သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ AA ၅ လအတွင်း ရာနဲ့ချီ တိုက်ပွဲဖြစ်


မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ၅ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုပေါင်း ဒါဇင်နဲ့ချီ ရှိခဲ့ကြောင်း ၂ ဘက်စလုံးက ပြောဆိုလိုက်ကြပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ထိခိုက်မှု အရေအတွက်အပေါ် ကွဲလွဲမှုတွေ ရှိနေပေမဲ့လည်း အရပ်သားတွေ အပါအဝင် ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီနှစ်ပိုင်း (၅) လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြိမ် ထိခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ စာရင်းထုတ်ပြန်လိုက်တာပါ။

တပ်မတော်ကနေ ပြုစုထားတဲ့စာရင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ထုတ်ပြန်တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အရေအတွက်ကိုတော့ တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“အတိုင်ပင်ခံရုံးက သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ကျနော်တို့ ပြောသွားတာ ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်အနေနဲ့ ပြောသွားတဲ့ဟာလည်း ရှိပါတယ်။ စုစုပေါင်း ကျနော်တို့ ထိတွေ့မှု (၂၆၀) ဖြစ်ပွားခဲ့ပါ တယ်။ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာကတော့ ဖေါ်ထုတ်ရရှိတာကတော့ အားလုံးပေါင်း (၂၁) ခုရှိပါတယ်။ AA ဘက် ကထိခိုက်မှုကတော့ ကျနော်တို့ အလောင်းရတာကတော့ (၈၁)ခုရှိပါတယ်ခင်ဗျ။ ဖမ်းဆီးရမိတာ (၄၈)ယောက် ရှိပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုစာရင်းကိုတော့ ကျနော်ထုတ်ပြန်မပေးနိုင်သေးဘူး ခင်ဗျ။”

နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ထုတ်ပြန်တဲ့ စာရင်းအရ ရဲတပ်ဖွဲ့ဝင်ဘက်က ကျဆုံး (၃၁) ဦး ထိခိုက်ဒဏ်ရာရ (၃၂) ဦး။ အရပ်သား (၂ဝ) ဦး သေဆုံးပြီး (၄၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ တပ်မတော်ဘက်က ထိခိုက်မှုကို ထုတ်ပြန်ချက်ထဲမှာ မထည့်ထားသလို တပ်မတော်ဘက်ကလည်း ပြောဆိုခြင်း မရှိခဲ့ပါဘူး။

၂ ဘက် ဖြစ်ပွားတဲ့ တိုက်ပွဲအရေအတွက်ဟာ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းထက်များပြားနေပြီး တပ်မတော်ဘက်က ထိခိုက်မှု ပိုမိုများပြားတယ်လို့ ရခိုင်တပ်တော်ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“တလပိုင်းကနေ (၅) လပိုင်းဆိုတော့ အများကြီးပေါ့ဗျာ သူတို့ဘက်က ကျနော်ထင်ပါတယ်။ ခန့်မှန်းခြေကတော့ အနည်းဆုံး (၁,၅၀၀) အထက်လောက်တော့ ရှိမယ်။ မေလအတွင်း ကျဆုံးမှုက သူတို့ (၂၀၀) ကျော် (၃၀၀) နီးပါးလောက် ရှိသွားပြီ။ တိုက်ပွဲကြီးတိုက်ပွဲငယ်အကုန်လုံး (၄၀၀) ကျော်ပြီး။”

မနေ့ကလည်း ကျောက်တော်မြို့နယ်ဘက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ ယိုးတရုတ်ဘက်မှာ ဖြစ်တာတွေရှိတယ်။ ပြီးရင်ကျနော်တို့ကကျောက်တော်ရဲ့ မြောက်ဘက်မှာပေါ့။ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တာတွေ ရှိတယ်။ အဲဒီတိုက်ပွဲက AA ဘက်က ကျနော်တို့ အလောင်း (၂) လောင်းရတယ်။ RPG တလက် ရတယ်။ ပြီးရင် လက်နက်ငယ်တလက်ရတယ်။ ကျနော်တို့ဘက်ကလည်း စစ်သည်တယောက် ဒဏ်ရာရတာ ရှိတယ်။”

မနေ့ကလည်း ကျောက်တော်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ခိုင်သုခကပြောပါတယ်။

တပ်မတော်နဲ့ ရခိုင် AA အဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်မှုတွေရှိနေသလို တဘက်မှာလည်း AA နဲ့ပက်သက်နေတယ်ဆိုပြီး တပ်မတော်ဘက်က ဖမ်းဆီးအရေးယူမှုတွေလည်း ပိုမိုများပြားလာနေပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်တုန်းက မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား (၂) ဦး သေဆုံးခဲ့သလို တပ်မတော်ဘက်ကနေ ရွာသားတွေကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ရွာသား (၅) ဦးဟာ လက်ရှိစစ်တွေအမှတ် (၁) ရဲစခန်းမှာ ဖမ်းစီးချုပ်နှောင်ထားပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀ (ဈ)နဲ့ အမှုဖွင့်ထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူ (၅) ဦးအထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့သူတွေလည်း ရှိနေတယ်လို့ မနေ့က စစ်တွေရဲစခန်းမှာ သွားရောက်ကြည့်ရှု့ခဲ့တဲ့ အောက်သကန်ရွာသားတဦးက ပြောပါတယ်။

“မနေ့က စစ်တွေရဲစခန်းမှာတော့ တွေ့ခွင့်တော့ ရခဲ့ပါတယ်။ ဒါပေမဲ့လို့ ရုံးချိန်းရက်တွေကိုကျနော်တို့က မသိရပါဘူး။ ကျနော်တို့ မေးလည်းမသိရပါဘူး။ ဖမ်းသွားတုန်းက နှိပ်စက်ခံရတာတော့ ရှိပါတယ်။ သေနတ်ဘောင်တွေနဲ့ ရိုက်ပြီးတော့ ကြိုးကိုနောက်ကျောချည်ပြီးတော့ ခေါ်သွားပါတယ်။ ရဲစခန်းရောက်တော့ အရိုက်ခံရတာလည်း နည်းနည်းပါးပါး ရှိတယ်လို့ ပြောပါတယ်။ အကျဉ်းသားတွေက ဓါတ်မှန်တောင် ၂ ယောက်၊ ၃ ယောက်လောက် ရိုက်ရမယ့် အနေအထားရှိတယ်လို့ ပြောပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေကလည်း ၁ ယောက်၊ ၂ ယောက် ရှိပါတယ်။”

အဖမ်းခံရတဲ့ အောက်သကန်သား (၅) ဦးဟာ AA အဖွဲ့နဲ့ ပတ်သက်သူမဟုတ်လို့ အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတဦးကိုလည်း တပ်မတော်ဘက်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ထိန်းသိမ်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တပ်မတော်ကနေ ၄ လတာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးမှု၊ ဒဏ်ရာရမှု၊ သံသယနဲ့ ဖမ်းဆီးချုပ်နှောင်မှုနဲ့ နေရပ်စွန့်ခွာမှုတွေဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်မြို့နယ် (၆) မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ရှောင်ဦးရေ (၃၃,၀၀၀) ကျော်ရှိနေတယ်လို့ အစိုးရက ထုတ်ပြန်ထားသလို ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေ ကောက်ယူထားတဲ့ စာရင်းအရ (၄၀,၀၀၀) ကျော်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG