သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ကုလအရာရှိနဲ့ ဒေါ်စုဆွေးနွေး


 လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နှင့် နိုင်ငံတော်အတိုင်ပင်ခံ (Myanmar State Counsellor Office)
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နှင့် နိုင်ငံတော်အတိုင်ပင်ခံ (Myanmar State Counsellor Office)

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဧပြီလ ၂ ရက်နေ့က ရောက်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး စိန်ခေါ်မှုတွေကို မြန်မာနဲ့ ကုလသမဂ္ဂ အကူအညီပေးရေးရုံးတို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ ဆိုတာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဧပြီလ ၂ ရက်ကနေ ၈ ရက်နေ့အထိ သီတင်းတပတ်ကြာမယ့် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဒုတိယနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း UN-OCHA ရဲ့ ပြောခွင့်ရ Pierro Peron က ပြောပါတယ်။

"လက်ထောက် အတွင်းရေးမှူးချုပ် Ms. Mueller ဟာ ဒီကနေ့ နေပြည်တော်မှာ အကျိုးဖြစ်ထွန်းတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ် နိုင်ခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။ ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့လည်း ဒီကနေ့ မနက်ပိုင်းမှာဘဲ နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြောင်း Pierre Peron က ပြောပါတယ်။

"မြန်မာနိုင်မှာ ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ စိန်ခေါ်မှုတွေ အကြောင်း၊ အဲဒီ စာနာမှုဆိုင်ရာ အကူအညီပေးရေး စိန်ခေါ်မှုတွေကို မြန်မာအစိုးရနဲ့ UN-OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရုံးတို့အကြားမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။"

လက်ထောက်အတွင်းရေးမှူးချုပ် Mueller ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူ ဖြေရှင်းပေးဖို့ ဖြစ်တဲ့အပြင် ၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင် သိရအောင် လာရောက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေကြတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာ အရေးပါတယ်ဆိုပေမယ့် တခြား ဒေသက အခြေအနေတွေဟာလည်း အလားတူ အရေးပါကြောင်း ပြောခွင့်ရ Pierre Peron က ပြောပါတယ်။

"လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လာရင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အင်မတန် အရေးကြီးတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေ အပေါ်မှာလည်း ကျနော်တို့ အထူး စိုးရိမ်မိပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်က အခြေအနေတွေဟာလည်း အလားတူ အရေးကြီးပါတယ်။"

ဒါပေမယ့် လက်ထောက်အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ဒုက္ခသည် စခန်းတွေ အပါအဝင် သူမ သွားလိုတဲ့ နေရာတွေကို လွတ်လပ်စွာ သွားလာခွင့် ရပါသလားလို့ မေးတဲ့အခါမှာတော့ ပြောခွင့်ရပုဂ္ဂိုလ် Pierre Peron က -

"ရခိုင်ပြည်နယ် အလယ်ပိုင်းက IDP စခန်း တချို့ကို သွားလေ့လာဖို့ ကျနော်တို့ဘက်က ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စခန်းတွေကို သွားဖို့အတွက် ကျနော်တို့ကို ခွင့်ပြုချက် ချမပေးသေးပါဘူး။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UN-OCHA အနေနဲ့ အခုနှစ်အတွက် မြန်မာနိုင်ငံကို အကူအညီအပေးမယ့် အစီအစဉ်ကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

"ကျနော်တို့ဘက်က ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံအတွက် စာနာမှုဆိုင်ရာ အခက်အခဲတွေကို တုန့်ပြန် အကူအညီ ပေးနိုင်ရေးအတွက် စီမံကိန်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းအရ မြန်မာနိုင်ငံအတွင်းက စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၉၅ သန်း ကူညီပေးမှာ ဖြစ်ပါတယ်။ ဒီငွေတွေဟာ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့အတွက် ဖြစ်တဲ့အပြင် သဘာ၀ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးမှာ အသုံးချဖို့အတွက် ဖြစ်ပါတယ်။"

လက်ထောက် အတွင်းရေးမှူးချုပ် Mueller ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ရခိုင်ပြည်နယ်ကိုသွားပြီး စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည် စခန်းတချို့ကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။ စစ်တွေမြို့မှာ တညအိပ်ပြီးတဲ့နောက် ရန်ကုန်မြို့ကို ကြာသပတေးနေ့မှာ ပြန်လာမှာ ဖြစ်ပါတယ်။

သောကြာနဲ့ စနေ နေ့တွေမှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သွားပြီး ကချင်ပြည်နယ်အတွင်းက ပြည်တွင်း နေရပ်ရွေ့ပြောင်းခံရသူ IDP စခန်းတချို့ကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

လက်ထောက်အတွင်းရေးမှူးချုပ်ဟာ ရခိုင်နဲ့ ကချင်ပြည်နယ်တွေကို ရောက်တဲ့အခါ အဲဒီ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံတာ၊ လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ လုပ်နေကြတဲ့ INGO နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာတွေ အပြင် ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေ၊ စိန်ခေါ်မှုတွေကို သိရှိ နားလည်နိုင်ဖို့အတွက် အခက်အခဲတွေကို ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရတဲ့ IDP စခန်းတွေထဲက ဒုက္ခသည်တွေကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာတနိုင်ငံလုံးမှာ ရင်ဆိုင်နေရတဲ့ စာနာမှု အကူအညီပေးရေးဆိုင်ရာ စိန်ခေါ်မှုတွေကို သူမကိုယ်တိုင် ပိုမို သိရှိနားလည်ဖို့အတွက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG