သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ်မှာ အရပ်သားတဦး မိုင်းထိဒဏ်ရာရ


(သတင်းဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
(သတင်းဓါတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဝါးခုတ်တဲ့ ချောင်းတူရွာသားတဦး ဒီနေ့မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မနေ့ကလည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းဘက်မှာ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဘက်ထိခိုက်မှုတွေရှိနေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စိုင်းဒင်ချောင်းရွာသားတွေလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ စစ်ရေးတင်းမာမှုတွေနဲ့ အရပ်သားထိခိုက်မှုတွေ များလာနေတဲ့ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာသားတဦး ဒီမနက်ပိုင်း တောထဲဝါးခုတ်သွားရာမှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က ပြောပါတယ်။

“ဝါးခုတ်သွားရာမှာ ကျောက်ပန်းမြောင် အဲ့ဒီနေရာမှာပေါ့။ မြေမြှုပ်မိုင်းထိသွားတာ။ အခုဆေးရုံကိုရောက်ရှိနေပါပြီ။ ဒဏ်ရာအခြေအနေကတော့ ဒီ ပိုင်းဖြတ်ရမယ့် အနေအထားမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တစုံလုံးတော့ ပတ်တီးစည်းထားတာတော့ မြင်ရပါတယ်။ မိုင်းကိုတော့ ဘယ်အဖွဲ့ထောင်တာကိုတော့ မသိဘူး။ သူတို့ မိသားစုတွေလည်း မသိဘူးအဲ့တာ။"

မြေမြုပ်မှိုင်း ပေါက်ကွဲထိမှန်လို့ ဒဏ်ရာရှိသူကတော့ ချောင်းတူရွာသား မောင်ကျော်နိုင်စိုး အသက် ၂၃ နှစ်ဖြစ်ပြီး လက်ရှိဆေးရုံမှာ ဆေးကုသမှု ခံယူုနေရတာပါ။

ဒီမြေမြှုပ်မိုင်း ပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်တော်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ စခန်းမှူးစိုးလွင်က အခုလို ပြောပါတယ်။

“ဟုတ်တာတော့ ဟုတ်တယ်။ ကျနော်တို့ကတော့ အဲဒီဖြစ်စဉ်ကတော့ လူနာကျောက်တော်ဆေးရုံ ရောက်တာလောက်ပဲသိတာ။ သူတို့ကနေပြီးတော့မှ ဖြူစင်မေတ္တာနာရေးကားနဲ့ ရောက်လာလို့ ကျနော်တို့က သွားကြည့်တာပဲ ရှိတယ်။ ကျန်တဲ့ဇာတ်လမ်းကျတော့ ကျနော်တို့ မသိဘူး။”

မိုင်းပေါက်ကွဲတဲ့ နေရာဟာမြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားနေတဲ့နေရာဖြစ်ပြီး ဘယ်အဖွဲ့ထောင်ထားတဲ့ မိုင်းဆိုတာ အတည်မပြုနိုင်ဘူးလို့ ချောင်းတူကျေးရွာသားတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ မေလ (၂၁) ရက်ကလည်း တောင်မင်းကုလားကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာက ရွာသား (၂) ဦး မြေမြှုပ်မိုင်း ပေါက်ကွဲထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသလို နှစ်ဘက် ထိခိုက်သေကြေမှုတွေအပြင် အရပ်သား ထိခိုက် သေကြေမှုတွေလည်း တိုးလာနေတာပါ။

မနေ့က ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းရှေ့ဘက်ဒေသမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ တပ်မတော်ဘက်က (၂၀) ဦးခန့် ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ AA ဘက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲမှာ ၂ ဘက်ထိခိုက်မှု ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ဟို ဖုံညိုလိတ်အကြားမှာ ဖြစ်ပါတယ်။ ဖုံညိုလိတ်နဲ့တော့ နည်းနည်းတော့ ဝေးသေးတာပေါ့။ အဲဒီဘက်မှာတိုက်ပွဲ ဖြစ်ပွားတာတော့ ရှိပါတယ်။ အခြေအနေကတော့ ၂ဘက်ထိခိုက်ကျဆုံးမှုတော့ ရှိတယ်။ ကျနော်တို့ဘက်က အလောင်းရတာလည်းရှိတယ်။ ဟိုဘက်က ထိခိုက်ကျဆုံးမှုလည်း ရှိတယ်။”

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းရှေ့ဘက်ဒေသမှာ တပ်မတော်နဲ့ AA အဖွဲ့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာကြောင့် ပြင်ချောင်း စတဲ့ ရွာသား (၅၀၀) ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေရဆဲလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“ကျနော်တို့ ဒီပြင်ချောင်းပါမယ်။ မင်းလှကိုင်း ပါမယ်။ နောက်ပြီးတော့ မြို့မချောင်းပေါ့။ အဲ့ဒီ စိုင်းဒင်ချောင်းမှာရှိတဲ့ ရွာတွေပါ။ သူတို့က ကြာညိုပြင်ဆိုတဲ့ ရွာကို ထွက်ပြေးနေကြတာကြာပြီ။ အရင်ကတည်းက တခေါက်ဖြစ်တယ်။ အဲဒီကတည်းက ထွက်ပြေးနေကြတယ်။ ခန့်မှန်းခြေ (၅၀၀) နီးပါးလောက်ရှိမယ် ထင်တယ်။ နီးစပ်တဲ့ ရွာတွေကိုလည်း ထွက်ပြေးကြတယ်။”

တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်လို့ ရခိုင့်တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီရက်ပိုင်းမေလ (၂၂) ရက်နေ့မှာလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီရွာအကြားမှာ ၂ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့တိုက်ပွဲကြောင့် ရွာသား (၃၀၀) ကျော် ပုဇွန်ဖေကျေးရွာဘက်ကို စစ်ဘေး တိမ်းရှောင်နေရပါတယ်။

ဒီနှစ်ဆန်းကစလို့ မေလအထိ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ် (၃၀၀) လောက်ရှိခဲ့ပြီးလို့ AA ဘက်က ပြောပါတယ်။

ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ များပြားလာနေသလို တိုက်ပွဲဖြစ်ပွားရာဒေသက ရွာသား (၄၀၀၀၀) ကျော်လည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။

လက်ရှိမိုးရာသီရောက်တော့မှာမို့ ယာယီအမိုးအကာတဲနဲ့သာ နေထိုင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ ရာသီဥတုဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတယ်လို့လည်း စစ်ရှောင်အကူညီပေးရေးကော်မတီတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG