သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်မှုတွေကြား ဒဏ်ရာရသူ ရခိုင်ရွာသားနှစ်ဦးသေဆုံး


ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု
ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု

ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာမှာ ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က ထိန်းသိမ်းထားစဉ် ညပိုင်း ပစ်ခတ်မှုဖြစ်တာကြောင့် သေဆုံးသူ (၆) ရှိခဲ့ရာမှာ ဒဏ်ရာရသူ (၈) ဦးထဲက တဦးဟာလည်း မနေ့က ရန်ကုန် မြောက်ဥက္ကလာပ ဆေးရုံမှာ ဆုံးပါးသွားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းက မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာဖြစ်တဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူ တဦးလည်း မနေ့က ကွယ်လွန်ခဲ့ပါတယ်။ အခုလို အခြေအနေတွေနဲ့ ရခိုင်မြောက်ပိုင်းက စစ်ရေး အခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိမ် စုံစမ်းမေးမြန်းထားပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ ပစ်ခတ်မှုတွေအတွင်း ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံကို ကုသပေးနေရာကနေ အဲဒီထဲက ကျောက်တန်းရွာသား ဦးအောင်လင်းကျော်ဟာ အခြေအနေပိုဆိုးလာလို့ ရန်ကုန် မြောက်ဥက္ကလာပ မေဒါဝီဆေးရုံ အထူးကြပ်မတ်ဆောင်အထိ ခေါ်ယူပြီး ကုသခဲ့ရတာပါ။ ဒါပေမယ့် မနေ့ညနေပိုင်းက ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ပထမစစ်တွေမှာပဲ ဆေးကုသတယ်။ အခြေအနေမကောင်းဘူးပြောလို့ ကျနော်တို့ ရန်ကုန်ကိုပြောင်းပြီး ဆေးကုသတာပေါ့။ ဆေးကုတဲ့အခါမှာ သူ့ရဲ့ဒဏ်ရာက ကျည် နှလုံးမှာ ထိတယ်လို့ပြောတယ်။ ကုသလို့ မရလိုက်တော့ဘူး။ မနေ့က (၄) နာရီမှာ ဆုံးသွားတယ်။ အခုရန်ကုန်ကနေ လာနေပါပြီ ကားနဲ့။ ကားနဲ့ယူလာပြီး ရသေ့တောင်မြို့နယ်မှာပဲ သင်္ဂြိုလ်မှာ။”

ဒါအပြင် မြောက်ဦးမြို့နယ်တွင်းက ပြီးခဲ့တဲ့လတွေအတွင်း ပစ်ခတ်မှုတွေကြောင့် ဒဏ်ရရရှိသူ လက္ကာရွာသား ဦးကျော်သိန်းဟာလည်း ဒီနေ့မနက် ကွယ်လွန်သွားခဲ့တယ်လို့ လက္ကာကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်သန်းမြင့်က ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

"ဦးကျော်သိန်းပါ။ ဒီနေ့မနက်ဆုံးသွားပါပြီ သတင်းကြားပါတယ်။ အဲဒီဘက်မှာ။”

ဦးကျော်သိန်းဟာ ဧပြီလက မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ တပ်မတော်ရဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိရာကနေ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆန့်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသနေရင်း ဒီနေ့ မေလ ၁၅ ရက် နံနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တာပါ။ ပြီးခဲ့တဲ့လတွင်း မြောက်ဦးအနီး ရဲတပ်ရင်းဌာနချုပ်ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ လက္ကာရွာကို စစ်တပ်က ဝင်ရောက်ရှင်းလင်းရာမှာ ရွာခံအမျိုးသမီးတဦး နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး အခု ဦးကျော်သိန်းကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရလို့ ဆေးရုံပို့ခဲ့ရတာပါ။

ကျောက်တန်းရွာဖြစ်စဉ်မှာတော့ ရွာသား ၃၀၀နီးပါးကို စစ်တပ်က ဖမ်းထားစဉ်အတွင်း ညပိုင်း ပစ်ခတ်မှုတွေဖြစ်လို့ လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီမှာ ဒဏ်ရာရခဲ့ပြီး မနေ့က သေဆုံးသွားတဲ့ ဦးအောင်လင်းကျော်ရဲ့ ဇနီးဖြစ်သူကတော့ ရသေ့တောင်မှာ မီးဖွားနေတယ်လို့ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“မနေ့ကညနေ (၄) နာရီမှာ သေဆုံးသွားတယ် သိရပါတယ်။ မြောက်ဥက္ကလာပဆေးရုံမှာပါရှင့်။ သူ့မိန်းမက ကိုယ်ဝန်။ မြောက်ဥက္ကလာပဆေးရုံကို ခေါ်လာတဲ့အခါ သူ့မိန်းမ မလိုက်နိုင်ဘူး။ မနေ့ညတုန်းက ရသေ့တောင်မြို့ပေါ်မှာ သူ့မိန်းမ ကလေးမွေးတယ်ဆိုတဲ့ သတင်းကြားထားပါတယ်။”

ဒီလို လက်နက်ထိမှန်သေဆုံးသွားတဲ့ ရွာသားတွေဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ဒီဘက်ကလည်းကျနော် မသိရသေးဘူး။ မနေ့ကတော့ပစ်ခတ်မှုအတွင်း လူတယောက် သေဆုံး ဘာညာ သတင်းတက်တာတော့တွေ့တယ်။ ရန်ကုန်မှာလားမသိ အဲဒီလိုမျိုးတော့ တွေ့တယ်။”

ကျောက်တန်းရွာ ပစ်ခတ်မှုဖြစ်စဉ်မှာတော့ ရွာသားတွေကို ဖမ်းထားစဉ် လူအုပ်နဲ့ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်ရတယ်လို့ မြန်မာစစ်တပ်က ပြောထားပါတယ်။ အဲဒီမှာ ဖမ်းထားတဲ့ ရွာသားအတော်များများကို ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကိုတော့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တရားစွဲဖို့ လုပ်နေပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာတော့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မနေ့က ကျောက်တော် မြောက်ဦးမြို့နယ်ဘက်မှာ အနဲဆုံး (၄) နေရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ကျောက်တော်မြို့နယ် မင်းသားချောင်းဆည်နှင့် သရီချောင်းလက်ပံကျေးရွာကြား မနေ့ကတိုက်ပွဲကြောင့် လက်ပံ ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ကိုကျော်လှမြင့်ကပြောပါတယ်။

“တိုက်ပွဲကတော့ မနက် (၅) နာရီ နေ့ခင်း (၁၁) လောက်ဖြစ်တယ်။ ကျောက်တော်ပလက်ဝ ကားလမ်းဘေး။ အဲ့တာမင်းသားချောင်းရဲ့ သရီချောင်းလက်ပံပေါ့။ အဲဒီရွာနားကဖြစ်တဲ့ကိစ္စနဲ့ လက်ပံကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးလာကြတာ လေ။ အဲ့ဒီမင်းသားတောင်ရွာကရွာကြီး။ အဲဒီရွာမှာ ဒုက္ခသည် (၇၄) ဦးရောက်တယ်။ အိမ်ထောင်စုက (၈၂) စု။”

မနေ့က မြောက်ဦးမြို့နယ် တောင်ဦးရွာအနီး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တောင်ဦးရွာသား ၁,၀၀၀ နီးပါးဟာ ကျောက်တော်မြို့နယ် ကျားနင်းကန်ရွာဘက်ကို စစ်ဘေးတိမ်းရှောင်လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ အရပ်သားတွေ ထိခိုက်နေမှုအပေါ် အစိုးရတရပ်အနေနဲ့ ကူညီဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“တဘက်နဲ့တဘက်ပစ်ခတ်တာတော့ ဘယ်လိုပဲ ပစ်ခတ်ပစ်ခတ်ပေါ့နော်။ ဒီအပစ်မဲ့ ပြည်သူမြေဇာပင်ဖြစ်နေရတာတော့ ကျမတို့ မလိုလားဘူး။ နောက်တော့ ကျမတို့ ရခိုင်ပြည်ဘက်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကိုယ့်ရဲ့ကျေးရွာမှာ မနေရဲတော့ဘူး။ တခြားမြို့နယ် တခြားကျေးရွာ အနီးအနားကျေးရွာတွေတော့ လာပြီးတော့ ခိုလှုံနေတယ်ဆိုပေမယ့် အခုဆို သောင်းကျော်ရှိနေပြီ။ ဒီလိုပဲ တိုက်ပွဲတွေ ဖြစ်နေပြီးတော့က အပစ်မဲ့ပြည်သူတွေ သေနေရမယ်ဆိုရင်လည်း ဘယ်လိုမှ ကျမတို့ ဒါကိုလက်ခံလို့ မရဘူး။ ဆိုတော့ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ကလည်းပေါ့နော် ဒီလိုဖြစ်တဲ့ ပြဿနာတွေပေါ့လေ။ အဲ့တာကို ဝင်ပြီး ဖြေရှင်းပေးဖို့လိုတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။”

မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲကြောင့် ဒေသခံရွာသား (၃၈၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အစိုးရအနေနဲ့ အကူညီပေးဆောင်မှု အားနည်းနေသလို ဒေသခံအလှူရှင်တွေ အကူညီပေးဆောင်မှု အပေါ်ကန့်သတ်ထားတဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG