တပ်မတော်ကို အရေးယူဒဏ်ခတ်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းလို့ မရနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး က ဗွီအိုအေကို ပြောကြားပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေးအပါအ၀င် အခြားအကူအညီတွေ အားလုံးကို ဖြတ်တောက်အရေးယူဖို့ FFM ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ အဆိုပြုခဲ့တာပါ။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
အင်ဒိုနီးရှား အစိုးရရှေ့နေချုပ်ဟောင်း Marzuki Darusman ဦးဆောင်တဲ့ ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မေလ (၃)ရက်နေ့ကနေ စတင်ပြီး ၁၀ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် မေလ (၁၄) ရက်နေ့မှာ ခရီးစဉ် ရလာဒ်အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းအပြင် အခြားတိုင်းရင်းသားလူနည်းစု တွေအပေါ် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာစစ်တပ်ကို ကြီးမားပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Marzuki Darusman ကပြောကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါအပြင် အရင်ကရော၊ အခုရော ဖြစ်နေတဲ့ ကြီးမားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ငွေကြေးအရ မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတာတွေကို မဖြစ်မနေ အလေးထား အရေးယူဖို့ ဖြစ်လာကြောငး FFM အဖွဲ့ဝင်တဦးဖြစ်တဲ့ သြစတြေးလျနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti ကလည်း ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖေါ်ထုတ်ပြီး တိတိကျကျ ပစ်မှတ်ထား ဖြတ်တောက်ခြင်းအားဖြင့် အကြမ်းဖက်မှုတွေ လျော့သွားအောင် ပိုပြီး ဖိအားပေးနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်က သြစတြေးလျအခြေစိုက် ABC သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာလည်း အိန္ဒိယအခြေစိုက် Adani ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် Christopher Dominic Sidoti က အခုလို ဝေဖန်ပြောဆိုခဲ့ပါတယ်။
“ မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီကနေ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်နိုင်အောင် တရုတ်က အသေအချာ ကာလကြာရှည် အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံ အများအပြားက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ရှိပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်သုံးဦးအနက် ကျနော်လည်း တဦးအပါအဝင်ဖြစ်တဲ့ ကုလသမ္မဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကတော့ မြန်မာစစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ စီးပွားရေးအရ လုံးဝ ဖြတ်တောက်ဖို့ အဆိုပြုထားပါတယ်။ ဒါဟာ ကုလသမဂ္ဂ စစ်ဆေးရေးနဲ့ ပတ်သက်လို့ အဆင့်အမြင့်ဆုံး အဆိုပြုထားတာဖြစ်ပါတယ်။ ဒါကို Adani က လျစ်လျှူရှုနေတာ တွေ့ရပါတယ်။”
ဒါပေမဲ့လည်း တပ်မတော်ကို အရေးယူဒဏ်ခတ်တဲ့ နည်းလမ်းနဲ့တော့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။
“ ကျနော်တို့ တိုးတက်မှုမရှိဘူးဆိုတဲ့ဟာကတော့ တိုးတက်မှုကတော့ ကျနော်တို့ ရှိအောင်လုပ်နေတယ်။ ကျနော်တို့ လုပ်နေတာတွေကို အသိအမှတ်ပြုဖို့လိုတယ်။ ဒီနေရာမှာ အခက်အခဲတွေ ကျနော်တို့ရင်ဆိုင်နေရတယ်။ အခု တခြားမကြည့်နဲ့ဗျာ။ ကျနော်တို့က ပြန်လည်လက်ခံဖို့ ပြင်ဆင်တဲ့အခါမှာ သူတို့ဘက်ကပဲ အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ ကုလသမဂ္ဂက တချို့အဖွဲ့အစည်းတွေကရော၊ ဘင်္ဂလားဒေ့ရှ်ဘက်ကရော ပြန်လာမယ့်လူတွေကို discourage လုပ်တယ်။ မပြန်ပါနဲ့ ဆိုပြီးတော့ တားတယ်။ မြန်မာဘက်က အဆင်သင့်မဖြစ်ဘူးဆိုပြီးတော့ ပြောတယ်။ ဒါ သူတို့ပဲ ပျက်အောင် လုပ်ခဲ့တာတွေရှိတယ်။ နောက်တခါဗျာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုးတက်မရှိဘူးလို့ပြောတယ်။ ကျနော်တို့ ရခိုင်မှာဖြစ်နေတဲ့ကိစ္စက တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စက ကျနော်တို့ ဖန်တီးတာမဟုတ်ဘူးလေဗျာ။ မြေပြင်မှာဖြစ်နေတဲ့ ကိစ္စ ဒီအချိန်မှာ ဒါကို တိုက်ပွဲတွေဖြစ်နေလို့ ရအောင်မလုပ်ဘူးဆိုတာက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ ဖြစ်နေတာ နှစ်ပေါင်း ၇၀ ရှိပြီ။ ကျနော်တို့ ဒါကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ငြိမ်းချမ်းရေးရအောင် ကျနော်တို့ကဒါ နှစ်ပေါင်း ၇၀ လောက်ရှိနေတဲ့ ပြဿနာကြီးကို ဖြေရှင်းဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့လုပ်နေတာပဲ။လုပ်နေတဲ့ဟာကို သူတို့က အသိအမှတ်မပြုဘူး။ မှန်မှန်ကန်ကန်နဲ့ မျှမျှတတ စဉ်းစားဖို့လိုတယ်။ ကျနော်တို့ရဲ့ အကန့်အသတ်တွေဘာရှိလဲ၊ ဒါကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။ ဒါကိုမကြည့်ပဲနဲ့ တပ်မတော်ကို အရေးယူမယ် ၊ ဒဏ်ခတ်မယ် ပိတ်ဆို့မယ်ဆိုတဲ့ နည်းတခုတည်းနဲ့တော့ ဒီပြဿနာ ဘယ်လိုမှ မပြေလည်နိုင်ပါဘူး။
မေး။ ။ ဒီနေရာမှာ အခုလက်ရှိ တပ်မတော်နဲ့ အရပ်သားအစိုးရနဲ့ကို တဖက်မှာလည်း ထောက်ပြတာကို အခုလက်ရှိ အရပ်သားအစိုးရမှာလည်း တာဝန်ရှိတယ် ဆိုပေမယ့် အခုဒီ နိုင်ငံတကာကို တောင်းဆိုတဲ့ ကုလ FFM အဖွဲ့ရဲ့ တောင်းဆိုချက်မှာတော့ သူတို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေဆိုတာမျိုး ပစ်မှတ်ထားဖို့ဆိုတာမျိုး ပြောသွားတော့ အဲလိုမျိုးခွဲပြောတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ။ ။ ဘယ်လိုလို့ခွဲလို့ရမလဲဗျာ။ စဉ်းစားကြည့်လေ တပ်မတော်ဆိုတာက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ တပ်မတော်မ၇ှိပဲ တိုင်းပြည်က ဘယ်လို အုပ်ချုပ်လို့ရမလဲ။ ခုန ကျနော်ပြောသလို ကျနော်တို့မှာ ဒီလောက်ပြဿနာတွေ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီလောက် အခက်အခဲတွေ တွေ့ကြုံနေရတဲ့အချိန်မှာ တပ်မတော်မပါပဲနဲ့ ဘယ်လို အလုပ်သွားလုပ်လို့ ရမလဲ။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ကတော့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေရဲ့ တောင်းဆိုချက်ကို ကြိုဆိုကြောင်း အခုလိုပြောပါတယ်။
“ ကျနော်တို့ကတော့ အင်မတန်မှ ကြိုဆိုပါတယ်။ တကယ့်ကို နည်းလမ်းကျတဲ့ လုပ်ရပ်တခုပဲပေါ့နော်။ ဒီလို UN ကနေပြီးတော့ ပိတ်ဆို့တာက တကယ့်လက်ရှိ ပကတိအခြေအနေမှာ ဘယ်လိုမျိုးဖြစ်နေသလဲဆိုတာ နည်းလည်သိရှိမှုကို ဖော်ပြနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ် အစိုးရ နှစ်ခု ဖြစ်နေတဲ့ နိုင်ငံဖြစ်နေပါတယ်။ အစိုးရ အထက်မှာ စစ်တပ်ရှိနေပါတယ်။ လွှတ်တော်ကနေ ထွက်သွားတယ် နောက်တခုကတော့ တရားဥပဒေစိုးမိုးတဲ့ စစ်တပ် ဆိုတာ ကျနော်လက်ခံလို့ရပါတယ်။”
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့အင်္ဂါနေ့က ထုတ်ပြန်ချက်မှာတော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် မြန်မာဘက်က တစုံတရာတိုးတက်အောင် ဆောင်ရွက်မှုမရှိတဲ့အပြင် အလုံးစုံ ရပ်တန့်နေတယ်လို့ Darusman ကပြောကြောင်း ဖေါ်ပြထားပါတယ်။ သူတို့ရဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို အခြား ဒေသတွင်း ခရီးစဉ်မှာလည်း ချင်း၊ ကချင်၊ ရှမ်းနဲ့ ရခိုင် အဖွဲ့အစည်း ကိုယ်စားလှယ်အသီးသီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်မှုအပြင် တိုင်းရင်းသား လူနည်းစုတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ၂၀၁၉ ဇွန်လ (၁) နေ့ နောက်ဆုံးထားပြီး myanmarffm@ohchr.org ကို ပေးပို့ကြဖို့လည်း ဖေါ်ပြထားပါတယ်။
FFM အဖွဲ့အနေနဲ့ ၂၀၁၉ စက်တင်ဘာလမှာ ပြုလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံစာ အပြီးသတ် တင်သွင်းမှာဖြစ်ပါတယ်။