သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို တပ်ကဖမ်းဆီး


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်း ရောက်ရှိလာတဲ့ အစိုးရတပ်ဖွဲ့ဝင်များ။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်း ရောက်ရှိလာတဲ့ အစိုးရတပ်ဖွဲ့ဝင်များ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အတွက် ရိက္ခာစုဆောင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ရပ်ရွာအုပ်ချုပ်ရေးမှူး တဦးကို မြန်မာစစ်တပ်က ဖမ်းဆီး ခဲ့ပြီး အဲဒီ ကျေးရွာတွင်းကိုလည်း တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း အဲဒီကျေးရွာအနီးအနားမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် စစ်တပ်က ရွာကိုဝင်ပြီး သံသယနဲ့ စစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာအတွင်းကို မနေ့ညနေပိုင်းမှာ အစိုးရ တပ်မတော်စစ်ကြောင်း တကြောင်း ဝင်ရောက် လာပြီး AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ဆက်စပ်တဲ့မသင်္ကာတဲ့သူတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒီစစ်ဆေးမှုအတွင်း ရွှေပြည်ကျေးရွာရာအိမ်မှူးဦးသိန်းစိုးအောင်ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကျောက်တော် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောပါတယ်။

“တပ်ဘက်ကနေပြီးမှရွှေပြည်ရွာကိုဝင်လာတယ်။ အိမ်တချို့ကိုသူတို့မသကာၤလို့ မှတ်ပုံ တင်တွေ အိမ်ထောင်စုစာရင်းတွေ စစ်တာတွေ လုပ်တယ်။ ပြီးတော့အုပ်ချုပ်ရေးမှူး အိမ်ကိုလည်း ရှာဖွေပြီးတော့မှ အုပ်ချုပ်ရေးမှူးအိမ်က ဈေးရောင်းရွာဆိုင်လေးပေါ့။ အဲဒီ ဆိုင်မှာ ရောင်းတဲ့ ခေါက်ဆွဲခြောက်ထုတ်လေးတွေယူသွားတယ်။ ထမင်းခြောက် ထုတ် လေးတွေလည်း တွေ့တယ်လို့ ပြောတယ်။ ဆိုတော့ အဲတာလေးတွေနဲ့အတူ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတယ်ပေါ့ဗျာ။”

မြန်မာစစ်ကြောင်းကနေ ဦးသိန်းစိုးအောင်ရဲ့ဆိုင်ကိုစစ်ဆေးရာမှာ မိုးတွင်းကာလ အတွက် ရောင်းဖို့ ဝယ်ယူလှောင်ထားတဲ့ ဆန်ခေါက်ဆွဲခြောက် ဓါတ်ဆားမှုန့်နဲ့အတူ ထမင်းခြောက်ကိုတွေ့ရှိလို့ AA တပ်ဖွ့ဲအတွက် ရိက္ခာစုဆောင်းတယ်လို့ မသင်္ကာပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရာအိမ်မှူးဦးသိန်းစိုးအောင်ဈေးဆိုင်ကနေ သိမ်းယူသွာတဲ့ ပစ္စည်းတွေကတော့ ရေသန့်ဗူး (၇၂) ဗူး၊ မာမီခေါက်ဆွဲခြောက် (၈) ဖါ၊ ဓါတ်ဆား (၄) ဖါ၊ ငရုပ်သီးခြောက် (၄) ပိဿာ၊ ငပိ (၅) ပိဿာ၊ ဆား (၁) အိတ်၊ ဟင်းချိုမှုန့် (၅) ပိဿာ နဲ့ ထမင်းခြောက် (၁) အိတ် ပါဝင်ပါတယ်။

ဦးသိန်းစိုးအောင်ရဲ့မိသားစုဝင်တဦးကတော့ မြန်မာစစ်ကြောင်းကနေ ရွာရာအိမ်မှူးကို ဒီကနေ့မှာ ချင်းပြည်နယ် ပလက်ဝဖက်ကို ခေါ်ဆောင်သွားကြောင်း ပြောပါတယ်။

“သူ့ကို အဲဒီပစ္စည်းနဲ့အတူတူ လမ်းပေါ်မှာ ဓါတ်ပုံရိုက်တယ်။ ပစ္စည်းဖမ်းရတယ်ဆိုပြီး သူတို့ခေါ်သွားတယ်။ မနေ့က ထမင်းမကျွေးဘဲနဲ့ ညနေပိုင်း (၅) နာရီခွဲပိုင်းခေါ်သွားတာ။ အခုခေါ်သွားတာက ပလက်ဝဘက်ကို။”

ဒီရက်ပိုင်းတွေမှာ ကျောက်တော်မြို့နယ် တင်းမရွာနဲ့မျောက်တောင်ဘက်တွေမှာ အစိုးရ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွ့ဲတို့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွါးနေ တာပါ။

ရွှေပြည်ကျေးရွာဟာ မျောက်တောင်ရွာနဲ့ (၃) မိုင်အကွာမှာရှိနေတဲ့အတွက် AA ရခိုင့် တပ်ဖွ့ဲတွေ ခိုအောင်းနိုင်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာတပ်ကနေလာရောက် စစ်ဆေးတာ ဖြစ်နိုင်တယ်လို့ ဦးမောင်သန်းစိန်ကပြောပါတယ်။

“တိုက်ပွဲနဲ့အနီးဆုံးဖြစ်တဲ့ရွာတွေကို သူတို့သံသယဖြစ်တာပေါ့။ ဖြစ်ပြီးတော့မှ ဝင်တွေ့ပြီး တော့ စစ်တာဆေးတာတွေလုပ်တဲ့ အခြေအနေလေးတွေ။ ဒီအနေအထားပဲဖြစ်မှာပါ။”

ဒီနှစ်ဆန်းမှာပဲ ရခိုင်မြောက်ပိုင်းဒေသတွေမှာ အစိုးရစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် အနီးအနားရှိတဲ့ ကျေးရွာတွေကို တပ်က ဝင်ရောက် ရှာဖွေတာတွေရှိသလို ကျေးရွာတွင်း ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ AA လက်နက်ကိုင်တွေဟာ အရပ်သားတွေထဲရောပြီး သူတို့ကို တိုက်ခိုက်နေတာလို့ မြန်မာ စစ်တပ်ဘက်က စွပ်စွဲပါတယ်။

အခုလို ရွှေပြည်ရွာသားတွေကိုစစ်ဆေးနေမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ခေါ်ဆောင် သွားတဲ့ အပေါ် တပ်မတော်သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုမေးမြန်းခဲ့ရာမှာ သူ့အနေနဲ့မသိရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ AA နဲ့အစိုးရတပ်ရဲ့ စစ်ရေးပဋိပက္ခတွေအကြား နှစ်ဖက် ဖိအားတွေကြောင့် လုံခြုံမှုမရှိဘူးဆိုပြီး ဒေသအုပ်ချုပ်ရေးမှုးတွေ အလုံးအရင်း နုတ်ထွက် တာတွေ ပြီးခဲ့တဲ့လတွေက ဖြစ်ခဲ့ပါတယ်။

မနေ့ကမေလ (၁၅) ရက်နေ့မှာတော့ ကျောက်တော်မြို့နယ် တင်းမရွာအရှေ့ဘက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခ ကပြောပါတယ်။

“ကျောက်တော်ဘက်မှာ နည်းနည်းပါးပါးဖြစ်တာတွေရှိတယ်။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတာတွေရှိတယ်။ ပုဏ္ဏားကျွန်း မြို့နယ်ထဲက အဲဒီလောင်းပုတ်ရွာရဲ့ အနောက်ဖက်တောင်တန်းတွေမှာဖြစ်တယ်။

ဒီမေလအတွင်းမှာ အစိုးရစစ်တပ်နဲ့ AA အဖွ့ဲတို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါး လာနေသလို တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေကလည်း စစ်ဘေးတိမ်းရှောင် နေရမှု ပိုမိုများပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG