သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရပ်စဲဖို့ ရခိုင်လူထုဆန္ဒပြ


rakhine refugee ( Rakhine Ethnics Congress )
rakhine refugee ( Rakhine Ethnics Congress )

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ရပ်စဲဖို့စစ်တွေမြို့အပါဝင်(၄)မြို့နယ်မှာ သံဃာတော်တွေနဲ့ ရခိုင် အမျိုးသားတွေပါဝင်တဲ့ လူထုဆန္ဒဖေါ်ထုတ်ပွဲတရပ်ကို စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဆန္ဒဖေါ် ထုတ်ခဲ့ပါတယ်။ရခိုင်ဒေသမှာ စစ်ဖြစ်ပွါးနေမှုကို ရပ်စဲပေးဖို့နဲ့ စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအဓိက ရည်ရွယ် တောင်းဆိုခဲ့တယ်လို့ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူတွေကပြောပါတယ်။ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့စစ်တွေမြို့မှာ လူထုဆန္ဒဖေါ်ထုတ်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုတော့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်ဌေးကဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျွန်တော်တို့ဒီရခိုင်ဒေသမှာ အပစ်ခတ်ရပ်စဲမှု မလုပ်ဘဲနဲ့ စစ်တိုက်တာတွေဆက်တိုက်လုပ်နေလို့ ကျွန်တော်တို့ ပြည် သူတွေကဘဲ တော်တော့ကိုနစ်နာမှုကြုံနေကြတယ်။ နောက်တခါ အပြစ်မဲ့ပြည်သူတွေ အခုအခါ(၄၀၀၀၀)ပပတ်ဝန်းကျင် ဖြစ်သွားပြီး။ သူတို့တော်တော်ကို ဒုက္ခရောက်နေကြတယ်။ အခုက မိုးရာသီကာလကလဲ ကျလာပြီး။ ဆိုတော့ ကျွန်တော်တို့ရဲ့ တောသူတောင်သားတွေက သူတို့ရဲ့နေရပ်ဒေသကို ပြန်ရောက်ပြီးတော့ ကျွန်တော်တို့ လိုလားချက်တွေ တောင်းဆိုတာက အဓိကရည်ရွယ်ချက်ပါဘဲ။”

ဒီဆန္ဒဖေါ်ထုတ်ပွဲကျင်းပဖို့ သက်ဆိုင်ရာမြို့နယ် အာဏာတွေဆီ ခွင့်ပြုချက် တောင်းခံတင်ပြထားတာ ဖြစ်ပြီး အဖွဲ့တောင်း ဆိုချက်(၉)ချက်ထဲက(၃)ချက်ကို လက်မခံပယ်ချ ခဲ့တယ်လို့ ဦးဌေးအောင်ကဆက်ပြောပါတယ်။

“သူတို့လက်မခံနိုင်တဲ့(၃)ချက်ကတော့ ကျွန်တော်တို့ကြွေးကြော်သံထဲမှာပါတဲ့ အပြစ်မဲ့ပြည်သူများ မတရားနှိပ်စက် သတ် ဖြတ်ခြင်းချက်ချင်းရပ် ဆိုတဲ့တချက်ရယ်။ အပြစ်မဲ့ မတရားဖမ်းဆီးသူများ ချက်ချင်းလွှတ် ဆိုတဲ့တချက်ရယ် ၊ နောက် အပြစ်မဲ့ မတရား ပစ်ခတ်သတ်ဖြတ်သူ ဥပဒေအရ အရေးယူ အချက်(၃)ချက်ကိုတော့ သူတို့ကလက်မခံနိုင်ဘူးဆိုတဲ့အတွက် ကြောင့်ကျွန်တော်တို့က အဲတာကို ဖယ်ရှားပေးခဲ့ ရတယ်ပေါ့နော်။”

ဒီဆန္ဒဖေါ်ထုတ်ပွဲကို မွန်းလွှဲတနာရီကနေ(၃)နာရီအထိ စစ်တွေမြို့ ဝင်္ကဘာကွင်းမှာကျင်းပခဲ့ပြီး စစ်တွေနဲ့ ရသေ့တောင် မြို့နယ်က သံဃာတော်တွေ နဲ့ဒေသခံ(၃၀၀၀)ဝန်းကျင်တက်ရောက်ခဲ့သလို အာဏာပိုင်တွေကနေ နှောက်ယှက်ဟန့် တားတာမရှိဘူးလို့သူက ပြောပါတယ်။

အခမ်းအနားမှာ ပိုစတာဆိုင်းပုဒ်ကိုင်ဆောင်တာ ကြွေးကြော်သံတွေမပြုလုပ်ခဲ့သလို သာသနာ့အလံနဲ့ ရခိုင်အမျိုးသား အလံကိုသာ ကိုင်ဆောင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ ထိခိုက်နစ်နာနေမှုနဲ့ ပက်သက်ပြီး မေလ (၆)ရက်နေ့က သံဃာတော်တွေနဲ့ရခိုင်ဒေသခံပြည်သူတွေကနေ အစည်းဝေးတရပ် ကျင်းပခဲ့ပြီးတော့ စစ်တိုင်း ၅ ခုမှာ အပစ်အခတ်ရပ်စဲထားသလို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာလည်း ရပ်စဲဖို့၊ နောက် ရခိုင်တပ်ဖွဲ့AAနဲ့ တပ်မတော် တို့အကြားစစ်ရေးအရ မဖြေရှင်းဘဲ စားပွဲဝိုင်းပေါ်ဆွေးနွေးအဖြေ ရှာကြဖို့၊ ပြည်တွင်း ပြည်ပမှ အလှူရှင်တွေကို လွတ် လပ်စွာသွားလာ ဆောင်ရွက်ခွင့်ပြုပေးဖို့၊ မြန်မာ့တပ်မတော်ကနေ ပစ်ခတ်လို့ သေဆုံးဒဏ်ရာရတဲ့ ဖြစ်ရပ်တွေ နောက် ထပ် မဖြစ်စေရေးအတွက် တည်ဆဲဥပဒေနဲ့အညီ နိုင်ငံတော်အစိုးရမှ အထူးကြီးကြပ် ဆောင်ရွက်ပေးဖို့ အချက်(၄) ချက်ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ် တော် ဥက္ကဋ္ဌတို့ထံ ပေးပို့တောင်းဆိုခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် အကြီးအကဲတွေက အကြောင်းပြန်ပေးဖို့ကိုလဲ မေတ္တာရပ်ခံထားပေမယ့် ကြောင်းပြန်တာမရှိတာကြောင့် အခုလိုဆန္ဒထုတ်ဖော်ပွဲ ကျင်းပရတယ်လို့ကော်မီတီဝင်တွေကပြောပါတယ်။

အဲဒီ ဆန္ဒပြလှုပ်ရှားမှုကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့ မြို့နယ် ၄ ခုမှာ ဒီကနေ့ တပြိုင်တည်း ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။

အခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ဆန္ဒဖေါ်ထုတ်ပွဲကျင်းပတဲ့အပေါ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူးဦးထွန်း အောင်ကျော်ကအခုလိုပြောပါတယ်။

“ကျွန်တော်တို့ကတော့လွတ်လပ်စွာ ဒီပြည်သူလူထုရဲ့ဆန္ဒထုတ်ဖေါ်တာကို ကျွန်တော်တို့ကတော့ ဒါ ဥပဒေနဲ့ အညီ တောင်းဆိုတာကိုကျွန်တော်တို့ထောက်ခံပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ ဒီကိစ္စမှာ ပါဝင်မှာတော့ မဟုတ်ပါဘူး ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်ဖွဲ့နဲ့ ရခိုင်တပ်ဖွဲ့AAတို့အကြားဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေများပြားလာနေသလို AAအဖွဲ့နဲ့ ပက်သက်သူဆိုပြီးအဖမ်းဆီးခံရသူတွေများပြားလာနေပါတယ်။

အထူးသဖြင့်မြန်မာစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တာကြောင့် ဒီဖြစ်စဉ်တွေကို စိစစ် အရေးယူပေးဖို့ ဒေသခံတွေကတောင်းဆိုခဲ့ကြတာပါ။ တပ်မတော်ဖက်ကတော့ AAအဖွဲ့အနေနဲ့ အရပ်သားတွေထဲရောပြီး သူတို့ကို တိုက်ခိုက်နေတာလို့ မြန်မာစစ်တပ်ဖက်က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်တပ်တော် ( AA ) တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် အရပ်သား(၃၀)ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၇၀)၊ စစ်ဘေးရှောင့်ဒုက္ခသည် ၃၈၀၀၀ ကျော် ရှိနေတယ်လို့လဲ ရခိုင်အရေးကူညီ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေကနေ စာရင်းပြုစုထားပါတယ်။

စစ်ရပ်စဲဖို့ ရခိုင်လူထုဆန္ဒပြ
please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG