သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မင်းပြားတိုက်ပွဲ လက်နက်ကြီးကြောင့် ရွာသား ၅ ဦးသေဆုံး


ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်း စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မိသားတစု (ဖေဖော်ဝါရီ၊ ၀၇၊ ၂၀၁၉)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တိုက်ပွဲဖြစ်တာမှာ ရွာထဲကို လက်နက်ကြီးကျတာကြောင့် ရွာသား ငါး ဦး သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ နှစ်ဘက်ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေချိန်မှာပဲ အခုလို အရပ်သားတွေ သေဆုံး ဒဏ်ရာ ရကြတာပါ။ မနေ့က တိုက်ပွဲအတွင်းမှာလည်း နှစ်ဘက် ထိခိုက် ကျဆုံးတာတွေရှိတယ်လို့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အတည်ပြု ပြောဆိုပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ မင်းပြားမြို့နယ်အတွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ စပါးထားကျေးရွာ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့လို့ စစ်ရှောင်ရွာသား ငါး ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အကူညီပေးဆောင်နေတဲ့ မင်းပြာမြို့ကျန်းရိပ် ကရုဏာ ဖေါင်ဒေးရှင်းတာဝန်ခံ ဦးသိန်းထွန်းက ပြောပါတယ်။

“ရွာသားတဦးကတော့ အစိုးရတပ်ကနေပြီးတော့ မြောင်းဘွေဘက်ပိုင်းကနေ လက်နက်ကြီးနဲ့ လှမ်းကြိုပစ်တာမှာ စပါးထားရွာက ဘုန်းကြီးကျောင်းမှာ ကျကျတယ် ပြောတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတော့ ဘုန်းကြီးကျောင်းမှာစုနေတဲ့ နေရာမှာ အဲဒီလက်နက်ကြီး ကျည်ကလာပြီးတော့ အနားကပေါက်ကွဲတာ ကျကျပြီးတော့လေ။ အဲဒီမှာ ငါးဦး သေတယ်နော်။ ယောကျာ်း သုံး ယောက်၊ မိန်းမ နှစ် ယောက်။ ပထမရောက်တဲ့ အလောင်းကဆေးရုံမှာ။ အခုထပ်ပြီးတော့ ခုနကပဲ ရောက်တယ် လေးလောင်း။ အခုကျနော် အဲဒီမှာ ရှိနေတယ်။ ဒဏ်ရာရသူ ရှစ် ဦးလေ။ လူ ခုနစ် ဦးရယ်၊ ကိုရင်လေး တပါး ရယ်။”

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို မင်းပြားဆေးရုံမှာ ထားရှိတယ်လို့ ဦးသိန်းထွန်းက ဆိုပါတယ်။

မနေ့ကနေ ဒီမနက်အထိ မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ စပါးထားရွာဘက်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှုတွေ ရှိနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာတော့ မြောက်ဦးတောင်ခြမ်းထဲမှာ ဖြစ်ခဲ့တာရှိတယ်။ ကျနော်တို့ ရွှေတမာရွာနဲ့ စပါးထားရွာရဲ့ကြားထဲမှာ ဖြစ်ခဲ့တာရှိတယ်။ ရွာတွေနဲ့တော့ အလှမ်းဝေးပါတယ်။ အဲဒီမှာတော့ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုအရေအတွက်တော့ ကျနော်လည်း မသိရဘူး။ ဒီနေ့အထိတော့ ရွှေတမာနဲ့ စပါးထားကြားထဲမှာတော့ ထိတွေ့မှုတွေ ဆက်ဖြစ်နေတုန်းပဲလို့ သိရတယ်။”

မနေ့ညပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ် ရွှေတမာကျေးရွာနဲ့ အောင်တိုင်ရွာအကြား တိုက်ပွဲအတွင်း နှစ်ဘက်တပ်တွေရဲ့ ထိခိုက် ကျဆုံးမှုအပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောတာကတော့ -

“ဇွန်လ ၂ ရက်နေ့မှာ မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ အောင်တိုင်ရွာအကြားမှာ ဗမာ့တပ်မတော်ရဲ့ တပ်မ ၉၉ ကွပ်ကဲမှု အောက်က ယင်းတော်အခြေစိုက် ခမရ ၄၁၇ နဲ့ ရခိုင့်တပ်တော်ကွန်မန်ဒိုစစ်ကြောင်းတို့ နေ့လယ် ၂ နာရီကနေ ည ၉ နာရီ နီးပါးထိအောင် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ဆုတ်ခွါထွက်ပြေးတဲ့ ရန်သူခမရ ၄၁၇ စစ်ကြောင်းကို လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာမှာ MG-42 တလက်အပါအဝင် လက်နက်ငယ် ဆယ် လက်၊ ရန်သူအလောင်း တဆယ် ကျော်၊ ရန်သူ့စစ် အသုံးဆောင်ပစ္စည်းတချို့ကိုလည်း ကျနော်တို့ သိမ်းဆည်းရမိခဲ့တာ ရှိတယ်။ ခမရ ၄၁၇ ဘက်ကတော့ ထိခိုက်ကျဆုံးမှုကတော့ ၄ဝ ကျော် ရှိတယ်ဗျ။ ရခိုင့်တပ်တော်ဘက်ကလည်းပဲ စစ်သည် သုံး ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တယ်။ နောက် ၄ ဦးလည်းဒဏ်ရာရခဲ့တာရှိတယ်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း တပ်မတော်ဘက်ကနေ မြောက်ဦးဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း AA ဘက် ကပြောပါတယ်။

မနေ့ညနေပိုင်းမှာလည်း စစ်ကူပေးဖို့လာတဲ့ မြန်မာစစ်ယာဉ်တန်းကို မြောက်ဦးမြို့နယ် ရှောက်ပုံကျွန်းနဲ့ ပေါင်းတုတ်ရွာ" ကားလမ်းမထက်မှာ AA ဘက်က ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“မြောက်ဦးဘက်ကနေ စစ်ကူလာတဲ့ ကားတန်းကို ရှောက်ပုံကျွန်းနဲ့ ပေါင်းတုတ်ရွာ ကားလမ်းမထက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ စစ်ကားတန်းထဲကနေပြီးတော့ နှစ် စီးကို လုံးဝ ရှေ့ဆက်မသွားနိုင်အောင် နေပြီးတော့ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။

မနေ့ကဖြစ်တဲ့ တိုက်ပွဲအတွင်း လေးမြို့မြစ်တဘက်ကမ်းမှာရှိတဲ့ မြောက်ဦးမြိ့နယ်၊ မြောင်းဘွေကျေးရွာနေ အမျိုးသမီး တဦးဟာလည်း လက်နက်ကြီး ထိမှန်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ မြောင်းဘွေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွေက ပြောပါတယ်။

“စစ်တွေကို ယူသွားတယ်။ ဒဏ်ရာ အခြေအနေက ကျည်ဆံကျောအတွင်း အရိုးကြားမှာ ဝင်သွားတာ ဖြစ်တယ်။ မြောင်းဘွေဆေးရုံမှာလည်း ကျည်ဆံတွေလည်း ကျတယ်။”

မြောက်ဦးဘက်ကနေ ပစ်ခတ်လာတဲ့ လက်နက်ကျည်တွေဟာ မြောင်းဘွေဆေးရုံဝင်းအတွင်းရှိ လူနာဆောင်နဲ့ ဝန်ထမ်း နေအိမ်အဆောင်ဘက်ကိုလည်း ကျရောက်ခဲ့တယ်လို့ သူကဆိုပါတယ်။

မနေ့ကတိုက်ပွဲစဉ်အတွင်း ရွာသား ငါး ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် ဆရာဝန်ဒေါက်တာ ခင်မောင်ရင်က ပြောပါတယ်။

“မနေ့ကဖြစ်တဲ့ဟာတော့ မြောင်းဘွေဆေးရုံကို ရောက်တယ်။ မြောင်းဘွေတိုက်နယ် ဆေးရုံကို။ အားလုံး ငါး ယောက်ပါ။ တယောက်က ကျနော်တို့ မြောက်ဦးဆေးရုံကို ရောက်တယ်။ မြောက်ဦးဆေးရုံကလည်း ဒီမနက် ကျနော်တို့ စစ်တွေကို ဆက်လွှဲလိုက်တယ်။”

တိုက်ပွဲဖြစ်ပွါးရာအနီးက ရွှေတမာရွာသား ၅ဝဝ ကျော်ဟာ ရွာဘုန်းကြီးကျောင်းထဲမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရွှေတမာရွာသားတဦးက ပြောပါတယ်။

“အိမ်ကတော့ ၁၇ဝ နီးနီး။ လူကတော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ပြေးတယ် ။ ၅ဝဝ ကျော် ၆ဝဝ လောက်ရှိမယ်။ စားသောက်မှုကျတော့ မုန့်သည်တွေက ရောင်းတယ်။”

ဒီမနက်မှာလည်း နှစ်ဘက် ပစ်ခတ်နေမှုကြောင့် စပါးထားကျေးရွာနဲ့ ဘိတ်တောင်ကျေးရွာက ရွာသား ၂ဝဝ ခန့် မြစ်တဘက်ကမ်းရှိ သံရှင်သစ်ကျေးရွာဘက်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်အတွင်း AA လှုပ်ရှားတည်ရှိနေမှုကို လက်မခံဘူးလို့ ပြောထားပြီး AA ဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း အခြေချရေးဟာ ရည်မှန်းချက်တခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလို လုံးဝကွဲပြားတဲ့ သဘောထား ရပ်တည်ချက်တွေကြောင့် ပဋိပက္ခဖြေရှင်းရေးအတွက် နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက် သေဆုံးတာတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG