သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းရွာသား ၆ ဦးကို AA တပ်ဖွဲ့ဝင်အဖြစ် စွဲွချက်တင်


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော် စစ်ယာဉ်တန်းတွေကို ရခိုင့်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်ပိုင်းမှာ ထပ်မံ ဗုံးခွဲ တိုက်ခိုက် ခဲ့တယ်လို့AA ဘက်ကပြောပါတယ်။ ဒါ့အပြင် AAအဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုတဲ့ သံသယ နဲ့ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာသား (၈၀)နီးပါးထဲက (၆)ဦးကို AAတပ်ဖွဲ့ဝင်အဖြစ် ဖေါ်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ အရေးယူထားသလို AAနဲ့ပက်သက်မှုမရှိတဲ့ရွာသား(၃၅)ဦးကို ဒီက နေ့ မှာထပ်မံလွှတ်ပေးခဲ့တယ်လို့တပ်မတော်ဖက်ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့အကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာ နေ ဆဲဖြစ်သလို ဒီနေ့မနက်မှတော့ ပုဏ္ဏားကျွန်းမြို့နယ် ၊ သရက်ချိုကျေးရွာအနီးမှာ မြန်မာ့တပ်မတော် စစ်ယာဉ်တန်းတွေကို AAအဖွဲ့ကနေ ဗုံးခွဲတိုက် ခိုက်ခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံခိုင်သုခ ကပြောပါတယ်။

“ဒီနေ့မနက် (၆)နာရီ(၂၀)လောက်မှာ ရိုးငူနဲ့ သရက်ချိုရွာအကြားပေါ့နော်။ အဲဒီ ရန်ကုန်-စစ်တွေ ကားလမ်းမထဲမှာ နောက် ထပ်အင်အား ဖြည့်တင်းဖို့ရောက်လာတဲ့ ဗမာစစ်တပ် ရဲ့ စစ်ယာဉ်တန်းကို ကျွန်တော်တို့ရခိုင့်တပ်တော်ဘက် ကနေ ကြား ဖြတ်တိုက်ခိုက် ခဲ့တာရှိတယ်။ မိုင်းခွဲတိုက်ခိုက်တာပေါ့နော် အဲဒီမှာ။ တိုက်ခိုက်မှုအတွင်းမှာတော့ ရန်သူ့ဘက်ကနေ (၁၀)ဦး လောက်ထိ ကျဆုံးတာရှိနိုင်တယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဒီကနေ့ပုဏ္ဏား ကျွန်းမြို့နယ် တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ မနေ့ကကျောက်တော်ဘက်မှာ AAဘက်က ဗုံးခွဲတိုက်ခိုက်ခဲ့ ကြောင်းအတည်ပြုခဲ့ပါတယ်။

“ရန်ကုန်- စစ်တွေ ကားလမ်းပေါ်မှာဘဲ ကျွန်တော်တို့ မိုင်းခွဲတိုက်ခိုက်ခံရတာလေး ရှိတယ်။ ကျောက်တော်ဘက်မှာဖြစ်တဲ့ ဟာပေါ့။ မြောက်ဦးဘက်မှာဖြစ်တဲ့ဟာတော့ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိတယ်။"

ဒီမနက် ပုဏ္ဏားကျွန်းမြို့နယ် အတွင်း တပ်မတော် စစ်ယာဉ်တန်းဗုံးခွဲ တိုက်ခိုက်ခံရမှုမှာ တပ်မတော်ဘက်က ကျဆုံးမှုတွေ ရှိနေတယ်လို့ AAဘက်က ပြောဆိုနေသလို သီးခြား အတည်မပြုနိုင်သေး ပါဘူး။

မြို့နဲ့ရွာ အနီးတဝိုက်တိုက်ခိုက်မှုတွေမှာ AA အဖွဲ့ကနေ အရပ်ဝတ် နဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လဲ တပ်မတော်ဖက် က စွပ်စွဲပြောဆိုတာရှိသလို၊ AAအဖွဲ့နဲ့ ဆက်နွယ် ပက်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ရွာသားတချို့ကိုလည်း တပ်မတော်က ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ဒီလိုသံသယနဲ့ တပ်အတော်ကနေ ထိန်းသိမ်း ထားတဲ့သူ ၈၀ ကျော်ရှိပြီး ဒီ အထဲက(၆)ဦးကို မေလ(၅)ရက်နေ့ ညပိုင်းမှာ တပ်မတော်ကနေ နေရာပြောင်း ရွှေ့လိုက်တယ်လို့ ကျောက်တန်းကျေးရွာသားတဦးက ပြောပါတယ်။

“သူ့ဆွေမျိုးတွေ ထမင်းသွားပို့တယ်အခု။ သူတို့(၆)ယောက်ကို မတွေ့ဖြစ်ရဘူး လို့ ပြောတယ်။ ကျွန်တော် သိတာကတော့ တယောက် နာမည်ကတော့ မောင်မောင်လှိုင် ဆိုတာတယောက်။ နောက်တယောက်က မင်းမင်းချေ။ အဲ နာမည်အရင်း ရှိ သေးတယ်။ နောက်တယောက်က သိန်းအေးမောင်။ အဲတာတော့ ဘယ်ကိုခေါ်သွားလဲမသိဘူး။ မနေ့ညက (၉)နာရီခွဲ လောက်မှာထင်တယ်။ အဲဒီမှာရေယာဉ် တစီးနဲ့လာတယ်။ အဲဒီရေယာဉ်မှာ နယ်ခြားစောင့် ရဲတွေပါတယ် လို့ပြောပါတယ်။ ပြန်သွားတဲ့အချိန်မှာ ခေါ်သွားတယ်လို့ ပြောကြ တယ်။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ တပ်မတော်ရဲ့ စစ် ဆေးချက်အရ ဖမ်းဆီးခေါ်ဆောင် သွားတဲ့(၆)ဦးဟာ AA တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေတဲ့လူတွေဖြစ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဗွီအိုအေ ကိုပြောပါတယ်။

“ကျောက်တန်းက ကျွန်တော်တို့ကျန်တဲ့သူတွေထဲက AAလို့ဝန်ခံတဲ့လူ (၄)ယောက် ရှိတယ်။ သံသယရှိသူလို့ဖေါ်ထုတ် နိုင်တာ(၂) ယောက် ရှိတယ်။ အဲဒီ(၆)ယောက် ကိုတော့ မနေ့ကညက စစ်တွေကိုပို့လိုက်ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက် လျှက်ရှိတယ်။

တပ်မတော်ကနေထပ်မံ ဖမ်းဆီးသွားတဲ့ လူ(၆)ဦးဟာ AAအဖွဲ့ဝင်မဟုတ်ဘဲ ရွာသားတွေ ဖြစ်တယ်လို့ ကျောက်တန်းရွာခံ တဦးကပြောပါတယ်။

“ အဲဒီမှာAAအဖွဲ့တယောက်မှ မပါဘူး။ အကုန်လုံးရွာသားတွေပါဘဲ။ သူတို့မှာ အိမ်ထောင်စု စာရင်းမရှိလို့ အဲဒီလိုပါသွား တာပါ။ အိမ်ထောင်စုစာရင်းထဲမှာ သူတို့က မလုပ်ထားရဘူးလေ။ မလုပ်တဲ့သူကများပါတယ်။”

ဒီအတောအတွင်း ကျောက်တန်းကျေးရွာ စာသင်ကျောင်းအတွင်း ထိန်းသိမ်းထားတဲ့ ရွာသား(၃၅)ဦး ကို ဒီကနေ့ညနေပိုင်းမှာပဲ ထပ်မံ လွှတ်ပေးခဲ့ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ ပြန်လွှတ်တဲ့သူတွေထဲကမှ (၃၅)ယောက်လောက် ဒီကနေ့(၃)နာရီ(၂၀)မှာ ကျွန်တော် တို့ ထပ်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့လူတွေ ကတော့(၄၀)ကျော်ကျော်လေး ပဲ ကျန်တယ်။ အဲဒီ(၄၀)ကျော်ကျော်ကို ထပ်မံ စစ်ဆေးလျှက်ရှိတယ်။ မပက်သက်တဲ့သူတွေ အမြန်ဆုံး လွတ်နိုင်ဖို့ဆက်လက်ဆောင်ရွက် လျှက်ရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ AAနဲ့ပက်သက်နေတယ် ဆိုပြီး မြန်မာစစ်တပ်က ဖမ်းဆီး ခဲ့တဲ့ ရွာသား သုံးရာနီးပါး ထဲက ၄၈ ဦးပါတဲ့ ဒုတိယ အသုတ်ကို မေလ(၆)ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ၁၂၆ ဦးပါတဲ့ ပထမအသုတ်ကို လွှတ်ပေးခဲ့တာပါ။

လက်ရှိ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဖက် သွာလာရေးပိတ်ပင်ထားတဲ့ အခြေအနေကြောင့် ကျေးရွာသား တွေ စားဝတ်နေရေး အခက်ခဲဖြစ်နေကြပြီးလို့ ဒေသခံ ရွာသားတွေကပြောပါတယ်။

မနေ့ကတော့ ရခိုင်အမျိုးသားပါတီ ကနေ ကျောက်တန်းကျေးရွာကိုရောက်ရှိလာပြီး လိုအပ်တဲ့ စားနပ်ရိက္ခာ အကူညီပေးဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ(၂)ရက်နေ့က AAအဖွဲ့နဲ့ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ ကျောက်တန်း ကျေးရွာသား (၂၇၅)ဦးကို စာသင်ကျောင်းမှာ ထိန်းသိမ်းထားစဉ်အတွင်း စစ်တပ်ကနေ ပစ်ခတ်ခဲ့လို့ (၆)ဦး သေဆုံးပြီးတော့ (၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှု အဖြစ်မှန်ကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ နိုင်ငံသားတွေကို တရားဥပဒေ စိုးမိုးမှု ရရှိရေး နဲ့အမြန်ဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP ကနေ နိုင်ငံတော်သမ္မတ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို မေလ(၂)ရက်နေ့ရက်စွဲနဲ့ တိုင်ကြားစာ ပေးပို့ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG