သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးဒေသ တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇)
ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသလို ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ နှစ်ဘက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမနက်မှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ မြန်မာစစ်ကြောင်းကို AA ဘက်ကနေ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ စက်လှေသမားတဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ AA အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ တပ်မတော် စစ်ကြောင်းတခုကို ရခိုင့်တပ်ဖွဲ့ AA ဘက်က ဒီကနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဝေသာလီကျေးရွာသား တဦးက ပြောပါတယ်။

“ဝေသာလီဝင်ပေါက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ ဝေသာလီ ဘုရားကြီးအပေါက်မှာ မိုင်းခွဲတိုက်ခိုက်တာလို့ သိတယ်။ တပ်မတော်ဘက်က သွားတဲ့ဟာကို သူတို့က မိုင်းခွဲတိုက်ခိုက်တာလို့ ထင်တယ်။ ဝေသာလီနဲ့အနီး ကပ်လျက်ပဲ။ (၁၀)နာရီ ကျော်က တကြိမ်ဖြစ်ပြီးတော့ အခုတခါ သေနတ်သံတွေ ပြန်ထွက်လာတယ်။ အခုလမ်းတွေ ပိတ်ထားတယ်။ ရန်ကုန်စစ်တွေ ကားလမ်းကို ပိတ်ထားတယ်လေ။”

ဒီမနက်မှာ ပေါက်တောပြင်နဲ့ ဝေသာလီဘက်ကို တပ်မတော် စစ်ကြောင်းအင်အား (၁၀၀) ခန့် ရောက်ရှိလာချိန်မှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ အဆိုပါရွာသားက ပြောပါတယ်။

လက်ရှိ ဝေသာလီရွာသားတွေဟာ ရွာကိုစွန့်ခွါပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ မနေ့က မြောက်ဦးမြို့နယ် အုတ်ဖိုကန်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင် AA အဖွဲ့တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့လို့ မြန်မာစစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ တပ်မတော်သတင်းထုတ် ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီမနက်သတင်းတော့ ကျနော်လည်း အတိအကျ မသိသေးဘူးဗျ။ မြောက်ဦးမှာက မနေ့ကတော့ မနက်ပိုင်းမှာ ဖြစ်ခဲ့တာ ရှိတယ်ဗျ။ မြောက်ဦးရဲ့ မြောက်ပိုင်းမှာ ဖြစ်တယ်ဗျ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ အနည်းငယ် ရှိတယ်။ မြောက်ဦး မြောက်ဘက် (၆) မိုင်၊ (၇) မိုင်လောက်ရှိတယ်။”

အင်္ဂါနေ့မနက်က အုတ်ဖိုကန် တိုက်ပွဲအခြေအနေကိုတော့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက အခုလိုပြောပါတယ်။

“(၂၁) ရက်နေ့မနက်ပေါ့။ (၄) နာရီ မနက်အချိန် ရခိုင်တပ်တော်ကနေပြီးတော့ ဒီ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ မြောက်ဦးမြို့နယ် အုတ်ဖိုကန်နားမှာ တိုက်ပွဲဖြစ်ပွါးတာ ရှိတယ်။ အဲဒီတိုက်ပွဲမှာလည်းပဲ ဗမာစစ်တပ်ဘက်က အကျဆုံး တွေရှိတယ်။”

အုတ်ဖိုကန်တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ဗိုလ်ကြီးအဆင့်တဦး အပါအဝင်အနည်းဆုံး (၆) ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

မေလ (၂၀) ရက်နေ့မှာလည်း ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

“သပြုချောင်းရွာရဲ့ အနောက်ဘက် (၇) ကီလိုမီတာခန့်အကွာမှာ အင်အား (၃၀၀) ပါတဲ့ဗမာစစ်ကြောင်းကို ရခိုင့်တပ်မတော် ကွန်မန်ဒို တပ်ဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်ခဲ့တာ ရှိတယ်။ အချိန်တိုအတွင်း ဖြတ်တောက်တိုက်ခိုက်မှုမှာ ဗမာစစ် တပ်ဘက်ကနေပြီးတော့ (၁၀) ဦးအထက် ကျဆုံးပြီးတော့ ဒဏ်ရာရတာ အများအပြား ရှိတယ်။”

ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ AA ဘက်က ပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မနေ့ကလည်း စစ်ရေးတင်းမာနေတဲ့ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာက စက်လှေမောင်းသမားတဦး သေဆုံး ခဲ့သလို ဒီသေဆုံးမှုမှာ အရပ်ဝတ်နဲ့ ရခိုင် AA တပ်ဖွဲ့ကနေ သတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်ဘက်က ဒီကနေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကို တပ်မတော်သတင်း ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“ကြာညိုပြင်က အများအားဖြင့်တော့ ဟိုဘက် AA အဖွဲ့တွေရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဦးစိုးဝင်းနိုင်ဆိုတာ အဲဒီရွာသား ပါပဲဗျ။ အဲဒီမှာတော့ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ ရခိုင် (၄) ယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်လို့တော့ ပြောတယ်။ စက် လှေနဲ့ ဘူးသီးတောင်လိုက်ပို့ဖို့ ပြောတယ်။ လမ်းမှောင်တဲ့အတွက် လိုက်မပို့နိုင်ဘူး ဘာညာနဲ့ပြော စကားများ ရန်ဖြစ်ခဲ့ကြတယ်။ သေနတ်နဲ့ပစ်တယ်၊ ဒါးနဲ့ထိုးကြတယ်လို့ ပြောတယ်။ အဲတာတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်ပေါ့။”

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ကြာညိုပြင်ရွာသားကို AA အဖွဲ့ကနေ သတ်ဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ပြောပါတယ်။

“အဲ့တာကတော့ ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူး။ ဒါဗမာစစ်တပ်ကနေပြီးတော့ အဲဒီသူကို စက်လှေနဲ့ လိုက်ပေးပို့ခိုင်းတာပေါ့နော်။ ပေါ်တာ ဆွဲတာပေါ့။ ဒါပေမဲ့ ဟိုလူက အဲတာမပို့ဘူး။ မပို့တဲ့အခါကျတော့ သူတို့က အဲ့တာ မပို့ရ ကောင်းလားဆိုပြီးတော့ အဲဒီလူကို အငြိုးအတေးနဲ့နေပြီးတော့ ပစ်သတ်တာပေါ့။ ပြီးတော့မှ မြန်မာစစ်တပ်က statement (ထုတ်ပြန်ချက်) အမြန်ထုတ်တာပေါ့နော်။"

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား မေလအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာနေသလို တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း များပြားလာနေပါတယ်။

မေလ (၁၉) ရက်နေ့မှာ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာနဲ့ မာလာကျေးရွာကြား ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ ကျောင်းနေအရွယ် ကလေးငယ်တဦး သေဆုံးပြီး (၁၀) နှစ်အောက် ကလေးတွေနဲ့ ရွာသား (၄) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

တပ်မတော်နှင့် ရခိုင်တပ်တော် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် အရပ်သား (၃၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ (၇၀)၊ စစ်ဘေးရှောင်ဒုက္ခသည် ၄၀,၀၀၀ ကျော် ရှိနေတယ်လို့ ရခိုင်အရေးကူညီ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။

မြောက်ဦးဒေသ တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:04:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG