သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ကျောက်တော်နယ်စပ် တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော်
ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပလက်ဝနဲ့ ကျောက်တော်မြို့နယ်အစပ်မှာ ဒီကနေ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။ မနေ့ကလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အတွင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တချို့ပျက်စီးခဲ့တယ်လို့ တပ်မတော်ရော AA ဘက်ကပါ ပြောပါတယ်။

ဒီလိုဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအကြား ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောက်တန်းကျေးရွာသား (၂၂) ဦးကိုတော့ ဒီကနေ့မှာပဲ တပ်မတော်က ပြန်လည်လွှတ်ပေးခဲ့ပြီး (၈) ဦးကိုတော့ AA နဲ့ပက်သက် နေတယ်ဆိုပြီး စစ်တွေမှာ ဆက်လက် ထိန်းသိမ်းထားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ နိုင်ကွန်းအိန် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အစပ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA အဖွဲ့တို့ ဒီမနက်မှာ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ဒီနေ့တော့ ထိတွေ့မှုရှိတာပေါ့။ ပလက်ဝတောင်ခြမ်းပေါ့။ ကျနော်တို့နယ် မြေလုံခြုံရေး ယူထားတဲ့တပ်နဲ့ ထိတွေ့မှုဖြစ်တာပေါ့။ ပလက်ဝတောင်အခြမ်းမှာ တင်းမ ဆိုတဲ့ရွာ အဲဒီတင်းမရဲ့တောင်အနားလေးပေါ့ ခင်ဗျ။ ထိခိုက်မှုကတော့ တိတိကျကျ မသိသေးဘူး ခင်ဗျ။”

ပလက်ဝနဲ့ ကျောက်တော်မြို့နယ်အကြားမှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း AA ပြန်ကြားရေးအရာရှိ ခိုင်သုခကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ဒီနေ့ (၁၃) ရက်နေ့ မနက်ကစပြီးတော့ ကျောက်တော်နဲ့ ပလက်ဝကားလမ်းမထက်မှာ တင်းမရွာနဲ့ ပြိုင်းတိုင်းရွာအကြားပေါ့။ အဲဒီမှာတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဗျ။ အခုထက်ထိ ဆက်ဖြစ်တုန်းပဲ တိုက်ပွဲက။ ပစ်လိုက်နားလိုက်ပေါ့ အဲဒီလို အနေအထားရှိတယ်။”

ဒီကနေ့ မွန်းလွှဲ ၁ နာရီအထိ ဆက်သွယ်ချက်အရ တိုက်ပွဲဖြစ်နေပြီး ဒီတိုက်ပွဲအတွင်း ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့တိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် တင်းမရွာသားတွေ စိုးရိမ်နေရတယ်လို့ ဒေသခံရွာသား တဦးက ဆိုပါတယ်။

“တင်းမရယ်၊ သာစည်ရယ် မြောက်တောင်မှာလား အဲဒီကားလမ်းမှာ ကျတယ်။ ရွာတွေကို လက်နက်ကြီးတွေနဲ့ ကျော်ပြီးတော့ ပစ်နေတော့ အဲဒီရွာသားတွေက တအားစိုးရိမ်နေရတယ်။ လက်နက်ကြီး (၂၃) လုံးပစ်ခဲ့ပြီးတဲ့ အဲဒီလို။

မနေ့ကလည်း ရခိုင်ပြည်နယ် တောင်ပိုင်းအမ်းမြို့နယ်ထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက ပြောပါတယ်။

“မေလ(၁၂)ရက် မနက်(၈) နာရီ (၄၀) လောက်မှာ အင်အားဖြည့်တင်းဖို့အတွက် စစ်ဆင်ရေး ထွက်လာတဲ့ ဗမာစစ်တပ်ရဲ့ စစ်ယာဉ်တန်းကို အမ်းမြို့နယ် ညောင်းချောင်းရွာနဲ့ ဓါတ်တော်ရွာအကြားမှာ ရခိုင့်တပ်တော် စစ်သည်တော်တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဗမာစစ်တပ်ရဲ့ စစ်ကား၃ စီးပျက်စီးသွားပြီးတော့ ဒဏ်ရာရတဲ့သူရော ကျဆုံးတာရော အဲဒီမှာတော်တော်များများ ရှိတယ်ဗျ။”

တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA အဖွဲ့ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တပ်မတော်ယာဉ် တချို့ပျက်စီးခဲ့တဲ့အကြောင်း ပြောပါတယ်။

“အမ်းဘက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာ သတင်းဖြစ်ခဲ့တာ ရှိတယ်ဗျ။ ညောင်ချောင်းဘက်မှာ ကျနော်တို့စည်းရုံးရေး ဆောင်ရွက်ဖို့ သွားနေတဲ့ ယာဉ်တန်းအစီး အဲ့တာကိုတော့ မိုင်းခွဲတိုက်ခံရတာ ရှိတယ်။ အဲဒီမှာတော့ ယာဉ်တော့ နည်းနည်း ပျက်စီးသွားတယ်။ ကျန်တဲ့ဟာတော့ မရှိဘူးဗျ။”

အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာမြို့ဖြစ်သလို အခုတိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၄)ရက်နေ့တုန်းကလည်း အမ်းနဲ့ ကျောက်တော်ကားလမ်းပေါ် လမ်းလုံခြုံ ရေးတပ်မတော်အဖွဲ့နဲ့ ရခိုင် လက်နက်ကိုင် AA အဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပါတယ်။

မနေ့က တရက်ထဲမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် "လောင်းဘုတ်ရွာ" အရှေ့တောင်ဘက် တောင်တန်းပေါ်မှာ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက ပြောပါတယ်။ ဒီလို ၂ ဘက်တပ်ဖွဲ့တွေ ပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ သံသယနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရမှုတွေလည်း အများအပြား ရှိနေတာပါ။

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့က AA အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာသား (၂၇၅) ဦးကို စစ်တပ်က ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အသုတ်လိုက် ပြန်လွှတ်ပေးနေတာမှာ ဒီကနေ့ ကျန်ရှိသူ (၂၂) ဦးကို ပြန်လွှတ်ပေးပြီး AA အဖွဲ့လို့ သံသယရှိသူ (၈) ဦးကို စစ်တွေမြို့မှာ ထိန်းသိမ်းထားတယ်လို့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“(၂) နာရီခွဲက ကျနော်တို့ ပြန်လွှတ်လိုက်တယ်။ (၂၂) ယောက်ပေါ့။ ပထမဆုံး ကျနော်တို့ သတင်းထုတ်ပြန်ထားတာ ရှိတယ်။ (၆) ယောက်ဆိုတာ AA လို့ ကိုယ်တိုင်ဝန်ခံထားတဲ့သူ (၄) ယောက်။ သံသယရှိသူ (၂) ယောက် အဲ့တာ စစ်တွေမှာ ရှိတယ်။ AA ကိုယ်တိုင်ဝန်ခံတဲ့ (၄) ယောက်ကိုလည်း စစ်တွေမြို့မ ရဲစခန်းကို အပ်ပြီးသွားပြီး။ အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိတယ်။ နောက်ပြီး ဟိုတနေ့က သတင်းထုတ်ပြန်တဲအထဲမှာ (၂) ယောက် ရှိတယ်။ အဲဒီ (၂) ယောက်ကလည်း AA လို့သူတို့ ဝန်ခံထားတဲ့အတွက်ကြောင့်မို့လို့ စစ်တွေမြို့မ ရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ လွှဲပြောင်းပေးလိုက်တယ်။ စစ်တွေမှာက (၈) ယောက်ရှိသွားပြီ အဲဒီမှာ။ ကျောက်တန်းမှာ တယောက်မှ မရှိတော့ဘူး။”

အထိန်းသိမ်းခံရတဲ့သူတွေ စစ်ဆေးမေးမြန်းခံရစဉ်အတွင်း ညှင်းပမ်း နှိပ်စက်မှုတချို့ရှိခဲ့ကြောင်း အထိန်းသိမ်းခံ မိသားစုဝင် တဦးက ပြောပါတယ်။

“အဲဒီမှာ ထွန်းမင်းနိုင်ဆိုတဲ့ ကလေးကိုတော့ တော်တော်နှိပ်စက်တယ်လို့ ပြောပါတယ်။ တော်တော်နှိပ်စက်ခံရလို့ အော်သံငိုသံတွေ ကြားတယ်။ မနေ့ညက စစ်တွေ ယူသွားတယ်သူတို့ကို။ လွတ်လာတဲ့ လူတွေကျတော့ အဲဒီမှာ မစားမသောက် ရေမချိုးရ အဲတာလည်းနှိပ်စက်တာ တမျိုးပဲလေ။”

ကျောက်တန်း ကျေးရွာသား (၁၅၀၀) လောက်ဟာလည်း ရသေ့တောင်မြို့ဘက်ကို တိမ်းရှောင်သွားတဲ့အတွက် ရွာထဲမှာ လူတဝက်တောင် မကျန်တော့ဘူးလို့ အဆိုပါရွာသားက ပြောပါတယ်။

ဒီမေလတောအတွင်းမှာပဲ မြန်မာ့တပ်မတော်နဲ့ AA တို့ အကြားတိုက်ပွဲဖြစ်ပွါးမှု (၃၃) ကြိမ် ရှိခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဌာနေတပ်အပြင် တပ်မ (၂၂)၊ တပ်မ (၅၅)၊ တပ်မ (၁၁)၊ တပ်မ (၄၄) တို့နဲ့အခြား ထုတ်နှုတ်တပ်တွေနဲ့ စစ်အင်အား ဖြည့်တင်းလာတာကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာမဲ့ အခြေအနေရှိတယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG