ်။”

ကျည်ဆံထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးကို ညမထွက်ရ အမိန့်ကြောင့် ဒီမနက်မှ ဆေးရုံပို့ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

မနေ့ညက မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဟာ AA အဖွဲ့နဲ့ သာမန်ထိတွေ့မှု တိုက်ပွဲလို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့ညကတော့ အဲ့တာတွေက မြောက်ဦးဟိုဘက် တောင်ဦး။ လင်းမြွေတောင်နားမှာ ဖြစ်တာ။ အဲ့တာကတော့ သာမန်ပါပဲဗျ။ ည (၈) နာရီဝန်းကျင်လောက် ဖြစ်တာ။”

မြန်မာ့တပ်မတော်နဲ့ ရခိုင့်လက်နက်ကိုင် AA တို့အကြား ဒီမေလပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု ပိုမို ကျယ်ပြန့်လာနေတာပါ။

တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ စစ်ဘေးရှောင်အရေအတွက်ဟာလည်း တိုးပွားလာနေပါတယ်။ ရခိုင်ပြည်နယ် (၆) မြို့နယ်မှာ စစ်ရှောင်ဦးရေ (၃၈၀၀၀) ကျော် တိုးပွားနေသလို စားသောက်နေထိုင်ရေးမှာလည်း အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မကြာမီ မိုးရာသီရောက်တော့မယ့် အခြေအနေကြောင့် ယာယီစခန်းမှာနေထိုင်ဖို့ အခက်ခဲရှိနေသလို အစိုးရကယ်ဆယ်ရေး လုပ်ငန်းစဉ်အပိုင်းကလည်း မတွေ့မြင်ရသေးတာကြောင့် နေထိုင်ရေး အခက်ခဲတွေနဲ့ တွေ့နိုင်တယ်ဆိုပြီး စစ်ရှောင်အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG