သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး တာဝန်ယူဖြေရှင်းပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ANP တောင်းဆို


ရခိုင်စစ်ရှောင်ပြည်သူများ (Rakhine Ethnics Congress )
ရခိုင်စစ်ရှောင်ပြည်သူများ (Rakhine Ethnics Congress )

တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်စဉ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တာဝန်ယူ စုံစမ်းဖြေရှင်းပေးဖို့ ရခိုင်စစ်ရေးဖြစ်စဉ်တွေကို ကွင်းဆင်းလေ့လာခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့ ခြောက်မြို့နယ်ထဲက ဒေသတွင်း အရပ်သား ထိခိုက်သေဆုံးမှု၊ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းတွေ့ရှိသမျှ အစီရင်ခံစာတစောင် ထုတ်ပြန်အပြီး ANP စုံစမ်းရေးကော်မရှင်က တောင်းဆိုလိုက်တာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာပါ။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်ထဲကလူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရပ်သား ထိခိုက် သေဆုံးမှု ဖမ်းဆီးတရားစွဲဆိုခံရမှု အထူးသဖြင့် မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုတွေကို ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ်စဉ်တွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေပါပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ စုံစမ်းရေးကော်မရှင်က ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုများ ဆိုတဲ့ခေါင်းစဉ်နဲ့ စုံစမ်း လေ့လာချက်တွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အထိ မေလ ၃၁ ရက်နေ့က ပေးပို့တောင်းဆိုခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေဘက် အလေးအနက်ထား ဖြေရှင်းပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဧပြီလ ၃၀ ရက်နေ့အထိအတွက် အပိုင်း ၁ ဆိုပြီးတော့ ကျမတို့ စုံစမ်းစစ်ဆေးချက်ကို သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရော လူ့အခွင့်အရေးကော်မရှင်ရော လူ့အခွင့်အရေးကော်မရှင် ကိုပေးပြီးပါပြီ။ အဓိကတော့ နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေ၊ ထိခိုက်ဒဏ်ရာ ရကြတဲ့သူတွေ သေဆုံးသွားတဲ့ မိသားစုတွေ နောက်ပျောက်ဆုံးနေသူတွေ၊ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ စသဖြင့် ကျမတို့ စုံစမ်းခဲ့ကြတာပါ။ ဒီလူတွေ ထိခိုက်နစ်နာတာနဲ့ ပတ်သက်လို့ ခံစားနေရတာနဲ့ ပက်သက်လို့ တာဝန်ယူမှုတွေ မတွေ့ရဘူးဆိုတဲ့ဘက်ကိုပဲ ဟိုင်းလိုက်လုပ်ပြီးတော့ ပြောတာပါ။ အစိုးရက တာဝန်ရှိသူတွေ ဒါတွေကို စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီးတော့ တိတိကျကျ စုံစမ်းစစ်ဆေးပြီးတော့ ဥပဒေနဲ့အညီ အရေးယူ ပေးပါဆိုတာမျိုးကို တောင်းဆိုထားပါတယ်။”

AA နဲ့ အစိုးရတပ်ဖွဲ့ကြား စစ်ရေးပဋိပက္ခဘေးဒဏ်သင့် စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ၊ သက်ဆိုင်သူ ကာယကံရှင်တွေကို တွေ့ဆုံမေးမြန်းပြီး သတင်းဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းသက်သေတွေနဲ့ပါ တင်ပြထားတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တာဝန်ယူ တာဝန်ခံပြီး စုံစမ်းဖော်ထုတ်မယ်လို့ ကော်မရှင်အနေနဲ့ မျှော်လင့်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောပါတယ်။

“ဥပဒေနဲ့အညီ လုပ်ပေးဖို့ပေါ့ ၊ သူတို့ရဲ့ ကိုယ်တိုင်ပြောဆိုချက်တွေ ဓါတ်ပုံတွေ ၊ ထွက်ဆိုချက်တွေ ဒါတွေကိုလည်း ကျမတို့ တင်ပြထားပါတယ်။ သူတို့ကိုယ်တိုင် သူတို့ နစ်နာဆုံးရှုံးမှုတွေကို တိုင်ကြားတဲ့ လက်မှတ်ထိုးထားတဲ့ စာရွက်စာတန်းတွေ အကုန်လုံးကို ကျမတို့ တွေ့ရှိချက်တွေ ကို ဒီအထဲမှာ ထည့်ထားပါတယ်။”

တရားဥပဒေစိုးမိုးမှုကင်းပြီး နယ်မြေမတည်ငြိမ်ဖြစ်နေချိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့အပါအဝင် ရခိုင်ဒေသခံတော်တော်များများ ဖမ်းဆီး စစ်ဆေး တရားစွဲခံနေရသလို စစ်ဖြစ်ပွား ချိန် အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာ ရရှိတာတွေ၊ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ပျက်စီး ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်ပွားရာနေရာတွေအထိ ကွင်းဆင်းစုံစမ်းချိန် လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစာမှာဖော်ပြထားပါတယ်။

နှစ်ဘက်အဖွဲ့အစည်းတွေရဲ့ မတူညီတဲ့ သတင်းထုတ်ပြန်ချက်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိတာကို ပြသရာ ရောက်တယ် လို့လည်း ကော်မရှင်ဦးဆောင်သူလည်းဖြစ် ဥပဒေပညာရှင်ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က အခုလိုရှင်းပြပါတယ်။

“ပကတိ မြေပြင်အနေအထားနဲ့ ပကတိတွေ့ကြုံခံစားထိခိုက်နစ်နာရသူတွေကို သွားရောက်တွေ့ဆုံမေးမြန်းတာဆိုတော့ အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းဟာ ပကတိမြေပြင်အနေအထားနဲ့ ကွာဟနေတဲ့ အနေအထားကို ကျမတို့ကိုယ်တိုင်လည်း သိပါတယ်။ ဥပမာအားဖြင့် မြောက်ဦးလိုနေရာမျိုးမှာ ဖြစ်သွားတယ်။ အရပ်သားအသွင်ဆောင်ပြီးတော့ တိုက်ခိုက်တဲ့အတွက် ပြန်လည်တိုက်ခိုက်ရတယ် ဆိုတာ တနေ့လည်းမဟုတ်၊ တညလည်းမဟုတ်ဆိုတော့ မြောက်ဦးမြို့သူမြို့သား ရခိုင်လူမျိုးတွေပြောတဲ့အပြောလောက်မဟုတ်ပဲနဲ့ မြောက်ဦး ကိုရောက်နေတဲ့ ရခိုင်မဟုတ်တဲ့ တခြားလူမျိုးတွေပြောတဲ့၊ ဒေသခံမဟုတ်တဲ့လူတွေရဲ့ ကိုယ်တွေ့ မျက်မြင်တွေကိုလည်း ကျမတို့ စုံစမ်းတဲ့အခါမှာလည်း ကျမတို့ကို ကိုယ်တိုင်ကိုယ်ကျပြောနိုင်တဲ့လူတွေလည်း ရှိပါတယ်။ ဒီလိုအနေအထားတွေကို သတင်းထုတ်ပြန်တဲ့အခါမှာတော့ အရှိတရားနဲ့ လွဲနေတာတွေရှိတယ်ဆိုတော့ တဘက်နဲ့ တဘက်သတင်းထုတ်ပြန်ချက်တွေက ကျမတို့ အမှန်တကယ် တွေ့ကြုံရတဲ့အနေအထားနဲ့ မတူဘူးဆိုတဲ့ သုံးသပ်ချက်ကို အစီရင်ခံစာထဲမှာ ထည့်တာဖြစ်ပါတယ်။”

AA နဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ဖြစ်ပွားရာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်က ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေ အပါအဝင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်ပေါင်း လေးသောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။

ANP စုံစမ်းရေးကော်မရှင်ကို အဲ့ဒီ့အချိန်တုန်းက ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အေးနုစိန်က ဦးဆောင်ပြီး ANP ပါတီဝင် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်အမတ်တွေအပါအဝင် စုစုပေါင်း ၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အခုလို နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်အနေအထားတွေကို ကွင်းဆင်းစုံစမ်းနေချိန်မှာပဲ နိုင်ငံတော်သမ္မတရုံးဘက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့လို့ အစိုးရဖွဲ့ပေးထားတဲ့ကော်မတီဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အမှန်တကယ် လုပ်ဆောင်နိုင်ပါ့မလား၊ ဘာတွေလုပ်ဆောင်ဖို့ ရှိနေသလဲဆိုတာကိုတော့ မေးခွန်းထုတ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG