သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာကို Mahathir Mohamad ဝေဖန်


Mahathir Mohamad
Mahathir Mohamad

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က အပြင်းအထန် ဝေဖန် ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က အပြင်းအထန် ဝေဖန် ပြောဆိုသွားပါတယ်။ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့က ပြောတဲ့မိန့်ခွန်းထဲ ဝန်ကြီးချုပ် မဟာသီယာက ရခိုင်ပြည်နယ်အရေးကိစ္စကိုလည်း ထည့်ပြောသွားတာပါ။ ဒါ့အပြင် ဆော်ဒီ အာရေးဘီးယားနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးကလည်း ဝေဖန် ပြောဆို ကြပါတယ်။ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာသူ နိုင်ငံတကာ ထိပ်တန်းတာဝန်ရှိသူတွေထဲမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြစ်တင် ဝေဖန် ပြောဆိုသူ အတော်များများရှိတဲ့ထဲ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်လည်း တဦးအပါအဝင်ပါ။

“မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ အသတ်ခံနေကြရ၊ နေအိမ်တွေကို မီးရှို့ခံကြရ၊ ဒုက္ခသည် အမြောက်အများ ထွက်ပြေးသွားကြရပြီး ပင်လယ်ထဲမှာ နစ်မြုပ်သေဆုံးကြရ၊ ရေ အစားအစာနဲ့ တကယ့်အခြေခံသန့်ရှင်းမှုတွေ မရှိဘဲ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေမှာ နေထိုင်နေကြရပါတယ်။ ဒါပေမဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦး အပါအဝင် မြန်မာအာဏာပိုင်တွေကတော့ ဒီလိုဖြစ်ပျက်နေတယ်ဆိုတာကို ငြင်းဆန်ကြပါတယ်။”

မလေးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မူဝါဒဟာ အာဆီယံရဲ့ နာမည်ကျော် မူဝါဒဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ကာလတွေအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြားကို ဖိနှိပ် ဖြိုခွဲ ဖမ်းဆီး ထောင်ချတာတွေ အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အပြင်းအထန် ပြောဆိုဖူးတာ မရှိသလောက်ပါ။

ဝင်မစွက်ရေးမူဝါဒကို ဝန်ကြီးချုပ် မဟာသီယာက အသိအမှတ်ပြုပေမဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားကိုတော့ အခုလို ပြောသွားပါတယ်။

“နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ရဘူးဆိုတဲ့ ရပ်တည်ချက်ကို ကျနော်ယုံကြည်ပါတယ်။ ဒါပေမဲ့ လူအစုအဝေး လိုက် သတ်ဖြတ်ခံနေရတာကို ကမ္ဘာကြီးက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေပါတယ်။ နိုင်ငံတွေဟာ သီးခြားစီ လွတ်လပ်မှုရှိကြပါ တယ်။ ဒါပေမဲ့ သူတို့ဟာ လွတ်လပ်တယ်ဆိုတာကြောင့် သူတို့လူထုကို သတ်ဖြတ်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။”

သောကြာနေ့ကကျင်းပတဲ့ အဆင့်မြင့် ဆွေးနွေးပွဲတခုအတွင်းမှာလည်း ဆော်ဒီ အာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီး Adel Al-Jubeir က “ရိုဟင်ဂျာလူနည်းစုအပေါ် ဆိုးရွားစွာ ချိုးဖောက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ဆော်ဒီ အာရေးဘီးယားက အပြင်း အထန်ရှုတ်ချပါတယ်။ ဒီဝမ်းနည်းကျေကွဲဖွယ်ဖြစ်ရပ် အဆုံးသတ်စေဖို့၊ လူသားစာနာမှု အကူအညီတွေပေးဖို့၊ ဘေးဒဏ်ခံရပြီး လိုအပ်နေတဲ့လူထုဆီကို အကူအညီတွေ ရောက်ရှိစေဖို့၊ မြန်မာအစိုးရကို သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ပိုပြီးတော့ အားထုတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်အရေးကိစ္စကို “ထိရောက်စွာနဲ့ ခိုင်မာစွာ” ဖြေရှင်းဆောင်မှု မရှိသေးဘူးလို့ လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂဒုတိယအကြီးအကဲ Ursula Mueller ကလည်း ဝေဖန်ပြောဆိုပါတယ်။

စက်တင်ဘာလ ၂၇ ရက်၊ ကြာသပတေးနေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဝန်ကြီးအဆင့် အစည်းအဝေးတခု အတွင်း မစ္စ Mueller က အဲဒီလို ဝေဖန်ပြောဆိုသွားတာပါ။

မြန်မာအစိုးရအနေနဲ့ “တကယ်စစ်မှန်တဲ့ ရှေ့ဆက်လုပ်ဆောင်မှုတွေ ချမှတ်ရပါမယ်၊ လက်တွေ့မှာ ချက်ခြင်းအပြောင်းအလဲ ဖြစ်စေမယ့် ခိုင်မာတဲ့သန္နိဋ္ဌာန်ကို ရှင်းရှင်းလင်းလင်း သက်သေပြ လုပ်ဆောင်ရပါမယ်” လို့လည်း မစ္စ Mueller ကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ အခုဆိုရင် “ကမ္ဘာ့အကြီးဆုံး နိုင်ငံမဲ့လူထု” ဖြစ်နေပါပြီလို့ဆိုပြီး ဒုက္ခသည်အရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီပေးဖို့ ပန်ကြားထားတဲ့ရန်ပုံငွေဟာ ၃၈% ပဲပြည့်မီသေးတယ်လို့ အလေးအနက်ပြောပြီးတဲ့ေနောက် အလှူရှင်နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရေး ကူညီပံ့ပိုးပေးကြဖို့ ပန်ကြားသွားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးတဲ့ အကြမ်းဖျဉ်း ရိုဟင်ဂျာလူဦးရေ ၆၀၀,၀၀၀ လောက်ကို သီးခြားဖယ်ထုတ်ထားတဲ့ အခြေအနေ တွေကို ဖယ်ရှားပစ်ဖို့နဲ့ သူတို့ကို ခွဲခြားနှိမ်ချဆက်ဆံတာ၊ “ဆိုးရွားလှတဲ့ အခြေအနေတွေ” အောက်မှာ နေထိုင်ခိုင်းထားတာတွေ ကို အဆုံးသတ်ဖို့ Ursula Mueller က မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG