သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒုက္ခသည် အရေး Ursula Mueller အလေးပေးဖို့ မျှော်လင့် 


Ursula Mueller ရဲ့ ၂၀၁၈ တုန်းက စစ်ဘေးဒုက္ခသည် စခန်းတွေကို လေ့လာစဉ်
Ursula Mueller ရဲ့ ၂၀၁၈ တုန်းက စစ်ဘေးဒုက္ခသည် စခန်းတွေကို လေ့လာစဉ်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် တခြားမငြိမ်းချမ်းတဲ့ ပြည်နယ်တွေမှာ စစ်ဘေးဒုက္ခသည်တွေအရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်း အမေရိကန်ရောက် တိုင်းရင်းသား လူမှု အဖွဲ့အစည်းတွေက ဗွီအိုအေကိုပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးနိုင်ရေး နည်းလမ်းတွေ ရှာဖွေဖို့ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင် ပြည်နယ်အပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ကြည့်ရှုဖို့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ဟာ တပတ်ကြာခရီးစဉ်အဖြစ် မေလ (၉)ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိုနှိုင်းရေးမှူး လည်းဖြစ်တဲ့ Ursula Mueller ဟာ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေကြောင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ Ms. Mueller ရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို သွားကြည့်ခွင့်ရထားကြောင်းလည်း သူက အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က အင်အားသုံး နှိမ်နင်းမှုကြောင့် ရခိုင်လူမျိုး အရပ်သားတွေ သေဆုံးနေရတဲ့ အခြေအနေမှာ အခုလို ကုလသမဂ္ဂအကြီးအကဲတဦးကိုယ်တိုင် သွားရောက်ကြည့်ရှု့မယ့်အပေါ် မျှော်လင့်ချက်တွေရှိနေကြောင်း အမေရိကန်-ရခိုင် လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံက ဗွီအိုအေကို ပြောပါတယ်။

“ နိုင်ငံတကာ အတိုင်းအတာအနေနဲ့ပေါ့နော် ပထမတုန်းက တခြား မွတ်ဆလင်ဘာသာဝင်တွေ အသတ်ခံရတုန်း ကလိုမျိုး တခါတည်း ကုလသမဂ္ဂ တို့ ဘာတို့က ချက်ချင်းထပြောတာတို့ ၊ ဖြေရှင်းတာတို့ နိုင်ငံတကာသတင်းတွေက အရေးယူမှုလုပ်တာမျိုးမတွေ့ရပါဘူး။ သို့သော်အခု နောက်ဆုံးတခေါက်မှာ မြင်လိုက်ရတာကတော့ ဒီ ရခိုင်အရပ်သားတွေ သေတဲ့ကိစ္စကို ကမ္ဘာကပိုပြီးတော့ ဒီထက်ပိုပြီး Attention ပေးလာတယ်။ သူတို့ သတိထားမိတယ်လို့ ယူဆပါတယ်။ အဲဒါကတော့ ကောင်းတဲ့လက္ခဏာ အဲဒီအတွက် တခုခု ထူးခြားမှုရှိလာနိုင်တယ်ပေါ့နော်။ အခုလို ကုလသမဂ္ဂ ကိုယ်တိုင်ဆင်းပြီးသွားမယ်ဆိုရင် သူတို့ ဘယ်လောက်ထိထိရောက်ရောက်လုပ်ပေးနိုင်မယ်ဆိုတာကတော့ ကျနော်တို့ သေချာမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အများကြီးတိုးတက်မှုရှိတယ် ကျနော်တို့အနေနဲ့ကတော့ အလင်းရောင်လေးတခုရရှိတယ်လို့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ အင်္ဂါနေ့က ရခိုင်ရွာဖြစ်တဲ့ ကျောက်တန်းရွာကို မြန်မာစစ်တပ်က အင်အားသုံးဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်ရာမှာ အမျိုးသား ၂၇၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရွာစာသင်ကျောင်းမှာ သူတို့ကို ထိန်းသိမ်းပြီးစစ်ဆေးရာမှာ အဲဒီလူအုပ်က သူတို့ကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားလို့ ရှိပြီး အကြမ်းဖက်နှိမ်နင်းရာမှာ လူခြောက်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြန်မာစစ်တပ်က ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကိုသိန်းထွန်းဇံက အခုလို ပြောပါတယ်။

“ ဒါက အသားလွတ်ပြည်သူကို သတ်တယ်ဆိုတာပေါ့နော် ကျနော်တို့မြင်တာကတော့ စစ်ပွဲမှာတောင်မှာ လက်နက်ချရင် သတ်လို့မရဘူးပေါ့နော်၊ ဒါက လူသတ်မှုမြောက်တယ် စစ်ရာဇဝတ်မှု မြောက်တယ်။ ရွာထဲကို ဝင်ပြီးတော့ ယောင်္ကျားတွေ ခေါ်ထုတ်တယ်၊ အသက် ၁၅ နှစ် ကနေ ၅၀ ဆိုတာ ။ ၁၅ နှစ်ဆိုတာက အမှန်အတိုင်းပြောရရင် ကလေးတွေပေါ့နော် အဲလို ကလေးသူငယ်တွေကို သတ်ဖြတ်တာဖြစ်တယ်။ ဖမ်းလို့ ၊ သတ်လို့လည်းမရဘူး ကျနော်မြင်တာကတော့ အဲလိုမျိုး စစ်တပ်က ဝိုင်းပြီးတော့ ရွာမှာရှိတဲ့လူတွေကို စွဲထုတ်ပြီး လုပ်တယ်ဆိုတာကတော့ တရားလွန်တယ်ပေါ့နော်။ နိုင်ငံတကာဥပဒေ ဘယ်ဟာနဲ့မှလည်း မကိုက်ညီဘူး။”

ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေမှာ ဒုက္ခသည်တွေဆီ အကူအညီတွေ ပေးနိုင်အောင် မြန်မာအာဏာပိုင်တွေဘက်က ခွင့်ပြုဖို့ ကုလသမဂ္ဂအနေနဲ့အမြဲပေး တိုက်တွန်း နေကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရကလည်း ဗွီအိုအေကိုပြောပါတယ်။

ဒါကြောင့်လည်း အခု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲ Ms. Mueller ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာ အာဏာပိုင်တွေကို ထိထိရောက်ရောက် ပြောနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် ရှမ်းစာပေယဉ်ကျေးမှု အသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ဗွီအိုအေကိုပြောပါတယ်။

“ ကျနော်တို့တိုင်းပြည်မှာ အခုဆိုရင် စစ်ကြောင့် ဖြစ်နေတဲ့ ကိစ္စမှာ ကျနော်တို့ ဒုက္ခရောက်နေတာက ပြည်သူပြည်သားတွေ ပဲ ဆိုတော့ ပြည်သူပြည်သားတွေကို ကျနော်တို့ အကူအညီလည်းမရောက်နိုင်ဘူး။ ကူညီချင်တဲ့ အဖွဲ့တွေကိုလည်း ကူညီခွင့်မပေးတဲ့အတွက် အများကြီး ဒုက္ခရောက်နေတယ်။ ဆိုတော့ ကျနော်မျှော်လင့်တာက ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တော်ကြီးက ဒုက္ခရောက်နေတဲ့ သူတွေဆီအထိ သွားကြည့်ရှုပြီးတော့မှ အကူအညီပေးစေချင်တယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ အစိုးရ ဝန်ထမ်းအရာရှိတွေနဲ့ တွေ့ဆုံပြီးတော့ ကူညီခွင့်ကို ရအောင်လုပ်ဆောင်ပေးဖို့ ကျနော်တို့အနေနဲ့ အများကြီးမျှော်လင့်တယ်၊ တောင်းခံချင်ပါတယ်လို့”

မေလ (၉-၁၅) ရက်နေ့ထိ တပတ်ကြာမယ့် Ms. Muller ရဲ့ ခရီးစဉ်အတွင်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေတွေ၊ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတိုက်ပွဲတွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင်ဖို့နဲ့ အဲဒီမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေရှာဖွေဖို့ရှိကြောင်း မေလ (၆)ရက်နေ့က ထုတ်ပြန်တဲ့ ခရီးစဉ်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller ရဲ့ခရီးစဉ်အတွင်း အစိုးရထိပ်တန်းတာဝန်ရှိသူတွေ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ တေ့ွဆုံဖို့ရှိကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG