သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းကျေးရွာက ဖမ်းဆီးခံ အရပ်သားတွေအရေး ကုလစိုးရိမ်


လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville
လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်းထားစဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုက်က ဆက်လက် တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဒေသခံတွေဘက်က AA အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိတယ်လို့ သံသယရှိခံရသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားတာပါ။ အစိုးရတပ်ဖွဲ့တွေက ထိန်းသိမ်းထားစဉ် အပြစ်မဲ့ ဒေသခံ အရပ်သားတွေ ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ Rupert Colville က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ထည့်သွင်း ပြောကြားသွားခဲ့တာပါ။

“အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဒေသခံ ကျေးရွာသား အများအပြားကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ အပြင်လူတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ ဖမ်းဆီးထားတာ၊ မတရား ပြုကျင့်တာ၊ စာသင်ကျောင်းတွေကို စစ်တပ်အတွက် ကာလရှည်ကြာ အသုံးပြုနေတာ စတဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့ အထူး စိုးရိမ် ပူပန်မိပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို တပ်မတော်က စုံစမ်း စစ်ဆေးမယ်လို့ ကြေညာလိုက်တဲ့အပေါ်မှာလည်း ကျနော်တို့ အင်မတန် စိုးရိမ်မိပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အရင် အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တပ်မတော်က စုံစမ်း စစ်ဆေးပြီး ပြစ်မှု ကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေး အရေးယူခဲ့ခြင်း မရှိတဲ့အတွက် အခုတကြိမ် တပ်မတော်က သူ့နည်းသူ့ဟန်နဲ့သူ စုံစမ်း စစ်ဆေးမယ်ဆိုတဲ့ကြေညာချက်ကို ကုလသမဂ္ဂဘက်က စိုးရိမ်ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက လေ့လာ တွေ့ရှိချက်တွေအရ - အရင် ဖြစ်စဉ်တွေအတွက် တပ်မတော်ဘက်က ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ ဖြစ်စဉ်ကို ဖုံးဖိဖို့ သက်သက်လုပ်ဆောင်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ကျောက်တန်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဘက်လိုက်မှုမရှိတဲ့၊ လွတ်လပ်ပြီး ယုံကြည် စိတ်ချရတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုနေကြနည်းတူ ကျနော်တို့လည်း တောင်းဆိုပါတယ်။ အလားတူဘဲ မြောက်ဦးဖြစ်စဉ်ကိုလည်း ဒီအတိုင်း စုံစမ်း စစ်ဆေးသင့်ပါတယ်။”

အစိုးရဘက်က နိုင်ငံတကာလူ့အခွင့်အရေးတွေကို လေးစားဖို့နဲ့ ပဋိပက္ခမှာပါတ်သက်နေသူတွေအားလုံး နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာကြဖို့လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ Colville က ဒီကနေ့ တိုက်တွန်းသွားပါတယ်။

လက်ရှိ ကျောက်တန်းမြို့နယ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ဒေသခံ ကျေးရွာသား ၄၀ ကနေ ၅၀ လောက်အထိ ထိန်းသိမ်းထားတယ်လို့လည်း ကုလသမဂ္ဂက ဒီကနေ့ ပြောပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ စာရင်းတွေအရ ရွာသားစုစုပေါင်း ၂၇၅ ယောက်ဖမ်းဆီးခဲ့တာမှာ ဗုဒ္ဓဟူးနေ့က ၃၅ ယောက်ကို လွှတ်ပေးခဲ့တဲ့အတွက်၊ ပြန်လွှတ်ပေးသူ စုစုပေါင်း ၂၀၉ ယောက်ရှိပြီလို့ ဆိုပါတယ်။ ကျန်ရွာသားတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

မေလ ၂ ရက်နေ့ကတော့ ဖမ်းဆီးထားချိန် ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။ စစ်ဆေးနေတဲ့အချိန် လူအင်အားနဲ့ လက်နက်လုတာမျိုးတွေ ဖြစ်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တာလို့ တပ်မတော်ဘက်ကပြောပေမဲ့ ဒေသခံရွာသားတချို့ကတော့ တပ်မတော်ကနေ တမင်ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

AA လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး စစ်ရေးတင်းမာမှုတွေ တိုးလာချိန်၊ AA အဖွဲ့ကို ထောက်ခံတယ်လို့ သံသယရှိတဲ့ ရာနဲ့ချျီတဲ့ ဒေသခံတွေကို စစ်တပ်က ဖမ်းဆီး စစ်ဆေးနေသလို ရွာသားတချို့ကို AA တပ်ဖွဲ့ဝင်အဖြစ် ဖေါ်ထုတ်ဖမ်းဆီး အရေးယူထားတဲ့အကြောင်း တပ်မတော်ဘက်က ပြောပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG