သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းရွာပစ်ခတ်မှု ထိန်းသိမ်းခံရသူ ၆ ဦး သေဆုံး


ကျောက်တန်းရွာပစ်ခတ်မှု ဒဏ်ရာရရှိတဲ့သူ(၈)ဦးကို နိုင်ငံတကာကြက်ခြေနီအဖွဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့
ကျောက်တန်းရွာပစ်ခတ်မှု ဒဏ်ရာရရှိတဲ့သူ(၈)ဦးကို နိုင်ငံတကာကြက်ခြေနီအဖွဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက အရပ်သား ၂၇၀ ကျော်ကို မြန်မာစစ်တပ်က ထိန်းသိမ်းစစ်ဆေးနေတဲ့ နေရာမှာ၊ ဗုဒ္ဓဟူးနေ့ သန်းခေါင်ကျော် ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်တာကြောင့်၊ ၆ ဦး သေဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလူတွေဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်က ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပါတယ်။ လူအုပ်နဲ့ လက်နက်လု တိုက်ခိုက်လာတဲ့အခြေအနေကြောင့် ပစ်ခတ်နှိမ်နင်းရင်း အခုလို ထိခိုက်သေဆုံးမှုတွေဖြစ်တာလို့ မြန်မာစစ်တပ်ဖက်က ပြောပါတယ် ။ ဒီအကြောင်း ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားတာပါ။

ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ဆက်နွယ်တယ်ဆိုပြီး သံသယနဲ့ အရပ်သားသုံးရာနီးပါးကို စုပြီး ထိန်းသိမ်းထားတဲ့ ကျောက်တန်းရွာ စာသင်ကျောင်းတခုထဲမှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်က ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှုး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ထိန်းသိမ်းခံထားရတဲ့ လူအုပ်ကနေ လက်နက်လုပြီး တိုက်ခိုက်ဖို့ ကြိုးစားတာကြောင့် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းရင်း အခုလို ထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့တာလို့ ဗွီအိုအေကို ပြောပါတယ်။

“အိမ်ထောင်စုစာရငိးထဲမှာမပါတဲ့ မသင်္ကာဖွယ်ရာ(၂၇၅)ယောက်ရှိတယ်ဗျ။ အဲဒီအဖွဲ့တွေကိုကျောက်တန်းကျေးရွာရဲ့ စာသင်ကျောင်းထဲမှာခေတ္တထိန်းသိမ်းထားတယ်။ ကျွန်တော်တို့စစ်ဆေးမှုတွေလုပ်တယ်။ ဒီနေ့မနက်(၂)နာရီမှာတော့ အဲဒီစာသင်ကျောင်းထဲကနေပြီးတော့လူစုလူဝေးနဲ့ ထွက်ပြီးတော့ဒါကျွန်တော်တို့ လုံခြုံရေးလုပ်နေတဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဖွဲ့တွေရယ် တပ်မတော်အဖွဲ့က ဝိုင်းတိုက်ခိုက်ဖို့လုပ်တယ်ပေါ့။ တိုက်ခိုက်ဖို့လုပ်တဲ့အထျိန်မှာ ကျွန်တော်တို့ဆီက ပထမဆုံးတော့အော်ဟစ်သတိပေးတာလုပ်တယ်။ ပြီးရင် သေနတ်မိုးပေါ်ထောင်ပြီးခြောက်လှန့် ပစ်ခတ်တာ လုပ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်နက် လုမယ့်အနေအထားဖြစ်လာတယ်။ အဲတာကြောင့်မို့လို့ ကျွန်တော်တို့ပြန်လည်ပစ်ခတ်လိုက်ရတယ်။ ခုလောလောဆယ်ဆယ်သတင်းအရကတော့(၆)ယောက်သေတယ်။ (၈)ယောက်ဒဏ်ရာရတယ်။ လူ(၄)ယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားတယ်။”

ဒဏ်ရာရရှိတဲ့သူ(၈)ဦးကိုတော့ နေ့လယ်ပိုင်းမှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးခဲ့သူ ရုပ်အလောင်း တွေကို ကျောင်းရှေ့မှာပုံထားတယ်လို့ ကျောက်တန်းဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီးပြီးချင်း အစောပိုင်းမှာ ဒဏ်ရာရသူတွေကိုလည်း ထုတ်မပေးခဲ့ဘူးလို့လည်း ပြောပါတယ်။

“ သေဆုံးတဲ့အလောင်းတွေ အဲဒီကျောင်းရှေ့မှာပုံထားတယ်။ ဒဏ်ရာရတဲ့သူတွေဆေးလဲမကုရဘူး။ တယောက်မှမဝင်ရ။ မိသားစုတွေလဲမဝင်ရ။ အဲဒီလိုဖြစ်နေတယ်။ဘယ်လိုအကြောင်းပြချက်နဲ့သတ်တယ်ဆိုတော့ ရခိုင်တွေကိုအကုန်လုံး သူတို့မကျေနပ်လို့ သတ်တယ်လို့ပြောတာဘဲ။ ဘာအပြစ်မှမရှိတဲ့လူ အဲဒီလူတွေက။ AAကတယောက်မှမပါ။ ရွာသားတွေအဲတာ။ တိုက်ပွဲဘာမှမဖြစ်ဘူး။ ဘယ်သူမှလဲမရှိဘူးအဲဒီအနားမှာ။”

ဒဏ်ရာရထားတဲ့သူတွေဆေးရုံပို့ဖို့အတွက် ရွာလူကြီးတွေကတပ်နဲ့ ညှိုနှိုင်းတာတွေလုပ်ခဲ့ရတယ်လို့ ရသေ့တောင် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“မနက်ပိုင်းမှာကျတော့ တပ်ကလူကြီးတွေ ရွာလူကြီးတွေ ခေါ်တော့သွားကြည့်တယ်။ အဲဒီမှာ(၆)ယောက်သေတယ်။ (၈)ယောက်ဒဏ်ရာရတယ်။ Ambulance ကားကို ရသေ့တောင်မြို့ကခေါ်တော့မရသေးဘူး။ ကားကအဲဒီရွာမှာရှိတယ်။ ဒါပေမဲ့ကားနဲ့ရသေ့တောင်ဆေးရုံပို့ဖို့အတွက် ကားဒါရိုင်ဘာတွေကအကုန်လုံးဖမ်းထားတဲ့ အထဲမှာပါတယ်။ အဲဒီလူ တွေလဲထွက်ခွင့်မပေးဘူး။ ”

နောက်ပိုင်းမှာတော့ ဒဏ်ရာရသူတွေကို စေတီပြင်ကျေးရွာကို ယူဆောင်ခွင့်ရပြီး၊ အဲဒီကနေ နိုင်ငံတကာကြက် ခြေနီ အဖွဲ့အကူအညီနဲ့ စစ်တွေဆေးရုံကို ပို့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ(၃၀)ရက်နေ့က မြန်မာ့တပ်မတော်ကနေ ကျောက်တန်းကျေးရွာကို ဝိုင်းပတ်ပိတ်ဆို့ပြီး ရွာသား (၂၇၀)ခန့်ကို စာသင်ကျောင်းဝင်းထဲထိန်းသိမ်းထားပြီးတော့ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်မှုရှိမရှိ (၂)ရက်ကြာ စစ်ဆေးနေတာပါ။ ဒေသခံတွေကတော့ ဒါဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောနေပမယ့်၊ တပ်ဖက်ကတော့ ဒီလူတွေဟာ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးနေပါတယ်။ ရွာအနီးအနား တိုက်ခိုက်မှုတွေကြောင့် အရပ်သားလား AAအဖွဲ့လားဆိုတာ ခွဲခြားဖို့ခက်ခဲတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အရပ်သားအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ကAAကိုဘဲတိုက်ခိုက်တာဖြစ်တယ်။ အခု ဖြစ်တဲ့ဖြစ်စဉ်ကလဲ သောင်းကျန်းသူအဖွဲ့များတွေက ရွာထဲဝင်ရောက်လာတဲ့အခါမှာ အရပ်သားအဖြစ်ဝင်ရောက်လာ တယ်။ ခွဲခြားဖို့တော့ခက်ခဲတယ်။ အရင်တုန်းကတော့ရွာအနားမှာမိုင်းခွဲတိုက်ခိုက်တာတို့ ရွာထဲကနေပစ်ခတ်တာတို့ ရှိတယ်။ အဲတာတော့ မလွှဲမရှောင်သာကျွန်တော်တို့က ပြန်လည်ပစ်ခတ်ရတာမျိုးရှိတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့စစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ် သလို တိုက်ပွဲဖြစ်စဉ်အတွင်းဒေသခံတွေ ထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။

ပြီးခဲ့တဲ့ဧပြီလ(၁၀)ရက်နေ့တုန်းက AA နဲ့ ဆက်နွယ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြောက်ဦးမြို့နယ် လက်ကာရွာသား (၂၇)ဦးအနက်က(၃)ဦးသေဆုံးသွားခဲ့သလို မြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုတွေ ကြောင့် သင်္ကြန် အကျနေ့မနက်ဖက်မှာ ဘောင်းဒွတ်ကျေးရွာသား တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီလ(၃)ရက်နေ့မှာလဲ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်းအနီးတဝိုက်မှာ အစိုးရတပ်ကနေ လေကြောင်းကနေ ပစ်ခတ်တာကြောင့် ရွာသား (၅) ဦးထက်မနဲ သေဆုံးပြီး (၁၃) ဦးဒဏ်ရာရခဲ့ပါတယ်။

မတ်လ(၂၁)ရက်နေ့မှာလဲ ဘူးသီးတောင် မြို့နယ်စည်တောင်ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှုမှာ AAနဲ့တိုက်ပွဲဖြစ်ပွါးတာကြောင့်လို့တပ်မတော်ဘက်ကပြောဆိုနေသလို ဒေသခံရွာသားတွေက တော့တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ တပ်မတော်ဖက်က တဖက်သတ်ပစ်ခတ်တာဆိုပြီးစွပ်စွဲမှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG