သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကျောက်တန်းရွာသား ၄၈ ဦး ထပ်မံလွတ်မြောက်


မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ
မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က AAနဲ့ ပတ်သက်နေတယ်ဆိုပြီး မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရွာသား ၃၀၀ နီးပါးထဲက ၄၈ ဦးပါတဲ့ ဒုတိယအသုတ်ကို ဒီကနေ့ညနေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ၁၂၆ ဦးပါတဲ့ ပထမအသုတ်ကို လွှတ်ပေးခဲ့တာပါ။

ကျန်တဲ့ အယောက် ၈၀ နီးပါးကိုလည်း စိစစ်နေပြီး AA နဲ့ ဆက်စပ်မှုမရှိရင် ပြန်လွှတ်မယ်လို့ မြန်မာစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ကျောက်တန်းကျေးရွာကိုတော့ လက်ရှိအချိန်အထိ သွားလာရေးပိတ်ဆို့ထားတာကြောင့် ဒေသခံတွေရဲ့စားဝတ်နေရေးအတွက် လမ်းဖွင့်ပေးဖို့ အထင်ကရ ရခိုင်ရဟန်းတော်တွေက နယ်မြေခံတပ်မတော်တာဝန်ရှိသူတွေကို အရေးဆိုနေပါတယ်။ ကိုနိုင်ကွန်းအိမ် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအတွင်းမှာ မြန်မာစစ်တပ်ကနေထိန်းသိမ်းထားတဲ့ရွာသား ၅၀ နီးပါးကို ဒီက နေ့ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးလိုက်ပြီးကျန်ရှိနေတဲ့သူတွေကို ဆက်လက်စစ်ဆေးနေဆဲလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“(၄၈)ယောက်ပြန်လွှတ်လိုက်တယ်။ (၇၈)ယောက်ဘဲ ကျန်တော့တာပေါ့။ ကျန်တဲ့ဥစ္စာ တပ်မတော်စိစစ်နေတာပေါ့။ သူတို့လဲ စိစစ်လို့ ဟုတ်လား ဘာမှမရှိဘူးဆိုရင် ပြန်လွှတ်ပေးမှာပေါ့။”

ပြီးခဲ့တဲ့ မေလ (၂) ရက်နေ့က AA အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ကျောက်တန်းကျေးရွာသား (၂၇၅) ဦး ကို စာသင်ကျောင်းမှာ ထိန်းသိမ်းထားစဉ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ (၆)ဦး သေဆုံးပြီးတော့ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှု မှာ လူအုပ်ကြီးကနေ လက်နက်လုယူဖို့ ကြံစည်လို့ပစ်ခတ်ရတာလို့ စစ်တပ် ပြောခွင့်ရသူတွေ ကပြောပေမယ့် ဒေသတွေကတော့ အကြောင်းမဲ့ပစ်ခတ်တယ်လို့ပဲ သံသယရှိနေပါတယ်။

မေလ(၃)ရက်နေ့ကတော့ ထိန်းသိမ်းထားတဲ့ ကျောက်တန်းရွာသားသက်ကြီးပိုင်းနဲ့ ဝန်ထမ်း(၁၂၆) ဦးကို ပထမအသုတ်အနေနဲ့ စစ်တပ်က ပြန်လွှတ်ပေးပါတယ်။

အခုလို ပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဘက် သွားလာရေးပိတ်ပင်ထားတဲ့ အခြေအနေကြောင့် ကျေးရွာသားတွေစားဝတ်နေရေး အခက်ခဲဖြစ်နေကြပြီလို့ ရွာသားတဦးက ပြောပါတယ်။

“စစ်တပ်က အခုအဲဒီမှာ ရွာထဲမှာအယောက် (၂၀၀) လောက် အပြင်က(၁၀၀)လောက် ရွာတခုလုံးကို ပိတ်ထားတာ။ အဲ တာဖြစ်တဲ့နေ့က ဒီနေ့အထိ။ တယောက်မှ အပြင်ကိုမထွက်ရဘူး။ ကျန်းမာရေး နေမကောင်းလို့ ဆေးခန်းပြစရာတွေ ဆေးတွေ လစဉ် ပုံမှန်စားနေရတဲ့လူတွေ ရသေ့တောင်ကို လုံးဝမသွားရ။ စားရေးသောက်ရေး အတော်ခက်ခဲနေကြတယ် တရွာလုံးပဲ။ ထမင်းငတ် နေကြပြီ ရွာထဲမှာ။ ”

ဒါ့အပြင် ကျောက်တန်းရွာသားတွေ ဖုန်းဆက်သွယ် အသုံးပြုခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ အဆိုပါရွာသား က ဆက်ပြောပါတယ်။

“ နောက်ပြီးဖုန်းလဲမသုံးရဘူး။ ဖုန်းပြောသံကြားရင်ဖုန်းကို သိမ်းမယ်ဆိုပြီးတော့ပြောတယ်။ ဒါကြောင့် ဖုန်းတွေပိတ်ပြီး အကုန်လုံး ဝှက်ထားကြတယ်။”

ပဋိပက္ခဖြစ်ပွားရာ ကျောက်တန်းကျေးရွာဘက်ကို ကန့်သတ်မှုတွေကြားကဘဲ မနေ့ဧပြီလ(၅)ရက် နေ့က စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့ (စစ်တွေ)က ဆရာတော်ကြီး ၇ ပါးကနေ သွားရောက်ခဲ့ရာမှာ ရွာသားတွေသွားလာ ရေးကို မပိတ်ပင်ဖို့ နယ်မြေခံတပ်မတော် အကြီးအကဲကို တောင်းဆိုခဲ့ကြာင်း အောင်မြေကုန်းဆရာတော ်ဦးစန္ဒဝါရက အခုလိုမိန့်ပါတယ်။

“သွားလာခွင့် မပေးဘူးသူတို့လေ။ အဲတာကို ဘုန်းကြီးတို့ပြန်ပြီးတော့ပြောတယ်။ ဒီရွာကလူတွေကို သွားလာခွင့်မပေးရင် သူတို့ စားဝတ်နေရေးတွေအခက်ခဲရှိမယ်။ အဲတာကိုသွားလာခွင့်ပေးပါဦးဆိုတော့ ဗျူဟာမှူးကြီးက ပြောပါတယ်။ သူတို့ စစ်ဆေးနေတဲ့ကာလအတွင်းမှာ မထင်မှတ်ဘဲ ပြဿနာတွေရောပြီးတော့ ရွာကလူတွေနဲ့ရောပြီးတော့ ပါလာမှာစိုးလို့ တပည့်တော်တို့က ဒီလို စစ်ဖြစ်နေတဲ့ ကာလမှာ တားထားရတယ်။ ဆိုပြီးတော့အဲဒီလိုပြောတယ်။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရွာသားတွေသွားလာရေးကို ပိတ်ပင်ဟန့်တားတာမျိုးမရှိကြောင်းပြောပါတယ်။

“ဒီဟာနဲ့ ပက်သက်မှု မရှိတဲ့လူဆိုလို့ရှိရင် သူ့ရဲ့လုပ်ငန်းခွင်တွေ လုပ်စရာဆိုလို့ရှိရင် ဟုတ်လား ဒီအတိုင်းပဲလုပ်။ ကျွန် တော်တို့က ဘာမှဟိုမသွားရ ဒီမသွားရ ဘာမှကန့်သတ်ထားတာ မရှိဘူး။”

ဒီကနေ့မှာ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့(စစ်တွေ)အပါအဝင် ရခိုင်ပြည်နယ်အတွင်း အထင်ကရဆရာ တော်ကြီးတွေကိုအမှူးထားပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ပက်သက်လို့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို စစ်တွေမြို့မှာကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအပြီး စစ်ရပ်စဲရေးနဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေးအချက်တွေကို နိုင်ငံတော်အကြီးကဲတွေထံ တောင်းဆိုခဲ့တယ်လို့ အောင်မြေကုန်း ဆရာတော် ဦးစန္ဒဝါရက အခုလို ဆက်မိန့်ပါတယ်။

“စစ်ပွဲတွေနဲ့ အဖြေမရှာဘဲ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ အဖြေရှာကြဖို့။ နောက်တချက်က မိုးရာသီ နီးလာတဲ့အတွက် ဒီစစ်ဘေးရှောင်လူထုကို မိမိနေရာ ပြန်ရောက်ပြီးတော့ လယ်ယာကိုင်းကျွန်းတွေကို လုပ်ကိုင်စားနိုင်ဖို့အတွက် နိုင်ငံတော် အစိုးရက အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဆိုတာကိုလဲ ဘုန်းကြီးတို့ တောင်းဆိုသွားမယ့် အချက်တချက်ဆုံးဖြတ်ကြတယ်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးတင်းမာ နေဆဲဖြစ်သလို တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်မှုတွေ ပိုမိုများပြားလာနေပါတယ်။

တိုက်ပွဲဖြစ်ပွားရာဒေသက စစ်ဘေးရှောင်ဦးရေ(၃၅၀၀၀)အထိ တိုးပွါးနေပြီး၊ ဒုက္ခသည်တွေရဲ့ စားဝတ်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG