သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အရပ်သားတွေ သေဆုံးမှု စုံစမ်းဖော်ထုတ်ဖို့ ရခိုင်အမတ်တွေတိုက်တွန်း


မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)
မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဆက်လက် ဖမ်းဆီးခံ ထားရသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ရခိုင်နိုင်ငံရေး အသိုင်းအဝန်းက တိုက်တွန်းလိုက်ကြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တပ်မတော်ကပါ စုံစမ်းဖော်ထုတ်ဖို့ စီစဉ်နေချိန်မှာပဲ အခုလို တိုက်တွန်းလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ အရပ်သားတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသခံ နိုင်ငံရေး အသိုင်းအဝန်းကပါ စိုးရိမ်နေကြတာပါ။ ထိန်းသိမ်းထားစဉ် ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာလည်း အဖြစ်မှန်ကို ဖော်ထုတ်ဖို့ တိုက်တွန်းနေကြပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စုံစမ်းရေး အဖွဲ့အနေနဲ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း လည်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"ဒီဧပြီလ ၂၉၊ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်လျဉ်းပြီးတော့ ကွင်းဆင်းလေ့လာစုံစမ်းဖို့အတွက် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး အဖွဲ့ကိုတော့ မေလ ၈ ရက်နေ့က ဖွဲ့စည်းထားတာတွေ့ပါတယ်။ အဲ့ဒီမှာ ခေါင်းဆောင်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဇော်ဇော်မြင့်ကို ခေါင်းဆောင်တင်ထားပါတယ်။ အဲ့ဒီမှာပါတဲ့ ကိုယ်စားလှယ်တွေကတော့ ANP ပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ နောက်တခါ NLD ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရယ်၊ နောက်တခါ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ အဲ့အတွက်ကြောင့် ဒီလိုပေါ့နော်... ပေါင်းစုံ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုလို စုံစမ်းစစ်ဆေးရေးသွားတာဟာ အဖြစ်မှန် တခုကို ဖော်ထုတ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။"

ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအရေးနဲ့ပတ်သက်ပြီးအရေးကြီးအဆိုတင်သွင်းခဲ့သူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဥပဒေရဲ့ အကာအကွယ်ရဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

"ကျနော်တို့ နိုင်ငံသားလူ့အခွင့်အရေးနဲ့ အတူ ကျနော်တို့ ရသင့်ရထိုက်တဲ့ အကျဉ်းသားဆိုရင်လည်း အကျဉ်းသား၊ အချုပ်သားဆိုရင်လည်း အချုပ်သားပေါ့။ အဲ့ဒီအချုပ်သားတွေရဲ့ အခွင့်အရေးပေါ်မှာပဲ စစ်ဆေးသင့်တာပေါ့နော်။ နောက်တချက်က မသင်္ကာတဲ့သူကို စစ်ဆေးတဲ့အခါကတော့ အဲ့ဒီလူက အပစ်သားလည်းပဲ မဟုတ်သေးဘူးပေါ့နော်။ မသင်္ကာဖွယ်ရှိတဲ့ လူတယောက်ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီလူတွေအပေါ်မှာ ရာဇဝတ်သားတဦးလို မဆက်ဆံဘဲနဲ့ပေါ့ မျှမျှတတ စစ်ဆေးသင့်တာပေါ့။ အခုလည်း သူတို့ကတော့ ရိုက်တာပုတ်တာတော့ မရှိပါဘူး။ ကျနော်တို့တော့ မေးမြန်ကြည့်တာပေါ့နော်။"

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်နဲ့ စစ်ဖြစ်နေချိန် ဒေသခံရခိုင်ပြည်သူတွေကို ရခိုင်တပ်နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးနေမှုဟာ ဒေသခံတွေ အထူးသဖြင့် လူငယ်တွေကြား မလိုလားအပ်တဲ့ နာကျည်းမှုတွေ ပိုဖြစ်လာနိုင်တဲ့အတွက် သက်ဆိုင်တဲ့ အာဏာပိုင်တွေဘက်က ဆင်ခြင်ကြဖို့ကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက သတိပေးပါတယ်။

"အားလုံးသော ရခိုင်တိုင်းရင်းသားလူငယ်တွေဟာ AA လို့လည်း သတ်မှတ်လို့မရဘူး။ အဲ့တွက်ကြောင့် ဒီလူငယ်လူရွယ်တွေအတွက် စိုးရိမ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်စဉ်မှာပေါ့နော် သေသွားတဲ့ ဖြစ်စဉ်ခင်းမှာလည်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ၃၀ ပတ်ဝန်းကျင်လေးတွေက ၆ ယောက်စလုံးက ၃၀ ပတ်ဝန်းကျင်တွေ ဖြစ်ပါတယ်။ နောက်တခါ ဟိုနေ့ကလည်း ၄ ယောက်ကို ဖမ်းပြီးတော့ AA နဲ့ ပတ်သက်တယ်ဆိုပြီးတော့ စစ်တွေရဲစခန်းကို ပို့တာတွေလည်း လူငယ်တွေပဲ ဖြစ်ပါတယ်။ အဲ့တော့ ရခိုင်ပြည်က လူငယ်လေးတွေက မျိုးချစ်စိတ်တွေက ပိုပြီးတော့ ပြင်းထန်ပြီးတော့ ဒီလိုလုပ်လာလေလေ မျိုးချစ်စိတ်တွေပြင်းထန်ပြီးတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေပိုပြီးတော့ များလာကြတယ်။ အဲ့တွက်ကြောင့် ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက ဒါကို ကျမတို့က လူမျိုးအချင်းချင်းကိုလည်း အမုန်းပွားစေတယ်။ နောက်တခါ တပ်မတော် ပိုပြီးပိုပြီးတော့ သူတို့ အထင်လွဲ အမုန်းပွားမှုတွေ ဖြစ်တာကတော့ မကောင်းဘူး။ အဲ့တွက်ကြောင့် ဒီလူငယ်လေးတွေကိုတော့ပေါ့နော် ဘာပဲဖြစ်ဖြစ် တကယ့်တကယ် ဒီပစ်မှုတွေနဲ့ မသက်ဆိုင်ဘူးဆိုရင် သူတို့ကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။"

အခုချိန်ထိ ကျောက်တန်းမြို့ ပစ်ခတ်မှုတွေအတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ စာရင်းတွေအရ အဖမ်းခံထားရသူ ၂၇၅ ယောက်ရှိပြီး ၁၂၆ ဦးပါတဲ့ ပထမအသုတ်ကို လွှတ်ပေးခဲ့ပြီး ၄၈ ဦးပါတဲ့ ဒုတိယ အသုတ်ကို မေလ (၆) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့သလိုပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၃၅ ယောက်ထပ်မံ လွှတ်ပေးခဲ့တဲ့အတွက်၊ စုစုပေါင်း ၂၀၉ ယောက် လွှတ်ပေးခဲ့ပြီးဖြစ်ပြီး ကျန်တဲ့ ရွာသားတွေကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။ ဒီလို အရပ်သားတွေကို စစ်ဆေးတဲ့အချိန်၊ မေလ ၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။ စစ်ဆေးနေတဲ့အချိန် လူအင်အားနဲ့လက်နက်လုတာမျိုးတွေ ဖြစ်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တာလို့ တပ်မတော်ဘက်က ပြောပေမဲ့ ဒေသခံရွာသားတချို့ကတော့ ဒီပြောဆိုချက်တွေဟာ မမှန်ဘူးလို့လည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG