သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်ရှောင်စခန်းတွေမှာ မိုးတွင်းကာလ အခက်ကြုံ


ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)
ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ မိုးတွင်းကာလရောက်နေပြီး ဖြစ်သလို စားသောက်နေထိုင်ရေးနဲ့ ကလေးတွေ ပညာသင်ကြားရေးတွေမှာ အခက်ခဲတွေနဲ့ တွေ့ကြုံနေရတာပါ။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒုက္ခသည် ကူညီစောင့် ရှောက်ရေး စခန်းတည်ဆောက်ပေးဖို့ စီစဉ်နေတယ်ဆိုပေမဲ့ လက်ရှိအကောင်အထည် မဖေါ်နိုင်သေးသလို နေထိုင်ရေးတွေမှာပါ အခက်ခဲရှိနေတယ်လို့ အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ စစ်ရှောင်စခန်းက ကလေးတွေ ပညာသင်ကြားရေး အပိုင်းမှာ နီးစပ်ရာ ကျောင်းတွေမှာ အပ်နှံဖို့ ပညာရေးဌာနကနေ စီစဉ်ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ စားဝတ်နေထိုင်ရေး အခက်တွေနဲ့ ကြုံနေရတယ်လို့ လူမှုအကူညီပေးရေးအဖွဲ့ဝင် ကိုဘက္ကာက အခုလိုပြောပါတယ်။

“အခုတော့ မိုးရာသီလည်း ဝင်နေပြီးဆိုတော့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့က ကျနော်တို့ နွေရာသီထက် အခက်ခဲ အကြပ်အတည်းတွေ ဖြစ်နေတယ်။ စစ်ရှောင်စခန်းလေ မြို့ပေါ်မှာတော့ (၄) နေရာ ရှိနေတယ်။ မြို့ပေါ်မှာ သက်သက်။ နယ် မှာဆိုတော့ (၁၀) ကျော်လောက် ရှိနေတယ်။ အိုးဖေါက်တို့ ဆင်ခုန်းတိုင်တို့ ပဲသဒူတို့ ခန့်မှန်းခြေ ၃၊ ၄ ထောင်တော့ ရှိနိုင်တယ်။ ကျနော်တို့မြို့ပေါ်မှာ သက်သက် (၉၀၀) ကျော်ပြီ။”

မေလ နောက်ဆုံးအပါတ်ဟာ ကျောင်းနေ ကလေးတွေ ကျောင်းအပ်နှံရမယ့် အချိန်လည်း ဖြစ်ပါတယ်။ စစ်ရှောင်စခန်းတွေမှာ ရှိနေတဲ့ ကလေးတွေ ကျောင်းအပ်နှံရေးမှာ အခုထိ မပြေလည်သေးဘူးလို့ ကိုဘက္ကာကပဲ ဆက်ပြောပါတယ်။

“ကလေးတွေကိုဒီမှာ ကျောင်းထားပေးမယ်။ ကျောင်းတက်လို့ ရအောင်။ ဒီမှာ ကလေးတွေ မတက်ချင်တဲ့သူတွေ များတယ်။ မသေချာသေးဘူး ကျောင်းထားပေးမှာကလည်း အခုဆိုရင်။ ကလေးတွေက ရွာမှာပဲ တက်ချင်တယ်။ ရွာမှာပဲ နေချင်တယ်။ ရွာကိုလည်း ပြန်လို့မရ။ ကျောင်းနေအရွယ်ကလေးတွေက များတယ်။ ခန့်မှန်းခြေကျောင်းနေ (၂၀၀၀) နီးပါးလောက်ရှိမယ်။”

ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်စခန်းနေ ကလေးတွေအနေနဲ့ နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းအပ်နှံနိုင်ကြောင်း ဒီကနေ့မှာ ပြည်နယ်ပညာရေးမှူး မြို့နယ်ပညာရေးမှူးတွေနဲ့ တွေ့ဆုံစဉ်ညှိနှိုင်းထားကြောင်း ကျောက်တော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။

“ပညာရေးဌာနနဲ့ ကျနော်တို့ ညှိနှိုင်းထားတာ ရှိတယ်။ ပညာရေးဌာနနဲ့ ညှိပြီးမှ အဲဒီကလေးတွေအားလုံးကို နီးစပ်ရာ ကျောင်းတွေမှာ ကလေးတွေကို လက်ခံဖို့ ကိစ္စလေ။ အဲတာ လုပ်ထားတာ ရှိတယ်။ ဒီနေ့မနက်ပဲ ပြည်နယ်ပညာရေးမှူးနဲ့ တွေ့တယ်။ မြို့နယ် ပညာရေးမှူးတွေနဲ့ တွေ့တယ်။ တကယ်လို့ အဆောက်အဦးတွေက အစပေါ့ မလုံလောက်ဘူးဆိုလို့ရှိရင် ယာယီအဆောက်အဦတွေ လုပ်ပေးဖို့က ပြည်နယ်ပညာရေးက စီမံပေးမယ်လို့ ပြောတယ်။”

ရခိုင်ပြည်နယ် အစိုးရအနေနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့သူတွေအတွက် ရသေ့တောင်မြို့နယ်မှာ သောင်းဒရားနဲ့ ရွာသစ်ကေရွာ၊ မြောက်ဦးမြို့နယ်မှာ တိမ်ညိုနဲ့ ဓမ္မာရာဇ်ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အထက်မြတ်လှဲနဲ့ သာစည်၊ ရွာမင်းပြားမြို့နယ်မှာ နဒင်ရွာ၊ ဘူးသီးတောင်မြို့နယ်မှာ မြောင်းနားနဲ့ အထက်ကျွဲချိုမော်ရွာတို့မှာ စစ်ဘေးရှောင် စခန်းတွေကို တည်ဆောက်ပေးဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ စစ်ဘေးရှောင်စခန်း (၄၀) ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်အတွင်းမှာတော့ စစ်ရှောင်စခန်း တည်ဆောက်ရေးမှာ လက်ရှိအကောင်အထည် မဖေါ်နိုင်သေးသလို စစ်ရှောင်တွေ စားဝတ်နေရေးအခက်ခဲ ရှိနေတယ်လို့ အရေးပေါ် ကူညီပေးရေး အဖွဲ့ဝင် ကိုထွန်းနီဝင်းက ပြောပါတယ်။

“ပြည်နယ်အစိုးရအနေနဲ့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးစခန်း ဖွင့်မယ်လို့တော့ ကျနော်တို့ကို ပြောတာတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ ဘယ်အချိန် အကောင်အထည် ဖေါ်မယ်ဆိုတာတော့ တိတိကျကျ မသိသေးဘူး။ လောလောဆယ် မနက်ကတော့ စခန်း (၂) ခုက ကျနော်တို့ကို ဖုန်းဆက်တယ်။ စားရေးသောက်ရေး အခြေအနေ မကောင်းဘူး။ သူတို့မှာဆန် ပြတ်လပ်နေတဲ့ အနေအထားရှိတယ်လို့တော့ ဖုန်းဆက်ပြီးတော့... ဆိုတော့ မိုးတွင်းကာလဆိုတော့ ဒီလိုပဲ အခက်ခဲရှိနိုင်တဲ့ အနေအထားရှိတယ်။”

မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၁၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာလည်း စစ်ရှောင်ရွာ (၅) ရွာအပြင် တပ်မတော်နဲ့ ရခိုင်လက်နက် AA အဖွဲ့တို့ တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ ရွာတွေ အများအပြား ရှိနေပါတယ်။ အစိုးရကနေ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးစခန်း ဆောက်ပေးဖို့ အစီစဉ်မရှိတဲ့အပေါ် ကျောက်တော်ကူညီရေးအဖွဲ့ဝင် လူထုဇော်ဝင်းက အခုလိုပြောပါတယ်။

“စစ်ဘေးရှောင်တွေအတွက် အစိုးရက အဆောက်အဦးတွေ ဆောက်ဖို့စီစဉ်နေတယ်လို့ ကြားတယ်။ ကျနော်တို့ ကျောက်တော်မြို့နယ်မှာ မကြားမိဘူး။ ကျောက်တော်မြို့နယ်က စစ်ရှောင်တွေ နေစရာမရှိဘူး။ စားစရာလည်း မရှိဘူး။ နေရာက (၄) နေရာပေါ့။ အရေအတွက်ကို (၃၀၀၀) ဝန်းကျင်လောက် ရှိတယ်။ တခြားစစ်ရှောင်မဟုတ်တဲ့ လူတွေလည်း လယ်ယာလည်းပဲ မလုပ်နိုင်ဘူး။ လယ်ယာထွန်ယက်ခွင့် တော်တော်လေးကို အခက်ခဲဖြစ်နေတယ်။

ကျောက်တော်မြို့နယ်မှာ ကန်စောက်၊ တောင်မင်းကုလား၊ မဟာမုနိအနီးက ညောင်ချောက်၊ ဝါးတောင်စတဲ့ စစ်ရှောင် စခန်း (၄) ခုရှိနေပြီး မကြာခင်ရက်ပိုင်းကပဲ ကျားနင်းကန်ကျေးရွာဘက်ကို စစ်ရှောင်တွေထပ်မံ ရောက်ရှိနေတယ်လို့ လူထုဇော်ဝင်းက ပြောပါတယ်။

စစ်ရှောင်စခန်းနေ ဒုက္ခသည်တွေကို ဒေသခံ လူမှုအဖွဲ့အစည်းတွေကနေ ကူညီမှုတွေ ပေးဆောင်နေပြီး အစိုးရပိုင်းကနေ ကူညီမှု အားနည်းနေတယ်လို့ ဒုက္ခသည် ကော်မီတီတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဒီနှစ်စပိုင်းကနေ အခုမေလအထိ မြန်နာစစ်တပ်နဲ့ ရခိုင် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်မြို့နယ် (၆) မြို့နယ်က ကျေးရွာသား (၄၀၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရသလို စားသောက် နေထိုင်ရေးမှာလည်း အခက်ခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ရခိုင့်တပ်မတော် တည်ရှိနေမှုကို မြန်မာ့တပ်မတော်ကနေ လက်မခံနိုင်တဲ့ အခြေအနေကြောင့် ရှေ့ဆက် စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာနိုင်မယ်လို့လည်း စစ်ရေးအကဲခတ်သူတွေက သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG