သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် အပစ်ရပ်ဆွေးနွေးပွဲ မပြီးပြတ်


အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် အပစ်ရပ်ဆွေးနွေးပွဲ (ဓါတ်ပုံ- Hla Maung Shwe)

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့တို့ ဒီနေ့ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ တိကျတဲ့သဘောတူညီချက်မရခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးအတွက် မေလအတွင်းမှာ ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ ပေးပို့ထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့တို့ဟာ မူဆယ်မြို့ နယ်စပ်ကုန်သည်ကြီးများအသင်းရုံးမှာ မနက် ၉နာရီကနေ နေ့ခင်း ၁၂နာရီထိ ၃နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ KIO ရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို အဓိကဆွေးနွေးပြီး ကျန်အဖွဲ့တွေရဲ့ အဆိုပြုချက်တွေကို လာမယ့် မေလအတွင်းမှာ ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း ဆွေးနွေးပွဲကို ပါဝင် တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ ကျနော်တို့ ၂၀၁၉ ဖေဖော်ဝါရီက အစိုးရရဲ့ Proposal ကို ကူမင်းမှာ ပေးခဲ့တယ်။ အဲဒီ ကူမင်းမှာ ပေးခဲ့တာကို အခု ၂၇ရက်နေ့မှာတော့ KIO ဘက်က ပြန်ပို့လာတာရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ဆွေးနွေးတယ်။ ကျန်တဲ့ ၃ဖွဲ့ကတော့ ဒီနေ့ ခန်းမထဲမှာမှ သူတို့ရဲ့ အဆိုပြုချက်တွေကို ပြန်ပေးတယ်။ သူတို့ရဲ့ အဆိုပြုချက်တွေကို ယူသွားမှာပေါ့ဗျာ။ ကျနော်တို့ကတော့ KIO ရဲ့ Counter Porposal မှာတော့ ဒီအချက်ဒီအချက်တွေကိုတော့ ထည့်သွင်းပေးဖို့ ပြန်မေတ္တာရပ်ခံတာပေါ့။ သူတို့လည်း ပြန်တိုင်ပင်ပြီး ပြန်ပို့ပေးမယ်လို့ မျှော်လင့်တယ်။ အဲဒါတွေ ပြီးရင်တော့ မေလ တတိယပတ်လောက်မှာတော့ ကျနော်တို့ နှစ်ဘက် ပြန်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ မျှော်လင့်ထားတာပေါ့။ ”

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ လိုလားပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကတော့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လိုလားခဲ့ကြတာ ဖြစ်ပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်က ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အရင်တုံးကတော့ ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က ပြောတာကတော့ DOC ပေါ့။ ကျနော်တို့ ၄ဖွဲ့မှာ ပြောတာကတော့ Bilateral ပေါ့။ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့ဘက်ကလည်း Bilateral ကို ဆွေးနွေးလာတယ်။ကျနော်တို့ဘက်မှာလည်း Bilateral ကို ဆွေးနွေးလာတယ်။ ဒါကတော့ နှစ်ဘက်ရဲ့ ဆွေးနွေးမှု တူညီမှုတစ်ခုတော့ ရှိလာတာပေါ့။ ဒီဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက် ချနိုင်တာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဆွေးနွေးပွဲမှာတော့ အပြုသဘောဆောင်တယ်ပေါ့နော်။ နောက်လာမယ့် လမှာ ထပ်ပြီးတော့ ဆွေးနွေးဖို့တော့ နှစ်ဘက် သဘောတူကြတယ်ပေါ့နော်။”

မူဆယ် ဆွေးနွေးပွဲကို အစိုးရရဲ့ကိုယ်စားလှယ်အဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှုး ဦးခင်ဇော်ဦးတို့ ဦးဆောင်တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့မှာ KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း(ပလောင်)၊ ULA/AA ရခိုင် ကိုယ်စားလှယ်အဖွဲ့တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ပြီး တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲကျင်းပချိန်ဟာ တပ်မတော်က ကြေညာထားတဲ့ ကချင်နဲ့ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ် နယ်မြေ ၅ခုမှာ အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ နောက်ဆုံးနေ့ရက်လည်း ဖြစ်ပါတယ်။

တပ်မတော်က အပစ်ရပ်ကာလ ရက် ထပ်မံ တိုး၊ မတိုးကိုတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီ ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက နေပြည်တော်မှာ အခုလို ပြောဆိုထားပါတယ်။

“ ဒီနေ့ ဆွေးနွေးပွဲ ရလဒ်ကို ကြည့်မယ်။ အရင် သတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ ပြောထားတယ်။ ၄လတာအပစ်အခတ် ရပ်စဲထားတာက လုံလောက်တဲ့အချိန်တစ်ခုပဲ။ ဒါပထမဆုံးဖြတ်ချက်။ ဒုတိယဆုံးဖြတ်ချက်ကတော့ ကျနော်တို့က extension ထပ်တိုးဖို့ မတိုးဖို့ ကိစ္စသည် ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ။ ဧပြီလ ၃၀ရက်နေ့မှာ ဒီနေ့မှာ ကျနော်တို့ ပြည့်သွားပြီ။ တတိယဆုံးဖြတ်ချက်ကတော့ ဒီနေ့မှာ ဆွေးနွေးနေတဲ့ ရလဒ်ကို ကျနော်တို့ ကြည့်မယ်။ ”

တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၄လတာအပစ်ရပ်ထားတဲ့ ကာလအတွင်းမှာတော့ ရခိုင်ပြည်နယ်မှာ AA နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကချင်၊ တအန်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး တိုက်ပွဲအကြိမ် ၅၀လောက် ဖြစ်ခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG