သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုင်းရင်းသား လူငယ် ၂ ဦး ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံရ


ကချင် လူငယ် ၂ ဦး ငြိမ်းစုစီပုဒ်မနှင့် စွဲဆိုခံရတာကို ဆန္ဒပြစဉ်
ကချင် လူငယ် ၂ ဦး ငြိမ်းစုစီပုဒ်မနှင့် စွဲဆိုခံရတာကို ဆန္ဒပြစဉ်

ကချင်ပြည်နယ်မှာ စစ်ရပ်စဲရေးနဲ့ စစ်ရှောင်ဒုက္ခသည်တွေအရေး သရုပ်ဖော်တင်ဆက်ခဲ့ကြတဲ့ ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ လူငယ် ၂ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ပုဒ်မ ၁၉နဲ့ ဒီနေ့ပဲ တရားစွဲဆို လိုက်ပါတယ်။ တကျော့ပြန် စစ်ပွဲတွေ ရပ်ဆိုင်းရေး တောင်းဆိုရင်း အရေးယူခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတဲ့ လူငယ်တွေကိုတော့ ဒီကနေ့ တရားရုံးမှာ ဒေသခံ ကချင်တက်ကြွလှုပ်ရှားသူတွေကလည်း အားပေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာပါ။

မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီး တိုက်ပွဲတွေ တကျော့ပြန် ကြီးထားခဲ့တဲ့ ၈ နှစ်ပြည့်အဖြစ်၊ တနင်္ဂနွေနေ့တုန်းက မြစ်ကြီးနားမြို့မှာ စစ်ရပ်စဲရေးနဲ့ စစ်ရှောင် ဒုက္ခသည်တွေအရေး သရုပ်ဖော် တင်ဆက်ခဲ့ကြသူတွေကို ဦးဆောင်ခဲ့တဲ့ ကို ပေါလု နဲ့ ကချင်အမျိုးသမီး ဆိုင်းနူးပန် တို့ကို ရဲတပ်ဖွဲ့က တရားစွဲလိုက်တာပါ။ ငြိမ်းစုစီ ပုဒ်မ (၁၉)နဲ့ မြစ်ကြီးနားရဲစခန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းလည်း ကိုယ်တိုင် တရားစွဲဆိုခံရတဲ့ ကချင်အမျိုးသမီး ဆိုင်းနူးပန် ကပြောပါတယ်။

“ မနေ့ညက ကိုပေါလု နဲ့ ကျမ တို့ကို ရဲစခန်းကနေ သူတို့အမှုစွဲထားတယ်ဆိုပြီးမှ ကျမတို့ကိုလာတိုင်ပင်ခိုင်းပါတယ်။ ကျမတို့ဘက်ကလည်း တာဝန်ရှိတဲ့အတွက်ကြောင့်သွားတယ် ပြီးတော့ ပုဒ်မ (၁၉) ငြိမ်းစုစီနဲ့ တရားစွဲထားတယ်ဆိုတာ ပြန်ပြောပြပါတယ်။ ဒီနေ့မနက်ကတော့မြို့နယ်ရဲစခန်းမှူးကနေ တရားလိုလုပ်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲတယ်ပေါ့နော်။ ကျမတို့ဘက်ကနေတော့ တရားသူကြီးက အပြစ်ရှိလား ဆိုတာကို အပြစ်မရှိဘူးလို့ ထုချေတယ်ပေါ့ ။ လာမယ့် ၁၉ ရက်နေ့မှာ တရားလိုဘက်ကနေပြီးတော့ ထွက်ပြီးမှ ထုချေခွင့်ရှိတယ်ပေါ့နော်။”

ရဲစခန်းကိုသွားရောက်ချိန်ရော တရားခွင်ကို လာရောက်ချိန် ကချင်ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေက လာရောက် အားပေးခဲ့ကြပါတယ်။ တရားစွဲခံ ကချင်လူငယ်တွေကတော့ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ကြပြီး အမှုကို ရင်ဆိုင်သွားမယ်လို့လည်း ဆိုင်းနူးပန် ပြောပါတယ်။

“ကျမတို့ကတော့ ခုခံချေပသွားဖို့တော့ အကုန်လုံးစီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ရဲစခန်းဘက်က ငြိမ်းစုစီနဲ့ စွဲလိုမရတဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် သူတို့က မရရအောင်စွဲတဲ့ပုံစံဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်လ ၇ ရက်နေ့မှာ ကို ပေါလု ရယ် ကျမရယ်သွားပြီးတော့ ရဲစခန်းမှာ ခွင့်ပြုမိန့်သွားတင်တယ်။ ဒီကိစ္စက နှစ်တိုင်းပြုလုပ်နေကြဆိုတော့ ဒါက အထိမ်းအမှတ်ပွဲဆိုတော့ နှစ်တိုင်းလည်း ကျမတို့ တင်တာကို ကျမတို့ပြောခဲ့တယ်။ ဒါကို ငြိမ်းစုစီနဲ့ ဘာလို့စွဲတာလဲ။ ပြည်သူလူထုတွေအားလုံးသိအောင်လို့ ပြောပြသလောက်ပဲရှိတယ် ဘာမှ ပုန်ကန်လောက်တဲ့အထိ ဘာမှမဖြစ်ဘူး။ အဲဒါကို ငြိမ်းစုစီနဲ့ ကျမတို့ကို တရားစွဲတယ်ဆိုတာက ဒီမိုကရေစီလို့ အော်နေတဲ့ မြန်မာအစိုးရက ပြည်သူလူထုနဲ့ ရဲကို ပိုပြီးမှ ကင်းကွာအောင်လုပ်နေတာလားဆိုတာ ကျမတို့ဆီမှာ မေးခွန်းတော့ အများကြီးရှိတာပေါ့နော်။”

အလားတူ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ အဆုံးသတ်ရေးနဲ့ စစ်ရှောင် ဒုက္ခသည်တွေအရေး တောင်းဆိုလှုပ်ရှားရင်း ဖမ်းဆီးထောင်ချခံခဲ့ရာက၊ မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ ကချင်လူငယ် ကို လွမ်းဇောင်း ကလည်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုတွေကို လေးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

“အဓိကတော့ ကျနော်တု့ိက ပြည်သူတွေ စစ်ပွဲဒုက္ခသည်တွေရဲ့ အခြေအနေမှန်ကို ငြိမ်းချမ်းစွာ စစ်ရှောင်လူငယ်တွေကနေ အနှပညာ ပါပါနဲ့ လုပ်ဆောင်တာပါ။ ဆိုတော့ ဒီမိုကရက်တစ် transition ကိုသွားနေတာဆိုတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုထဲမှာ ဒီလိုမျိုး လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကို ဒီလိုမျိုး ဥပဒေအကန့်အသတ်နဲ့လုပ်ပြီးမှ ၊ ထိန်းချုပ်ပြီး အမြဲဒီလိုမျိုး အရေးယူဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒါက တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက်က လက္ခဏာကောင်းမဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး လုပ်ရင် ဒီလိုအရေးယူလုပ်ဆောင်တာက ကျနော်တို့ ထုတ်ဖော်ပြောဆိုမှုတွေ ပိုပြီးလုပ်ဆောင်လာမှာဖြစ်ပါတယ်လို့ ကျနော်တွေ့ရတယ်။ ကျနော်တို့လည်း ဒီလိုလုပ်ဆောင်တာကို ကျနော်တို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်တာပေါ့နော်”

ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန်မှာတော့ နိုင်ငံတကာရောက်ကချင်တွေဘက်ကလည်း အရေးပေါ်ထုတ်ပြန်တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့သလို ကချင်ပြည်နယ်အပါအဝင် ရန်ကုန်မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ နဲ့ စစ်မီးငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အဓိက ကချင်စစ်ရှောင်ပြည်သူတွေဘက်က စစ်ရှောင်စခန်းတွင်း အရမ်းကိုအခက်အခဲဖြစ်နေတဲ့ စားဝတ်နေရေး အသက်ရှင်နေထိုင်နိုင်ရေး လူသားချင်းစာနာမှုအကူညီတွေ တားမြစ်ပိတ်ပင်မှုမရှိပဲ ရရှိရေး၊ နေရပ်ရင်းတွေကို လူ့ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးနဲ့ ကချင်စစ်မီးငြိမ်းအောင် ဆောင်ရွက်ပေးဖို့ NLD အရပ်သားအစိုးရကို တောင်းဆိုသလို တပ်မတော်ကိုလည်း ထိုးစစ်တွေရပ်ပေးပါလို့ ၈နှစ်ပြည့်ချိန် ကချင်စစ်ရှောင်ပြည်သူတွေနဲ့လူငယ်တွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG